Wednesday, October 29, 2025

အစည်းအဝေး မှတ်တမ်းများ (၁)

၉၊ ၁၀၊ ၂၀၂၅ အစည်းအဝေး
-----------

အစည်းအဝေး တက်ရောက်သူများ
  • ဦးစက္ကပါလ၊ ဦးဝိမလ၊ ဦးဣန္ဒာဝုဓ၊ ဦးကေသရ၊ ဦးအာသဘ၊ ကိုငြိမ်း
ဆုံးဖြတ်ချက်များ
  • အတန်းအရေအတွက်ကို အတည်ပြုခဲ့
-------------------------------


၁၀၊ ၁၁၊ ၂၀၂၅ အစည်းအဝေး
-----------

အစည်းအဝေး တက်ရောက်သူများ
  • ဦးစက္ကပါလ၊ ဦးဝိမလ၊ ဦးဣန္ဒာဝုဓ၊ ဦးကေသရ၊ ဦးအာသဘ၊ ကိုငြိမ်း
ဆုံးဖြတ်ချက်များ
  • ပါဝင်သင့်သော ဘာသာရပ်များအကြောင်းများ ဆွေးနွေး။ အကြမ်းဖျင်း အတည်ပြုခဲ့။ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။
-------------------------------


၀၁၊ ၁၂၊ ၂၀၂၅ အစည်းအဝေး
-----------

အစည်းအဝေး တက်ရောက်သူများ
  • ဦးစက္ကပါလ၊ ဦးဝိမလ၊ ဦးဣန္ဒာဝုဓ၊ ဦးကေသရ၊ ကိုငြိမ်း
ဆုံးဖြတ်ချက်များ
  • ဘာသာရပ်အသီးသီးအတွက် အသေးစိတ် ပါဝင်သင့်သည့် အကြောင်းအရာများကို ဆွေးနွေးကြရာ
  • ဝိနည်းဘာသာရပ်၌ ပါဝင်သင့်သည့်အချက်အလက်များကို အသေးစိတ် ဆွေးနွေးကြသည်။ 
  1. ပစ္စဝေက္ခဏာ (၄) ပါး 
  2. လိင် (၁၀) ပါး
  3. ဒဏ် (၁၀) ပါး
  4. သေခိယသိက္ခာပုဒ် (၇၅) ပါး
  5. ခန္ဓကဝတ် (၁၄) ပါး
  6. ဒွေမာတိကာ
  7. ဝိနည်းငါးကျမ်း၊ အဋ္ဌကထာများ
  8. ကင်္ခါအဋ္ဌကထာ
  9. စူဠသီလ၊ မဇ္စျိမသီလ၊ မဟာသီလ (သီလက္ခန္ဓဝဂ္ဂပါဠိ)
  10. ဝဇ္ဇိပုတ္တသုတ္တံ (အံ၊၁၊၂၃၁)
  11. ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (သီလနိဒ္ဒေသနှင့် ဓုတင်္ဂနိဒ္ဒေသ)
  12. ရဟန်းများအတွက် လောကဥပဒေများ (စာခိုးချခြင်း, ဉာဏမူပိုင်ခွင့် ချိုး ဖောက်ခြင်း (Plagiarism)၊ အခွန်ရှောင်ခြင်း စသည်များ)
  13. အသုံးချဝိနည်း (ဒေသနာကြားပုံ၊ ဥပုသ်ပြုပုံ၊ ရဟန်းခံရှင်ပြုစသည်များ)
  14. အခြေခံလူကျင့်ဝတ်များ (Universal ethics/ Etiquettes) (Body shaming မလုပ်ဖို့၊ အခြားသူတို့၏ Privacy ကို လေးစားဖို့၊ စာသင်ခန်းထဲမှာ ဖုန်းကို silent လုပ်ထားဖို့၊ သူတစ်ပါးတို့၏ ယဥ်ကျေးမှုနှင့် စံတန်ဖိုးများကို လေးစားဖို့ စသည်များ)
  15. မဟာယာန၊ ဝဇိရယာန ဝိနယပိဋကတ်ဆ
  16. ဆရာတော်ကြီးများ၏ ဝိနည်းကျမ်းစာများ (မဟာဓမ္မာစရိယတန်းအတွက်)
  • အထက်ပါ အကြောင်းအရာများကို နောက်အပတ်တွင် ပြန်လည်သုံးသပ်ဆွေးနွေးရန်နှင့် အတန်းအသီးသီးတွင် ခွဲခြားပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးတိုင်ပင်ရန်
-------------------------------


