ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ)
မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁)
---------------
"တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိဏ်သူဌေးကြီးသည်၊ ဧကဒိဝသမ္ပိ - တစ်နေ့မျှလည်း၊သတ္ထာ - မြတ်စွာ ဘုရားကို၊ ပဥှံ - အမေးပြဿနာကို၊ န ပုစ္ဆိတဗ္ဗော - ရှေး၌ မမေးအပ်ဘူးပြီ၊"
အထက်ပါ ပါဠိအနက်ပေးသံတို့သည် ပထမတန်းရှေ့ပိုင်း စာသင်သား ကိုရင်များ ဓမ္မပဒစာဝါ တက်၍ ပြန်လာပြီး ကျောင်းရှေ့ သစ်ပင်များအောက်ရှိ ကွပ်ပျစ်ပေါ်တွင် လေးငါးပါးစုလျက် အနက်လှည့်ကြရာမှ ထွက်ပေါ် လာသော အသံများဖြစ်ကြသည်။
မဟာဂန္ဓာရုံကျောင်းတိုက်မှ နာမည်ကြီး သာမဏေကျော်စာမေးပွဲသို့ ဝင်ရောက်လိုသည့် ကိုရင်ငယ်များသည် ရှေဦးစွာ ခြောက်လတစ်ကြိမ်ကျင်းပသော ကျောင်းတွင်းစာမေးပွဲသုံးခုကို တနှစ်ခွဲကြာ အချိန်ပေး၍ ဖြေဆိုကြရသည်။ ကျောင်းတော်သို့ စရောက်လာသည့် ပညာရှင်လောင်း (စာမေးပွဲသမားလောင်း) လေးများကို ဤတစ်နှစ်ခွဲကာလ ( ၁၈-လ) မျှ ဆရာတော်ကြီး၏ သင်နည်းစနစ်ဖြင့် သေသေချာချာရင်းနှီးမြုတ်နှံပေးနိုင်ပါက
သာမဏေကျော်အပင်၊ အဘိဝံသအပင်၊ ဓမ္မာစရိယအပင်၊ ပထမကျော်အပင်၊ အဂ္ဂမဟာအကျော်အပင်၊ ဓမ္မကထိကအပင်၊ ဂန္ထကာရကအပင် စသော ပညာဖြင့်ပျိုးထောင်ရသော အပင်ကြီးအပင်ကောင်းများ ဖြစ်ထွန်းစေနိုင်သော အခြေခံကောင်းများကို လုံလုံလောက်လောက် ရရှိစေမည်ဖြစ်သည်။ ဤသို့ သင်ယူနေသော တနှစ်ခွဲကာလကို စာမေးပွဲပြဌာန်းစာတွေ မသင်ပဲ အချိန်ဖြုန်းနေခြင်း-ဟု မထင်မိဖို့အရေးကြီးသည်။
မြေပေါ်တွင် အထပ်ပေါင်းများစွာ တည်ဆောက်နိုင်ဖို့အတွက် မြေအောက်တွင် ဖောင်ဒေးရှင်းခိုင်မာဖို့လိုသည်။ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်ခြင်းသည် နည်းစနစ်ကောင်းမွန် မှန်ကန်ပါက တကယ့်လက်တွေ့ပွဲတွင် သွက်လက် သက်သာစွာ အောင်မြင်မှုကိုရရှိစေနိုင်သည်။
နှစ်ဦးပိုင်းတွင် ရောက်ရှိလာသော စာသင်သားငယ်ကို နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပထမပြန်စာမေးပွဲ၊ မူလတန်းသို့ တစ်နှစ်ကြီးများတောင် အချိန်ရတယ် ဆိုပြီး ဝင်ရောက်ဖြေဆိုခိုင်းခြင်းကို လုံးဝ မပြုလုပ်မိဖို့ အထူးသတိထားရပါမည်။
သာမဏေပထမဆင့်လို စာမေးပွဲမျိုးဆိုလျှင် ပိုလို့ပင် မဝင်စေသင့်သေးပါ။ တနှစ်ဆိုလဲ တနှစ်ပဲ၊အောင်ရင် အမြတ်၊ မအောင်ရင်လဲ နောက်နှစ်ကျ စာကျေတာပေါ့ ဟု မတွေးသင့်ပါ။
အစိုးရမူလတန်းကို ပုစ္ဆာကိုက လွယ်လွန်း(ညှာထား)သောကြောင့် အောင်ကောင်းအောင်နိုင်သော်လည်း အခြေမပါပဲ အောင်သောကြောင့် နောက်အတန်းတွေ အခက်တွေ့နိုင်သည်။
လောလော လောလောနှင့် ပထမဆင့်ကို အတင်းဝင်ရောက်စေခြင်းသည် လူနှင့်စာ (ပညာ) နှင့် မမျှသဖြင့် ဖိတ်တစ်ဝက် စင်တစ်ဝက် ဖြစ်ပြီး ရှေ့လဲမဆက်နိုင် နောက်လဲ (အခြေခံတန်းသမားတွေနှင့် တွဲလျက်) ပြန်မသင်ချင် ဖြစ်ကာ စာမေးပွဲလောကတွင် ရေတိမ်နစ် သွားနိုင်သည်။