၂၂၊ ၁၂၊ ၂၀၂၅ အစည်းအဝေး
-----------

အစည်းအဝေး တက်ရောက်သူများ
  • ဦးစက္ကပါလ၊ ဦးဝိမလ၊ ဦးဣန္ဒာဝုဓ၊ ဦးအာသဘ၊ ဦးကေသရ၊ ကိုငြိမ်း
ဆုံးဖြတ်ချက်များ
  • ယနေ့ ဝိနည်းဘာသာရပ်ထဲ ထည့်သွင်းသင့်သည့် သုတ္တံအချို့ကို ဆွေးနွေးအတည်ပြု၍ ထိုသုတ္တံတို့ကို သင်ကြားမည့်အတန်းတို့ကိုပါ ဆွေးနွေး,အတည်ပြု သတ်မှတ်ခဲ့ကြပါသည်။
  1. ပဗ္ဗဇ္ဇိတအဘိဏှသုတ် (အံ၊၃၊၃၂၅) (ရှင်ကျင့်ဝတ်စာအုပ်တို့၌ ဒသဓမ္မသုတ် ဟု သုံးကြသည်။) (ရဟန်းတော်တို့ အမြဲဆင်ခြင် နှလုံးသွင်းသင့်သည့်တရားဆယ်ပါး) (ပါဒကတန်းနှင့် အကြီးတန်း (အကြောင်းအရာပိုင်းကို အဓိကထား၍ ပြဋ္ဌာန်းရန်) တို့တွင် ပြဋ္ဌာန်းရန်)
  2. မေထုနသုတ် (အံ၊၂၊၄၃၈) (မေထုန်ငယ် ၇ ပါးအကြောင်း) (အထက်တန်း)
  3. ရောဂသုတ္တံ (အံ၊၁၊၄၆၁) (ရဟန်းရောဂါ လေးမျိုး) ပစ္စည်းလေးပါးနဲ့ လာဘ သက္ကာရသိလောကကို မမက်မောဖို့မိန့် ဆိုခဲ့သည့် သုတ္တံ။ လာဘသက္ကာရသံယုတ် (သံ၊၁၊၄၂၄) လာဘသက္ကာရသိလောကတို့က ရဟန်းတို့အတွက် အန္တရာယ်ရှိကြောင်းမိန့်မှာထား (ဥပစာတန်း)
  4. ဝဇ္ဇိပုတ္တသုတ္တံ (အံ၊၁၊၂၃၁) အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု (ဓမ္မ၊ဋ္ဌ၊၁၊၁၈၉) (အလတ်တန်း)
  5. ဥပက္ကိလေသသုတ် (အံ၊၁၊၃၆၂) (ရဟန်းတစ်ပါး၏အညစ်အကြေးလေးပါး) (အငယ်တန်း)

၂၉၊ ၁၂၊ ၂၀၂၅ အစည်းအဝေး
-----------

အစည်းအဝေး တက်ရောက်သူများ
  • ဦးစက္ကပါလ၊ ဦးဝိမလ၊ ဦးဣန္ဒာဝုဓ၊ ဦးအာသဘ၊ ကိုငြိမ်း

ဆုံးဖြတ်ချက်များ

အတန်းအသီးသီး၌ ဘာသာရပ်တို့ကို ခွဲခြားသတ်မှတ် ပြဋ္ဌာန်းရာ၌ အရေးပါသော အောက်ပါ မျှော်မှန်း စွမ်းရည် (Expected outcomes)  ၃၁ ချက်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ နောက်အပတ် ဆွေးနွေးပွဲ၌ ထက်မံ ဆွေးနွေး၍ အတည်ပြုကြရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။
  1. ပိဋကတ်စာပေနှံ့စပ်မှု
  2. ဟောပြောမှုစွမ်းရည်
  3. စာပေရေးသားမှုစွမ်းရည်
  4. သာသနာပြုစွမ်းရည်
  5. စာဖတ်စွမ်းရည် မြင့်မားမှု (မြန်မြန်ဖတ်၊ များများဖတ်)
  6. သာသနာချစ်စိတ် (ဘာသာရေး အစွန်းရောက်မှု မရှိစေဘဲ ကိုယ့်သာသနာကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားတဲ့စိတ်ထား)
  7. ခေါင်းဆောင်မှုနှင့် နောက်လိုက်ကောင်းစွမ်းရည်
  8. ဆွေးနွေးနိုင်မှုနှင့် စကားရည်ပြိုင်နိုင်မှုစွမ်းရည် (Discussion & Debate) (တိဘက်ပညာရေးစနစ်လေ့လာရန်၊ ကထာဝတ္ထုနှင့် မိလိန္ဒပဥှာ)
  9. ဘာသာစကားစွမ်းရည် (မြန်မာစာ၊ ပါဠိ၊ အင်္ဂလိပ်စာ) 
  10. ဗာဟုဿစ္စစွမ်းရည်
  11. အချိန်စီမံခန့်ခွဲမှုစွမ်းရည်
  12. စူးစမ်းလေ့လာလိုစိတ် (Curiosity) 
  13. စဥ်ဆက်မပျက်လေ့လာသင်ယူခြင်း (life-long learning, self-studies) 
  14. ဖန်တီးမှုနှင့် တီထွင်မှုစွမ်းရည် (Creativity & Innovative) 
  15. ဒစ်ဂျစ်တယ်အသိပညာ (Digital Literacy)
  16. သတင်းအချက်အလက် စီစစ်နိုင်မှုစွမ်းရည် (Fact Check) 
  17. ယဥ်ကျေးစွာ ပြောဆို၊ ပြုမူတတ်မှု 
  18. စာနာမှု၊ ငဲ့ညှာသနားမှုနှင့် သဘောထားကြီးမှု 
  19. စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း (EQ)  
  20. စိတ်ကောင်းရှိမှု 
  21. ရိုးသားမှုနှင့် အမှန်တရားကို မြတ်နိုးမှု 
  22. တာဝန်ယူတတ်သောစိတ်  
  23. စည်းကမ်းလိုက်နာမှု 
  24. ပူးပေါင်းဆောင်ရွက်တတ်မှု  
  25. ပြဿနာကို ဖြေရှင်းနိုင်စွမ်း 
  26. မိတ်ကောင်းနှင့်မိတ်တု ခွဲခြားသိမြင်နိုင်စွမ်း (မိတ္တဗလ - မိတ်ဆွေတွေရဲ့ အရေး ပါမှုကိုလည်း မီးမောင်းထိုးပြရန်) 
  27. ပစ္စည်းပစ္စယများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (မိမိပိုင်ပစ္စည်းနှင့် အများပိုင် ပစ္စည်းများကို တရိုတသေ ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း) 
  28. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး 
  29. ရောင့်ရဲမှု (သန္တုဋ္ဌိ)နှင့် ခြိုးခြံချွေတာမှု  
  30. သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ခြင်း (တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်) 
  31. ကျန်းမာသန်စွမ်းဖြက်လက်မှု






Tuesday, October 21, 2025

စာဖြေ စာသင်တိုက်များ

  1. ကြီးသဲလေးထပ်ကျောင်းတိုက် (ဒေါက်တာစန္ဒာဝရ)
  2. ညောင်ရမ်းပရိယတ္တိစာသင်တိုက်
  3. မဟာစကြာကျောင်းတိုက် (ဦးပညာနန္ဒ)
  4. ရာဇဌာနီသာမဏေကျော် စာသင်တိုက် (တေဇောဘာသ)
  5. သာမဏေကျော်စာသင်တိုက် (ပဲခူး)
  6. သန်လျင်မင်းကျောင်း

Friday, October 10, 2025

နပသ ပြဋ္ဌာန်းကျမ်းစာများ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် နှင့် တက္ကသီလ ဓမ္မာစရိယ ဟူသည်….