အခုတင်ပြပြီးခဲ့သမျှတွင် ဆရာတော်ကြီး စီစဉ်ခဲ့သော သုံးတန်းစာ သင်ရိုးများ၊ ထိုသင်ရိုးများ၏ တန်ဖိုးများ၊ မပါဝင်သေးပါ။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ထိုသင်ရိုးများနှင့် အကျိုးကျေးဇူးများကို တဇွန်းတစ်စမျှ မရေးသေးပဲ တစ်နှစ်ခွဲမျှ ရင်းနှီးမြုပ်နှံဖို့ကိုသာ ရေးနေခြင်းသည် ထိုတနှစ်ခွဲကြီးကို နှမြောပြီး အခြားနည်းဖြင့် စာသင်သားငယ်ကို ပုံဖေါ်မိသွားမှာ စိုးသောကြောင့်ပင်ဖြစ်ရာ ဤအပိုင်းရေးမပြီးမချင်း ထို "တနှစ်ခွဲ ရင်းနှီးမြုတ်နှံရေး" ကိုသာ ရေးကြီးခွင်ကျယ်လုပ်ပြီး ဂျာအေးကို သူ့မေရိုက်နေပါဦးမည်။
မိမိ စာသင်တိုက်ရောက်စ ၁၃၃၇ - ခုနှစ်ဝန်ကျင်းတွင် ဤတစ်နှစ်ခွဲ အခြေခံ သင်ကြားရေး ယန္တယားကြီး အရှိန်အဟုန် ကောင်းနေဆဲဖြစ်၍ မိမိ၏ စာသင်သားဘဝ အစလှခဲ့ပါသည်။ အစကောင်းခဲ့၍ အနှောင်းကာလမှာ အောင်သင့်အောင်ထိုက်သောစာမေးပွဲများ အောင်မြင်ခဲ့ပါသည်။
မိမိစာသင်တိုက် စတင်တည်ထောင်သောအခါမှာလည်း ကျောက်ဆည်မှနေ၍ တိုက်မကြီးသို့ ထိုအခြေခံတန်းများကို ဝင်ရောက်ဖြေဆိုစေပါသည်။ ထိုစဉ်က အခြားတိုက်ခွဲများမှ လာရောက် ဖြေဆိုကြသည်ကိုလည်း တွေ့ရသည်။ ဤ တစ်နှစ်ခွဲယန္တယားသည် တိုက်မကြီးတွင် အသစ်ရောက်လာသော စာသင်သားငယ် အဖြူထည်တို့အတွက် အလွန် "ဖစ်ဆိုက်"ကျသောယန္တယား ဖြစ်သည်။
ဖစ်ဆိုက် မဖြစ်၍ အနည်းငယ် ပြုပြင်ပြီးမှ တပ်ဆင်ပေးရသော စာသင်သား တစ်ဦးတော့ ထူးထူးခြားခြားရှိခဲ့ဖူးသည်၊ ဒုတိယမဟာဂန္ဓာရုံဆရာတော်ကြီး (ဘုန်းကြီး ဦးစန္ဒော) လက်ထက်တွင်ဖြစ်သည်။
ယခုအခါ ရွှေပါရမီဆရာတော်အဖြစ် ထင်ရှားတော်မူသော အရှင်ဆန္ဒာဓိက လောင်းလျာသည် ဆယ်တန်းတွင် ခြောက်ဘာသာဂုဏ်ထူး (အောဒီ၊ တစ်နိုင်လုံး ဒုတိယ) ဖြင့် အောင်သည်ဟု သိပြီးမှ ရောက်လာသော စာသင်သားသစ်ဖြစ်၍ အခြေခံတစ်နှစ်ခွဲ ယန္တယားနှင့် အံမဝင် ခွင်မကျပဲ ရှိနေပါသည်။ သာမဏေသက်တန်းသုံးနှစ်မျှသာရတော့၍ အခြေခံအတွက် တစ်နှစ်ခွဲ ရင်းလိုက်လျှင် သကျသီဟတတိယဆင့် ဖြေခွင့် ရတော့မည်မဟုတ်ပေ။ (မန္တလေးအသင်းကြီးက ဝင်ခွင့်ဖောင်များကို စိစစ်ရာတွင် ပထမဆင့်ဖြစ်လျှင် အသက်(၁၂)ပြည့်? မပြည့်?၊ တတိယဆင့်ဖြစ် လျှင် အသက်(၂၀) ကျော်? မကျော်ကို ဂရုစိုက် စစ်လေ့ရှိသည်ဟုကြားဖူးသည်)
ဉာဏ်အလွန်ကောင်းသူဖြစ်၍ ပထမဆင့်ကို တန်းဖြေစေပါက ဆရာတော်ကြီး၏ ကောင်းမွန်ခိုင်မာသော အခြေခံသင်ရိုးကို တောက်မည့်မီးခဲ တရဲရဲလေးနှင့် လွဲစေရာ ကျသွားမည်။
ဤအရေး၌ ဒုတိယမဟာဂန္ဓာရုံဆရာတော်ကြီး၏ အမြှော်အမြင်ကြီးမားမှု အံဝင်ခွင်ကျဖြစ်အောင် စီမံနိုင်မှုဟာ သမိုင်းတင်စရာကောင်းလောက်အောင် အံ့ဩ ချီးကျူးထိုက်ပါပေသည်။