===========================================

နိဒါန်း

===

မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများအနက် မြန်မာနိုင်ငံသည် ရွှေရောင်တောက်ပသော စေတီဘုရား များ၏ အရှိအဝါ အကျော်အစောကြောင့် Golden Land ရွှေရောင်နိုင်ငံတော်ဟု ကမ္ဘာမှ အသိအမှတ်ပြု လက်ခံထားသော နိုင်ငံတစ်ခုဖြစ်ပေသည်။ ထိုနည်းတူစွာ ထေရဝါဒ ရဟန်းတော်များလောကမှာ တိပိဋက၊ ဓမ္မာစရိယ၊ ပထမပြန် အစရှိသော ရိုးရာပညာရေး၏ ထင်ရှားမှုမှာလည်း အများသူငါ အံ့ဩယူရလောက်သည်အထိ ထူးချွန်ပြောင်မြောက်ကြသည်။ တိုးတတ် ပြောင်းလဲလာသော ခေတ်နှင့်အညီ များစွာသော ဗုဒ္ဓဘာသာ ကောလိပ်များ၊ တက္ကသိုလ်များ အသီးအသီး ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ 


ထိုကဲ့သို့ များပြားလှသော ဗုဒ္ဓဘာသာတက္ကသိုလ် ကောလိပ်များအနက် တိပိဋကတို့၏ ဖခင်ဟု တင်စားခေါ်ဝေါ် ထိုက်သော မင်းကွန်းဆရာတော်ဘုရားကြီး၏ အနာဂါတ်သာသနာအရေးကို မြှော်ဆတွေးလျက် မြန်မာပြည်အဝှမ်းလုံးသို့ လှည့်လည်ကာ တရားရေအေး တိုက်ကျွေးပြီးနောက် ရရှိလာသော ဓမ္မပူဇာ အလှူငွေများကို မတည်လျက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့ကို ဦးဆောင်လျက် တည်ထောင်တော်မူခဲ့လေသည်။ တက္ကသိုလ်၏ ရေရှည် ရပ်တည်နိုင်ရေး မျှော်ဆတွေးလျက် ပုဂ္ဂလိက တက္ကသိုလ်အဖြစ် အမည်နာမ မခံယူပဲ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် နိုင်ငံတော် အစိုးရသို့ အပ်နှင်းလှူဒါန်းခဲ့လေသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင်ရာတွင် ပရိယတ္တိမူဝါဒကြီးလေးရပ်ကို အခြေခံပြီး

ရှေးရိုးနည်းတည်၊ ဆင့်ကာထွင် ဆိုသည့် နည်းလမ်းအတိုင်း ရိုးရာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ များသာမက အခြား သာသနာပြု အထောက်အကူပြု ဘာသာရပ်များဖြင့် ထည့်သွင်းပြဌာန်းကာ စနစ်တကျ သင်ကြားပို့ချပေးလေသည်။ သို့အတွက် ဤစာစုဖြင့် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်များ၏ အခြေခံ သင်ရိုးညွှန်းတမ်းများကို အများသူငါ လေ့လာသိရှိပြီး သဒ္ဓါတရားပွားများစေရန် ရည်သန်လျက် မိမိ၏ ကိုယ်တွေ့ အတွေ့အကြုံ၊ ခံစားချက်များပါမကျန် အခန်း ၆-ခန်း ခွဲလျက် တင်ပြလိုက်ရပေတော့သည်။

သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism) ဟူသည် (၁)

@@@@@#######@@@@@

#စာသင်သားတစ်ပါးအတွက် မူလ အဓိက ပန်းတိုင်မှာ စာပေ တတ်မြောက်ကျွမ်းကျင်ရေးပင် ဖြစ်ပြီး ဘွဲ့တံဆိပ်ဆိုသည်မှာမူ အသိအမှတ်ပြုလွှာ တစ်ခု ဟုသာဆိုရပေမည်။

#ထို့ထက် အဆင့်မြင့်ကာ အဓိကအချက်ကို ဆိုရသော်…

မြတ်ဗုဒ္ဓ၏ တရားတော်များကို နားလည်ဖို့ရန်နှင့် အစဉ်အဆက်မပြတ်၊ ရေရှည်အဓွန့်တည်တံ၊ ပြန့်ပွားရေး။ သိရှိပြီးသော အသိပညာရပ်မှသည် အကျင့်ပညာသို့တစ်ဆင့်တက်ကာ သံသရာလွတ်မြောက်ရေးသည် အဓိက ပန်းတိုင်ဖြစ်သည်။