အတန်းပညာ မပါခဲ့သော သာမန်ကိုရင်သစ်များထက်စာရင် ဆယ်တန်းကို ဂုဏ်ထူးနှင့် ပြီးထာသူဖြစ်၍ အခြားသူများနှစ်ချီ သို့မဟုတ် သုံးချီ ခွဲဖြေရသောစာမေးပွဲကို တစ်ချီတည်းနှင့် ဖြေနိုင်စွမ်းရှိလျှင် ဖြေဆိုခွင့်ပြုသည်။ ပုစ္ဆကများက ၎င်းအတွက် မေးခွန်သစ်ထုတ် ပေးပြီး နောက်ရက်များတွင် ဆက်လက်ဖြေနိုင်ရန် စီ မံပေးကြရမည်။ ဤသို့အားဖြင့် စာမေးပွဲများကို အချိန်ကြော ရှုံ့ပေးတော်မူခဲ့ဖူးသည်။
မူလတန်းကိုသာ ဖြေ၊ ကျန်တဲ့နှစ်တန်းကို မဖြေနှင့်ဟု သင်ရိုးကို ချုံ့တော်မမူခဲ့သည်ကို သတိပြုမိပါက ပထမဆရာတော် တီထွင်ချမှတ်ခဲ့သည် (သင်ရိုး) ကို ဒုတိယဆရာတော်က အထိအခိုက်အပွန်းအပဲ့မခံပဲ (ငါ့လက်ထက် ငါလုပ်ချင်သလို လုပ်မည်စိတ်မမွေးပဲ) တဖက်က အလားအလာကောင်းသူ၏ အညွှန့်ကိုလဲ မတုန်းစေပဲ စီမံနိုင်ခဲ့သည်မှာ အဟော ဝတ ဩော် ကြည်ညိုဘွယ်ကောင်းပါပေစွ။
ဤအစီအမံကြောင့် ကိုရင်ဆန္ဒာဓိကသည် အခြေခံ မလွတ်စေပဲ လက်ကျန်သုံးနှစ်တွင် သကျသီဟ ပ,ဒု,တ,ဆင့်တို့ကို ဖြေဆိုခွင့်ရသွားခဲ့သည်။ (ဉာဏ်ကောင်းသလောက် ကံကောင်း မထောက်သဖြင့် တတိယဆင့်ကိုမူ မအောင်မြင်ပဲ ရဟန်းဘောင် တက်ရောက်သွားခဲ့ရပါသည်။)
ဤသို့အားဖြင့် အလွန်ဉာဏ်ကောင်းသူပင် သင်ယူရင်းနှီးထိုက်သော ဒုတိယ မဟာဂန္ဓာရုံဆရာတော်ကြီးသည်ပင် အစဉ်အလာ မဖျက်ပဲ ထိန်းသိမ်းခဲ့သော ဤ တနှစ်ခွဲ ရင်းနှီးမြုတ်နှံမှုကြီးမှာ စာသင်သားသစ်များအတွက် အလွန်အကျိုးရှိကြောင်း သိရှိစေချင်ပါသည်။
ဤရေးသားမှုကြောင့် ကောင်းမွန်သော ပညာရေးလမ်းကြောင်း၏ အစပထမသည် တနှစ်ခွဲကြာ ရင်းနှီးမြုတ်နှံ မှုပင် ဖြစ်သည်ဟု သဘောပေါက်သွားသည်ထက် ပို၍ပို၍ သဘောပေါက်စေနိုင်သော အရေးအသားများသည် မိမိထက် ရေးစွမ်းနိုင်သူတို့က ရေးတင်ကြသဖြင့် တစ်စောင်မက နှစ်စောင်မက ရာထောင်မျှ နောက်ထပ်နောက်ထပ် အဆက်မပြတ် ပေါ်ပေါက်လာပါစေသတည်း။
(မဟာဂန္ဓာရုံပညာရေးအကြောင်း(၂)
တွင် သင်ရိုးများအကြောင်း ချယ်မှုန်းသွားပါမည်။ အကြံဉာဏ်များလည်း ပါဝင်လှူဒါန်း နိုင်ပါသည်။ ဤစာမူကိုလည်း စာသင်သားအသစ်ကလေးမျာ လက်ဝယ် ရှိသော, ရှိလတံ့သော ဆရာသမားများ တွေ့မြင်ဖတ်ရှုခွင့်ရအောင် ကုသိုလ်ပြုသောအားဖြင့် များများရှယ်ပေးစေလိုပါသည်)
မူရင်းဆောင်းပါးလင့် = Click Here
------------------
မဟာဂန္ဓာရုံပညာရေးအကြောင်း (၂)
=======================
ကျောင်းတော် ရောက်ရောက်ချင်း ကျောင်းတွင်း မူလတန်း ဖြေဆိုရန် အတွက်
(က)
၁။နာမ်ဂိုဏ်း စာအုပ်
၂။ ပါဠိသိက္ခာ စာအုပ်
(ခ)
၃။ ရတနာ့ဂုဏ်ရည် စာအုပ်
၄။ ရုပ်ပုံရှင်ကျင့်ဝတ် စာအုပ်တို့ကို ကျက်မှတ်သင်ယူကြရသည်။
(က) အုပ်စုဖြင့် သဒ္ဒါကို သင်ပေးသည်။
(ခ) အုပ်စုဖြင့် သဒ္ဓါကို သင်ပေးသည်။
~~~~~~~~~~~~~~~~~~~~~~
(က) အုပ်စုကို "နာမ်ဂိုဏ်းနှင့် ပါဠိသိက္ခာစာဝါ" အနေဖြင့် ဂဏဝါစကအဖွဲ့က ဆရာ စီစဉ် ပေးသည်။
(ခ) အုပ်စုကို လက်ခံဆရာက တာဝန်ယူ သင်ပေးသည်၊၊(စာအုပ်တွင်မပါသော ဥပေဇ္ဈာယ်ယူပုံ၊ စည်းကမ်းဆယ်ချက်၊ ဩဝါဒ ဝတ်ရွတ်စဉ် စသည်တို့ကိုပါ ဗလာစာအုပ်တွင် (လက်ရေးသင်ရင်း) ကူးရေးစေကာ ဖြည့်စွက်သင်ပေးရသေးသည်။
~~~~~~~~~~~~~~~~~~~~~~
ဂဏဝါစကအဖွဲ့က တာဝန်ပေးခြင်းခံရသော စာချဆရာက အပတ်စဉ် လေ့ကျင့်ခန်း စာမေးပွဲကို အဖိတ်နေ့တိုင်း ပြုလုပ်ပေးသည်။ (က) အုပ်စုထဲက သင်ပြီးခဲ့သမျှနှင့် (ခ) အုပ်စုထဲက လက်ခံဆရာ သင်ပေးပြီးလောက်သမျှ ခန့်မှန်း၍/ မေးမြန်းစုံစမ်း၍ လာမည့်အပတ်မေးမည့် ပမာဏ (ပြဌာန်းစာ) ကို ကြိုတင်ကြေငြာပေးရသည်။ ဥပုသ်နေ့တွင် အောင်ဂေဇက်ကို ဂဏဝါစကအဖွဲ့ တံဆိပ်တုံးထု၍ ကြော်ငြာသင်ပုန်းတွင် ကပ်ထားပေးသည်။
~~~~~~~~~~~~~~~~~~~~~~~
ဝါဆို သို့မဟုတ် ပြာသိုလ်လဆန်း (၇) ရက်နေ့တွင် ဂဏဝါစကအဖွဲ့က ကြီးမှူး၍ "တန်းမြှင့်" စာမေးပွဲ ကျင်ပပေးသည်။ ပထမရက်တွင် အာဂုံဖြေရသည်။ ပုစ္ဆကဆရာတော်များက ထံမှောက် ရောက်လာသူတစ်ဦးချင်းအား ပြဌာန်းစာထဲမှ စာများကို ဟိုတစ်စ သည်တစ်စ ပြန်ဆိုခိုင်း၍ အားရလျှင် အာဂုံအအောင်ပေးပြီး အားမရလျှင် (စာလုံးဝ လုပ်ထားပေါ်မပေါ်လျှင်) အာဂုံမှာတင် ချပစ်လိုက်၏။ ထို အခါ ရေးဖြေကို ဆက်ဖြေခွင့် မရတော့ပဲ နောက်ခြောက်လပြန်စောင့်ရ၏။
ဒုတိယရက်တွင် အာဂုံအောင်သူများ ရေးဖြေဆက်ဖြေရ၏။
~~~~~~~~~~~~~~~~~~~~
အာဂုံစာမေးပွဲတွင် ပြဌာန်းစာအုပ်ထဲမှ "ကျက်မှတ်ရန်" ဆိုသည်များကို ကျက်ထားလျှင် အောင်နိုင်၏။ ရေးဖြေစာမေးပွဲတွင် "ကြည့်ရှုရန်" ဆိုသည်များကိုလည်း ကြည့်ရှုထားမှ အောင်မှတ် ကောင်းကောင်းရနိုင်၏။
ဆရာတော်၏ စာအုပ်များတွင် "ကျက်မှတ်ရန်" နှင့် "ကြည့်ရှုရန်" ဟူ၍ အထက်အောက် စုံတွဲပါရှိတတ်ရာ "ကျက်မှတ်ရန်" သည် ပြဌာန်းစာ သဘောဆောင်၍ "ကြည့်ရှုရန်" သည် နားမလည်မချင်း ရှင်းလင်းသင်ကြားပေးနေသည့် ထာဝရ ဂဏဝါစက စာချဆရာ သဘောမျိုးဆောင်သည်။ စာအုပ်ထဲတွင် စာချဘုန်းကြီးပါ ကိန်းဝပ်ပါဝင်နေသည့် သဘောမျိုးဖြစ်သည်။ ယခုခေတ် "စကားပြော" စာအုပ်များတွင် အသံထွက် စီဒီခွေ ပါ တွဲထည့် ရောင်းသည်ထက်ကို ပိုခေတ်မီပါသည်။
~~~~~~~~~~~~~~~~~
နာမ်ဂိုဏ်းနှင့် ပါဠိသိက္ခာအတွက် ဂဏဝါစကမှ ဆရာကို စီစဉ်ပေးရာတွင် များသောအားဖြင့် ထေရ်ကြီးဝါကြီး ကျောင်းဘုန်ကြီးများကို တာဝန်ပေးလေ့ရှိသည်။
ပါဠိသိက္ခာဆိုလျှင် အပြအလှန် စကားပြောခန်းများ ပါရှိရာ "တွံ" ဘက်ကို တစ်အုပ်စု "အဟံ" ဘက်ကို တစ်အုပ်စု ခွဲကာ တစ်ဖက်ကို ပါဠိလိုမေးခိုင်းပြီး တစ်ဖက်ကို ပါဠိလိုဖြေခိုင်းပြီး သရုပ်ဆောင်ပါ တွဲသင်ပေးကြရသည်။ စာထဲက နာမည်တွေ (ဗုဒ္ဓရက္ခိတ၊သံဃရက္ခိတ) နေရာမှာ ကိုယ့်နာမည်များဖြင့် အစားထိုးပြောခိုင်းပြီး သင်ပေးကြသည်။
အမေးတာဝန်ကျ ကိုရင်က ထပြီး စာလိုက်ကိုရင်ထဲက တပါးပါးကို လက်ညှိုးညွှန် ၍ "တွံ ကိံ နာမောသိ" မေးရသည်။ အမေးခံရသည့်ကိုရင်က ထပြီး "အဟံ မောင်ဝ နာမ" ဟု ဖြေရသည်။ နောက်တစ်ပါး အလှည့် ရောက်သောအခါ "အဟံ မအေးနာမ"ဟု အစဉ်အားဖြင့် ရောက်လာသောစာအရှိအတိုင်း ဖြေလိုက်ရာ "ဟေး .. မအေး တဲ့၊ မိမ္မကြီး" ဟု ဝိုင်းအော်ပြီး ပွဲကြသွားသည်။ "မအေး ဆိုတော့ ကိုရင်က ဣတ္ထိလိင်ကြီးပေါ့နော်" ဟု အဟံ မောင်ဝ နာမ လို့ဖြေခဲ့သည့်ကိုရင်က ပြောလိုက်ရာ "ကိုရင်ကရော မောင်ဝနာမ ဆိုပြီးတော့ ပိန်ချည့်ကလပ်နေတာဘဲ" ဟု ပြန်ပြောလိုက်သဖြင့် အားလုံးပွဲကြသွားပြန်သည်။