သာသနတက္ကသီလ ဓမ္မာစရိယ ဟူသည်

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့များတွင် ပထမအဆင့် ဘွဲ့တစ်ခုဖြစ်ပြီး ပြင်ပ Bachelor of Arts နှင့် အဆင့်တူ ဘွဲ့တစ်ခုဖြစ်သည်။

ထိုနည်းတူစွာ ပြင်ပစာသင်တိုက်များမှ ဝင်ရောက်ဖြေဆိုသည့် သာသနဓဇဓမ္မာစရိယ နှင့် အဆင့်တူသင်ကြားရခြင်းပင်ဖြစ်သည်။

ဤ နေရာတွင် စာသင်တိုက်ကြီးမှ စာသင်သားများက စောဒက တက်စရာ ရှိပါသည်။

ငါတို့လောက် စာအံချိန်၊ စာဝါချိန် မများဘူး မလေ့လာရဘူး ဟု ဆိုဖွယ် ဖြစ်သည်။

#မိမိကိုယ်တိုင်လည်း ပြင်ပ စာသင်တိုက်ကြီးတွေမှာ စာချတန်းအတွက် ကျမ်းရင်း သုံးကျမ်းလုံးကို စနစ်တကျ လေ့လာခဲ့ပြီးမှ တက္ကသိုလ်ကို တတ်ရောက်ခဲ့ခြင်းပါ။ သို့သော်…ချွင်းခြက်အဖြစ် အချို့သော ကျောင်းသားများမှာ စာချတန်းစာဝါ အနည်းငယ်သာ လိုက်ခဲ့ဖူးပြီး တက္ကသိုလ်ရောက်မှ စနစ်တကျ လေ့လာ သင်ကြားရသူလည်း ရှိပါသည်။

အနည်းငယ် တက္ကသီလဓမ္မာစရိယတန်းအတွက် သင်ကြားရသည့် ဘာသာရပ်များကို မိတ်ဆက်တင်ပြလိုပါသည်။ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်တွင် ဘာသာရပ်သင် မဟာဌာန (၇) ခုရှိပြီး ဘာသာရပ် (၇) ခုကို လေ့လာသင်ကြားရပါတယ်

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သတ်မှတ်ပြဌာန်း သင်ကြားနေသော ဘာသာရပ်ကြီး (၇) မျိုးမှာ-

(က) ဝိနယဘာသာ

( ခ ) သုတ်တန်တဘာသာ

( ဂ) အဘိဓမ္မာဘာသာ

(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဘာသာ

( င ) ပိဋကတ်ဆိုင်ရာမြန်မာစာပေဘာသာ

( စ ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဘာသာ

(ဆ) ဗုဒ္ဓဒေသေနာပြန့် ပွားရေးပညာဘာသာ တို့ပဲ ဖြစ်ကြပါတယ်။

ထိုအထဲတွင် အဓိကဘာသာရပ်များမှာ ဝိနည်း၊သုတ္တန်၊အဘိဓမ္မာ တို့ဖြစ်ကြပြီး ပါဠိဘာသာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပြန့်ပွားရေးပညာဘာသာရပ်များမှာ အထောက်အကူပြုဘာသာရပ်များဖြစ်ကြပေသည်။

#အဓိကဘာသာရပ်ကြီး ၃-ခု၏ သင်ရိုးပြဌာန်းစာများမှာ အစိုးရဓမ္မာစရိယ နှင့် အတူတူပင်ဖြစ်ပြီး သင်ကြားမှု နည်းစနစ်အရမူ

(က) ရိုးရာနည်း၊

(ခ) ခေတ်လေ့လာနည်း ဟု အပိုဆောင်း ထပ်မံလေ့လာသင်ယူကြသည့် အခါ ခေတ်လေ့လာနည်း ပိုလာပါတယ်။

#သာသနတက္ကသီလဓမ္မာစရိယ (ပထမနှစ်) ဝိနယဘာသာအတွက်…

အကျယ်မရေးတော့ပဲ ရိုးရာနည်းနဲ့ ခေတ်လေ့လာနည်း နှစ်ခုကို မိတ်ဆက်ပေးလိုက်ပါမည်။

#ရိုးရာနည်းအရ…

၁) ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ သုံးစွဲရိုးဖြစ်သော အနက်ပေးနည်းများကို အတ္ထယောဇနာဆိုင်ရာ နိယံကျမ်းလာ နည်းစနစ်များ၊ အာစရိယဝါဒများဖြင့် သင်ကြားခြင်း။ (လုံးကောက်ဘာသာပြန်နည်းကို နည်းအမျိုးမျိုးဖြင့် လေ့လာခြင်း)