ဤသို့ စာသင်သားငယ်များ သင်ဦးကာလတွင် ကြောက်ကြောက် ရွံ့ရွံ့ မနေပဲ ရဲရဲတင်းတင်း ဖြစ်စေရန်, နုံနုံအအကြီး မနေပဲ စူးစူးရှရှ ဖြစ်စေရန်နှင့် အရဲအတင်းလွန်ပြီး တဟီးဟီးတဟားဟား မဖြစ်စေရန်တို့အတွက် ခပ်ကြီးကြီး ဝါရင့်စာချဘုန်းကြီးများကို တာဝန်ပေးသည်ဟု သဘောပေါက်မိပါသည်။
~~~~~~~~~~~~~~~~~~~~~~
ဤပါဠိသိက္ခာစာဝါကို စီစဉ်ရာမှာ တစ်တိုက်လုံးအတွက် တနေရာတည်းမှာသာ စုရပ်လုပ်ပြီး တပါးတည်းက သင် ကြားသည့်စနစ်ကို မသုံးပါ။ ကျောင်း၏ အရှေ့ပိုင်း' အလည်ပိုင်း, အနောက်ပိုင်း စသည်ဖြင့် ဌာနများခွဲပြီးသင်စေပါသည်။ (ပထမကြီးတန်းလို, သာမဏေပထမဆင့်လို စာဝါများကိုကား ဘယ်လောက်များများ ဌာနတစ်ခုတည်း ဆရာတစ်ပါးတည်းသာ ထားရှိသည်)
အထက်ကပြောခဲ့သည့်အတိုင်း တစ်ဦးချင်းစီ အကုန်လုံး ပါဝင်ပြောဆိုနိုင်ရေးတွင် တစ်တိုက်လုံးစာ များပြားနေလျှင် ရှေ့ကို ရောက်တော့မည်မဟုတ်ပေ။ ရှေ့နားက ကြားရလောက်သည့် စာလိုက်များနှင့်သာ သင်ကြားရေး လုပ်သွားလျှင်လည်း နောက်ဖျားက မကြားရ မမြင်ရသော စာသင်သားငယ်များအတွက် အများကြီး နစ်နာသွားပေမည်။ ဘဝမှာ ပထမဆုံးတက်ရသည့် စာဝါမှာပင် ဘာမှန်းလဲ မသိဘူးဟု ဝါးတားတားနှင့် အစမကောင်းခဲ့လျှင် ရှေ့ဆက် ပိုဆိုးဘွယ်ရာရှိသည်။
ဤပါဠိသိက္ခာ စာဝါတွင် ဒီနေ့ သင်ထားသည့် နည်းကိုမှီး၍ နောက်နေ့တွင် ပါဠိစီရန်၊ မြန်မာဘာသာပြန်ရန် အိမ်စာများ ပေးလေ့ရှိရာ ထိုကျောက်သင်ပုန်း တထပ်ကြီးကို ဘယ်လိုမှ ပြီးအောင်စစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ဆရာရော နေရာရော ဖြန့်ပြီး နိုင်နိုင်နင်းနင်း သင်ယူစေခြင်းပင်ဟု သဘောပေါက်မိပါသည်။
(ဆက်ပါဦးမည်)
မူရင်းလင့် = Click here
---------------------------
မဟာဂန္ဓာရုံပညာရေးအကြောင်း (၃)
=======================
မဟာဂန္ဓာရုံ စာသင်သား တစ်ဦးချင်းစီ၏ ရှင်သန်ဖြောင့်ဖြူးသော ပညာရေးအတွက် အဓိကကျသော မောင်းနှင်အားမှာ လက်ခံဆရာအပေါ်တွင် များစွာမူတည်သည်။
တာဝန်ခံဆရာ၊ အာမခံဆရာဟု ဆိုအပ်သော ထိုလက်ခံဆရာသည် စာကျက်ရန်, စာဝါတက်ရန်, စာပြန်ရန် (ရပြီးစာများ ညည ပြန်ရန်), အိမ်စာလုပ်ရန်, လေ့ကျင့်ခန်းဖြေရန်, အနီးကပ်ကြည့်ရှု ကွပ်ကဲပေးနေရသည်။ အပိုင်း (ခ) တွင်ပါသော ရတနာ့ဂုဏ်ရည်၊ ရုပ်ပုံရှင်ကျင့်ဝတ်နှင့် ဝတ်ရွတ်စဉ်တို့ကိုလည်း လက်ခံဆရာကပင် သင်ပေးရသည်။
သင်ပုံမှာ အနားခေါ်၍ တစ်နေ့စာ ကျက်ရမည့် စာပိုဒ်တို့ကို သူ့ကို စာအုပ်ကြည့်စေပြီး ကိုယ်က နုတ်တိုက်ချပေး၊အသံထွက် အဖြတ်အတောက် ဌာန်ကရိုဏ်း မှန်သွားပြီဆိုရင် သူ့နေရာသူ သွားကျက်ခိုင်း၊ နောက်နေ့လာပြန်၊ ရရင်အသစ်တက်ပေး၊ မရရင် အကြောင်းမေး၊ မခိုင်လုံရင် မြည်တွန်ငေါက်ငန်းသည်လည်း ရှိ၏။ နားရင်း အုပ်သည်လည်း ရှိ၏။
တစ်ခါက စာမကျက်ပဲ ဟိုလျောက်သွား ဒီလျှောက်သွားလုပ်နေသော သူတော်လေးတစ်ပါး သူ့ဆရာထံ (ရုပ်ပုံ ရှင်ကျင့်ဝတ်ထဲမှ) အဘိဏှသုတ် ကမ္မဿကောမှိ အပိုဒ်ကို လာပြန်ရာ အစတစ်လုံးမှာပင် ထစ်နေ၍ ရှေ့ဆက်မရပဲ ဖြစ်နေသည်။ ကမ်.ကမ်.ကမ်. ဟု အစတစ်လုံးကိုပင် အထပ်ထပ် ဆိုနေသောအခါ စိတ်မရှည်တော့သော ဆရာက "ကဲကဲ မင်းကကမ်ကမ် ဆိုမှတော့ ကန်တယ်ကွာ ကန်တယ်ကွာ" ဟု ပြောကာ အကန်ခံရဘူးသည်။
မိမိငယ်စဉ်ကလည်း ရွှေဂဲရွာ ဆွမ်းခံအသွား သိမ်ကြီးဈေး အမှတ်ရှစ် လိုင်းကားဂိတ်အရောက်တွင် အဖေါ်ကောင်းသဖြင့် ကားစီး၍ ဘုရားကြီးသို့ သပိတ်တန်းလန်းနှင့် လျောက်သွားခဲ့ဘူးသည်။ ဆယ်နာရီ ပထမသံချောင်း ခေါက်ချိန်လောက်မှ ပြန်ရောက်လာသည်။ ခြေဆေး၊ ကျောင်းပေါ်တက် သပိတ်ထားပြီးချိန် ဘုန်းကြီးဦးဂုဏက "ပညာဝံသ.. လာစမ်း၊ဘယ်လျှောက်သွားနေတာတုန်း" ဟုမေး၍ "ဆွမ်းခံ သွားနေတာပါဘုရား" ဟုလျှောက်သောအခါ "လိမ်အုန်းကွာ၊ လိမ်အုန်းကွာ"ဟု ဘယ်ပြန်ညာပြန် နားရင်းအုပ်ပါတော့သည်။ ဒီတစ်ကြောင်း သာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားပါက နောက်တစ်ခါဆို ဆွမ်းခံသွားရင်း မြစ်ကြီးနားထိ ရောက်ချင်ရောက်သွားမည်။ ထိုအခါ သာမဏေကျော်လမ်းကြောင်း၊ ဘိဝံသလမ်းကြောင်းတွေလည်း ပြောင်းသွားနိုင်သည်။
ဤသို့ ငယ်ဆရာ၏ ထိန်းကြောင်းအားကြောင့် နောင်သောအခါ ပညာရဲရင့် ပွဲလယ်တင့်ပြီး သာသနာ့အာဇာနည်တွေ ဖြစ်သွားကြသည်မှာ ပမာပြစရာ သာဓကများစွာ ရှိပါသည်။
မိမိတို့၏ တာဝန်ခံငယ်ဆရာများဖြစ်ကြသော ဘုန်းကြီးဦးဂုဏသာရ၊ ဘုန်းကြီး ဦးဝိဿုတတို့၏ အနီးကပ်ကြပ်မတ်ထိန်းကြောင်းမှုကြောင့် မိမိနှင့် ယခုလက်ရှိ သုံးထပ်ကျောင်းဘုန်းကြီး ဦးဝဏ္ဏိဿရတို့ ပေါ်ထွန်းလာခဲ့သည်။ တဖန် သုံထပ်ကျောင်းဘုန်ကြီး၏ အနီးကပ် ကြည့်ကြပ်မှု (တခါတရံ လက်သံအလွန်ပြောင်သည်ဟုလည်း ကြားရသည်) ကြောင့် တပည့်ကျော်တွေများစွာ ထွန်းပေါ်နေပြီလည်းဖြစ်သည်။
တိုက်မကြီးထဲတွင် လောလောဆယ် အရှေ့ဥယျာဉ်မှ ဦးဝရုဏာဘိဝံသ၊ ဂန္ဓကုဋိမှ ဦးနန္ဒောဘာသာဘိဝံသတို့သည် တပည့်ထိန်းကြောင်း အားထုတ်မှုတွင် နာမည်ရနေသည်ဟု အသံထွက်နေသည်။ မိမိ မသိမမြင်သည့် အတွက် မဖေါ်ပြနိုင်သည့် အခြားပုဂ္ဂိုလ်တွေလည်း များစွာရှိနေပါလိမ့်မည်။
မဟာဂန္ဓာရုံတွင် ပညာရှင်လောင်း စာသင်သားကို ဂဏဝါစကအဖွဲ့က အနောဓိသနည်းအားဖြင့် ပညာသင်ပေးသည်။ လက်ခံဆရာ အနီးကပ်ဆရာက ဩဓိသနည်းအားဖြင့်စာသင်ပေးသည်။ အရှေ့ကလည်းဆွဲ၊အနောက်ကလည်းတွန်းသည့် စနစ်ပင်။
(ဆက်ပါဦးမည်)
မူရင်းလင့်ကြည့်ရန် = Click here
---------------------------
မဟာဂန္ဓာရုံပညာရေး (၄)
=================
၁။ နာမ်ဂိုဏ်းဂုဏ်ရည်
၂။ ပါဠိသိက္ခာဂုဏ်ရည်