၂) အတက်အထွက်၊ စုဒ်၊ စောဒနာများကို သင်ကြားခြင်း။ (ရှေ့ဝါကျ (သို့) ရှေ့စကားလုံးကို ထောက်ဆ၍ စာရေးဆရာ၏ အယူအဆများကို ကောက်ချက်ချခြင်း (သို့) ဝါကျများကို အချိတ်အဆက်မိမိ ရေးတတ်အောင် လေ့လာခြင်း (သို့)မေးခွန်းမေးနည်းနှင့် ချေပနည်းကို လေ့လာခြင်း)

၃) ဝါကျအမျိုးမျိုးအကြောင်း၊ ဝါကျအမည်၊ ဝါကျတစ်ခုမှ တစ်ခုသို့ ဆက်သွယ်ပုံ၊ ဆင်းသက်ပုံ၊ ဝါကျ၌ အပြစ်ဒေါသ သင့်ပုံများကို သင်ကြားခြင်း။ (ဝါကျတည်ဆောက်ပုံကို နည်းအမျိုးမျိုးဖြင့် လေ့လာခြင်း)

၄) ဝိဂ္ဂဟပြုပုံ၊ ဉာသ်ကောက်ပုံများကို သင်ကြားခြင်း။ (ပါဠိစကားလုံးတစ်လုံးကို ဓါတ်ကို အခြေခံ၍ သဒ္ဒါနည်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခြင်းနှင့် ယင်း၏ အနက်များကို အသေးစိတ်ဖော်ထုတ် နားလည်ခြင်း)

၅) ဓါတ်၊ ပစ္စည်း၊ ဝိဘတ်၊ လိင်၊ ကာရက၊ ကြိယာတို့၏ အဓိပ္ပါယ်နှင့် အဆုံးအဖြတ်ကို သင်ကြားခြင်း။

၆) အဋ္ဌကထာဆရာ၏ အာဘောဂနှင့် သံဝဏ္ဏနာများကို သင်ကြားခြင်း။ (စာရေးဆရာ၏အယူအဆများ (သို့) စကားလုံး၏ အနက်အဓိပ္ပါယ်များကို ကောက်ချက်ချ လေ့လာခြင်း)

၇) ပုဒ်မှား၊ ပုဒ်မှန်ဆုံးဖြတ်နည်း(ပါဌဝိနိစ္ဆယ) များကို သင်ကြားခြင်း။

၈) ပဒတ္ထ၊ အဝယဝတ္ထ၊ ပိဏ္ဍတ္ထများကို ထုတ်ပြလျက် နည်း၊ ဥပစာများကို သင်ကြားခြင်း။ (နည်း၊ ဥပစာများကို လေ့လာခြင်းနှင့် ပါဠိစကားလုံးတစ်ခုကို ဓါတ်ကိုအခြေခံ၍ သဒ္ဒါနည်း၊ အဘိဓမ္မာနည်းများကို လေ့လာခြင်း)

၉) ပါဠိဝါကျရေးနည်းများကို သင်ကြားခြင်း။

၁၀) ပဒတ္ထ၊ အဝယဝတ္ထ၊ ပိဏ္ဍတ္ထများကို ထုတ်ပြလျက် နေတ္ထိနည်းဖြင့် သင်ကြားခြင်း။ (ပါဠိစကားလုံးတစ်ခုကို ဓါတ်ကိုအခြေခံ၍ သဒ္ဒါနည်း၊ အဘိဓမ္မာနည်းများဖြင့် လေ့လာခြင်း)

၁၁) စာစပ်နည်းအမျိုးမျိုးကို သင်ကြားခြင်း။

၁၂) ပြဋ္ဌာန်းကျမ်းစာပါ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများလာ ဝါကျတစ်ခု၊ စာပိုဒ် တစ်ခု၊ ကဏ္ဍတစ်ရပ်စီ၌ ပါဝင်သော အဓိပ္ပါယ်များကို သင်ကြားခြင်း။