နာမ်ဂိုဏ်းဂုဏ်ရည် ဆိုသည်မှာ နာမ်ဂိုဏ်း အာချတ်ဂိုဏ်း ရရှိထားခြင်း၏ အကျိုး ကျေးဇူးဂုဏ်များကို ဆိုလိုပါသည်။ မူလတန်းမှစ၍ (ဘိဝံသ၊ တိပိဋက) အထက်တန်းစာမေးပွဲမှန်သမျှထိ မေးခွန်းများတွင် နာမ်ဂိုဏ်းဖြင့်ယူရမည့် အမှတ်တွေ တိုက်ရိုက်အားဖြင့်၎င်း သွယ်ဝိုက်သောအားဖြင့်၎င်း ပါရှိကြမြဲဖြစ်ရာ နာမ်ဂိုဏ်းရထာလျှင် ထိုအမှတ်များကို အသာလေး သဲ့ယူလိုက်ရုံပင်၊ မရလျှင် ရွာလည်ရုံမျှမက ဆင့်ပွားအမှားတွေဖြစ်ပြီး အခြား ရသင့်အမှတ်တွေပါ ဆုံးရှုံးကုန်တော့သည်။
"သူများတွေ ဓမ္မာစရိယစာမေးပွဲမှာ ယောင်လည်လည်ဖြစ်နေချိန် ကိုယ်တွေက ငယ်ငယ်ကတည်းက နာမ်ဂိုဏ်းနဲ့ ကြီးပြင်းလာတာဆိုတော့ လွယ်လွယ်ကူကူပဲ၊ သဗ္ဗနာမ်အစွဲနှင့် ဝိဂြိုဟ်ဆိုတဲ့အခါ လိင်အထားအသိုတွေမှာ အမှတ်တွေက အလိုလို ရနေတာ" ဟု တိုက်ထွက်ဖြစ်သူ ဆရာဦးထွန်းရွှေ (သာသနာရေး အရာရှိ၊ ငြိမ်း) ကပြောဖူးသည်။
သာမဏေစာမေးပွဲ သုံးဆင့်လုံးတွင် နာမ်ဂိုဏ်းသည် အသွင်အမျိုးအမျိုးဖြင့် စိမ့်ဝင်နေရာယူထားသည်မှာ အမှန်ပင်ဖြစ်၍ သာမဏေစာမေးပွဲ ဝင်မည့်သူတိုင်း ရထားသင့်သည့် သဒ္ဒါရေးရာ မဟာအခြေခံကျမ်းကြီးဟု ဆိုနိုင်သည်။
မန္တလေး သကျသီဟအသင်းကြီးသည် အာဂုံပြန်ကြွလာသည့် အရှင်များအနေဖြင့် ကစ္စည်းဝုတ္တိခေါ် သဒ္ဒါကြီးကို ရနေမှ ကြည်ညိုလေ့ ကျေနပ်လေ့ရှိသည်။ မေးသည့် သုတ်,ဝုတ္တိ,ဥဒါဟရုဏ်ကို ထစ်ထစ်ငေါ့ငေါ့လေးမျှ မပြန်ဆိုနိုင်လျှင် အာဂုံအောင်ဖို့ရာပင် မရေရာသည့်အဆင့်ရောက်သွား နိုင်သည်။ ထိုအခြေအနေမျိုးမှာပင် ပါဠိတော် နိဿယမေးရင်း ခက်ဆစ် နာမ်ပုဒ်တစ်ခုခုကို လိင်ခွဲ၊ ဂိုဏ်ပြေး ကောက်မေးလို့ သိ ယော ကနေ သ္မိံ သု အထိ ကျကျနန စဉ်ပြနိုင်လျှင် "မဆိုးရှာပါဘူး" အဆင့်ရောက်ရှိကာ အာဂုံအောင်ဖို့အတွက် အထောက်အကူ ဖြစ်လာသည်။ (ဝုတ္တိလည်းမရ၊ ဂိုဏ်းပြေးလည်း မဟန် ဆိုလျှင်တော့ ကျစော်နံနံနှင့် ပြန်ပေရော့ပဲ၊)
နာမ်ဂိုဏ်းရထားသူအတွက် သာမန်စာမေးပွဲ သဒ္ဒါရေး မေးခွန်းများမှာ အလွန်ပျော့လွန်းအားကြီးနေပြီး အပေါ်စီးကနေ ဖြေရသလိုပင် ဖြစ်နေသည်။
ဆရာတော်ကြီး၏ နာမ်ဂိုဏ်းစာအုပ် အချီနိဒါန်းတွင် ရေးထားသောအကျိုးကျေးဇူးများမှာ စာမေးပွဲသမားများသာမက ပါဠိလိုက်စားသူ များအတွက်ပါ အားရစရာကောင်းလှသည်။
"ဂါထာ/စုဏ္ဏိယ အစီအကုံး အနှုံးအဖွဲ့ မြန်တက်" တဲ့၊
နာမ်ဂိုဏ်းရထားလျှင် ဂါထာစီကုံးသည့်နေရာမှာ "မြန်တက်" ဆိုသဖြင့် အဆင့်တွေအများကြီး ကျော်သွားပြီဖြစ်သည်။
သာမန်အားဖြင့် စီတတ်အောင်ပင် အတော်သင်ယူရပြီး ကိုယ်တိုင်စီကြည့်သည့်အခါ တစ်ဂါထာရဖို့ပင် မလွယ်ကူပေ။ မိသားဖသားပီပီ တစ်ဂါထာလောက် စီဖြစ်ဖို့အရေး အချိန်တွေ အတော်ပေးရသည်။
ဂိုဏ်ပြေး (ရုပ်ပွား) ရထားလျှင်ကား အပေါက်စုံ လက်ဝယ်ရှိသော ဖဲသမားကဲ့သို့ ဆန်းအရ ဂိုဏ်းအရ အက္ခရာလုံးရေအရ လိုအပ်သလို ဖလှယ်ပြီးသုံးနိုင်၍ ဂါထာစီရာမှာ အလွန်ပင်မြန်တက်၍ တရံတခါ မိနစ်ပိုင်းနှင့်ပင် ပြီးအောင် စီနိုင်ရကား ဓမ္မာစရိယ၊ သီလက္ခန်၊ နံပါတ်ကိုးပုစ္ဆာ၊ ဂါထာစီကို ကြောက်လှပါပြီဆိုသော အရှင်များ အထူးသတိချပ်သင့်ပါသည်။ နာမ်ဂိုဏ်းအစွမ်း၊ ဓမ္မာစရိယတန်းထိ၊ အလှမ်းကျယ်ပါဘိတကား။
ထို့အတူ နာမ်ဂိုဏ်းရလျှင် စုဏ္ဏိယ ဝါကျ ဖွဲ့ရာမှာလည်း မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် မြန်တက်နိုင်သဖြင့် သာမဏေ သုံးဆင့်လုံး၊ ဘာသာတိုင်းရဲ့ နံပါတ်(၁၀)နှင့်၊ ပါရာဇိကဏ် ဒုတိယနေ့ နံပါတ် (၉) ပုစ္ဆာ ပါဠိစီအတွက် များစွာအထောက်အကူဖြစ်စေပါသည်။
စာသင်သားတစ်ဦးသည် အောက်ခြေစာမေးပွဲများအောင်မြင်၍ အထက်အထက် စာမေးပွဲသို့ ရောက်သောအခါ ကာရက/ သမာသ်/ တဒ္ဓိတ်/ ကိတ် အပိုင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ထိုအပိုင်းများသည်လည်း နာမ်၏ စက်ကွင်းမှ မလွတ်ကင်းကြကြောင်း ဆရာတော်ကြီးက နိဒါန်းရှင်းတမ်းတွင် မှတ်ချက်ပြုတော်မူထားသည်မှာ အလွန်သဘာဝကျလှပါသည်။
ဝိဂြိုဟ် ဝါကျခင်းခြင်း, နိပ္ဖန္နပုဒ်ချခြင်း စသော အထက်တန်းသဒ္ဒါပညာရပ်များတွင် နာမ်ဂိုဏ်းက အခရာဖြစ်နေ၍ ဤနာမ်ဂိုဏ်းမှ မရခဲ့လျှင် ထိုအထက်တန်းပညာရပ်များ သင်ကြားရာတွင် အယောင်ယောင်အမှားမှား ဖြစ်နေဦးမည် ဖြစ်ကြောင်း မီးမောင်းထိုးပြရင်း နာမ်ဂိုဏ်း၏နယ်ပယ် ကျယ်ပြန့်ပုံကို ဆန့်ပြတော်မူခြင်းဖြစ်သည်။
နာမ်ပိုင်လျှင် သဒ္ဒါတစ်ဝက်ပိုင်ပြီ ဖြစ်ကြောင်း ရှေးဆရာများ၏ အဆိုကိုလည်း နိဒါန်းတွင်ချပြတော်မူခဲ့သည်။
ဆရာတော်ကြီးသည် "အို ! စာသင်သား အပေါင်းတို့..၊ နာမ်ရုပ်ကြေခြင်း၏ ကျေးဇူးကို အသင်တို့ နာမ်ရုပ်ကြေသည့်အခါ ယခုပြခဲ့သော အကျိုးများထက် ပိုမို၍ ကြီးမားသော အကျိုးကျေးဇူးကို ခံစားကြရပေလိမ့်မည်" ဟု အားရပါးရ အာမခံ ရဲရဲကြီး ပေးတော်မူထားခဲ့သည်။
သို့ကလောက် ကျေးဇူးများသော နာမ်ဂိုဏ်း အာချာတ်ဂိုဏ်းကို ဆရာတော်ကြီး ချမှတ်ထားသောနည်းအတိုင်း ဆရာကလည်းသင်ပေး၊ တပည့်ကလည်းသင်ယူကြရမည် ဖြစ်သည်။
သင်ယူသည့်အခါ "နာမ်ရုပ် ကြေမွအောင်" ဟူသော ဆရာတော်ကြီး၏ စကားတော်အတိုင်း ကြေမွနေအောင် ဆောင်ထားရမည်ဖြစ်သည်။ ဘယ်လောက်အထိလဲ ဆိုပါလျှင် "ဒိုင်းဒိုင်းပြေး" ဟူသောဆရာတော်ကြီး၏ ဖွင့်ဆိုချက်အတိုင်း ဘယ်ပုဒ်ကို ဂိုဏ်းပြေးစမ်း ဟု ခိုင်းလျှင် အစဉ်မပျက် ရုပ်ကြွင်း ရုပ်ကျန်မရှိပဲ တဒိုင်းဒိုင်းပြေးနိုင်သည်အထိ ကြေမွနေရပေမည်။
တစ်ဂိုဏ်း နှစ်ဂိုဏ်းမျှသာ မဟုတ်ပဲ (၁၃) ဂိုဏ်းလုံး ဂိုဏ်းရင်း ဂိုဏ်းနွယ်ပါမကျန်၊ ဝါ-ကျမ်းကုန်သည်အထိ ကြေမွဖို့လိုသည်။
ပု-စိတ်-ကညာ (၃) ဂိုဏ်းလောက် ရထားပါက မဆိုးပါဘူးဟု ထင်နေလျှင် ရာဇာကို (အာကာရန္တမို့) ကညာ လို ဂိုဏ်းစဉ်၊ မနော ကို (ဩကာရန္တမို့) ပုရိသောလို လိင်ခွဲခြင်း စသောအမှားတွေ တသီကြီးရှိလာနိုင်သည်။
"သာ" ဆိုတိုင်း ဣတ္ထိလိင် ချည့်ထင်ပြီး၊ ခွေးအနက်ဟော"သာ" ပုံလိင်ကိုပါ ထိုအတိုင်း ဂိုဏ်းပြေးမိတတ်သည်။
ထိုကြောင့် အကုန်စုံအောင် ကြေမွနေရမည်ဖြစ်သည်။
(ပါဠိသိက္ခာဂုဏ်ရည်ကို နောက်တပတ်မှ ဆက်လက်ဖေါ်ပြပါမည်။)
မူရင်းလင့် = Click here
---------------------------






No comments:
Post a Comment