၁၃) ဂန္ထန္တရနည်းများ၊ အတ္ထဝိနိစ္ဆယများကို သင်ကြားခြင်း။

၁၄) ပါဠိကို မြန်မာပြန်ဆိုခြင်းနှင့် မြန်မာကို ပါဠိဘာသာပြန်ဆိုခြင်း။

၁၅) ပါဠိတော်ကို အဋ္ဌကထာ၊ ဋီကာကျမ်းတို့နှင့် တွဲဖက်၍ သင်ကြားခြင်း။

၁၆) ဝါကျအနေအထားကို စီစစ်ခြင်းနှင့် ဝါကျတစ်မျိုးမှ ဝါကျတစ်မျိုးသို့ ပြောင်းလဲ ရေးသားခြင်း။

၁၇) အပေါင်းဝါကျကို အစိတ်စိတ်ရေးနည်း၊ အစိတ်ဝါကျကို တပေါင်းတည်း ရေးနည်း ကို သင်ကြားခြင်း။

၁၈) အသိခက်သော သမာသ်ပုဒ်များကို အဋ္ဌကထာ၊ ဋီကာအလို သဒ္ဒါကျမ်း အဆိုအမိန့်များဖြင့် စိစစ်တင်ပြခြင်း။

၁၉) ကျမ်းတစ်ကျမ်းနှင့်ဆက်သွယ်ပြခြင်း၊ အဆိုကွဲပြားရာ၌ ကျမ်းညှိခြင်းနှင့် အဆုံးအဖြတ် ဝိနိစ္ဆယများကို သင်ကြားခြင်း၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်များ သိသင့်သိထိုက်သော အကြောင်းအရာများကို သင်ကြားခြင်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများကို ကိုင်တွယ်သုံးသပ်ဆုံးဖြတ်ပုံ လုပ်ထုံးလုပ်နည်း များကို သင်ကြားခြင်း။

၂၀) သိက္ခာပုဒ်အင်္ဂါရပ်များနှင့် ချိုးဖောက်မှုကြောင့် သင့်ရောက်နိုင်သော အာပတ်များကို သင်ကြားခြင်း။ 

၂၁) ကမ္မာကမ္မဆိုင်ရာ ဝိနိစ္ဆယများကို သင်ကြားခြင်း။ 

ထူးခြားချက်အနေနဲ့ ပထမနှစ်မှာ စည်းမျဉ်းများကိုသာ အဓိကထားပြီး သင်ကြားပို့ချတာ ဖြစ်ပါတယ်။

သို့အတွက် မေးခွန်းအနေအားဖြင့်

၁။ အတ္ထယောဇနာ

၂။ ဝါကျသဒ္ဒါ

၃။ ကျမ်းရိုးနည်းစနစ်

၄။ အဓိပ္ပါယတ္ထ ဆိုပိုင်း အပိုင်းခွဲထားပါတယ်။

#ဒုတိယနှစ်က စလို့ စတုတ္ထနှစ်အထိကိုတော့ အစိုးရဓမ္မာစရိယပြဌာန်းစာအတိုင်းကို စာမျက်နှာခွဲပြီး သတ်မှတ်ပြဌာန်းထားတာပါ။

ဒုတိယနှစ် 

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ) (စာမျက်နှာ ၁ မှ ၁၆၈ထိ)

၃။ ဝဇိရဗုဒ္ဓိဋီကာ (စာမျက်နှာ ၁ မှ ၆၅ထိ)

၄။ သာရတ်ထဒီပနီဋီကာ(ပ)

၅။ ဝိမတိဝိနောဒနီဋီကာ(ပ) (စာမျက်နှာ ၁ မှ ၉၈ ထိ)

၆။ ပါရာဇိကဏ် ပါဠိတော် နိဿယများ

၇။ ဂန်ထာဘရဏ ပါဠိ

၈။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း

၉။ နေတ္တိ အရကောက်ကျမ်း

၁၀။ သာသနာ့တက္ကသိုလ်နိယံပေါင်းချုပ်

တတိယနှစ်

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ) (၁၆၉ မှ ၃၄၆)

၃။ ပါရာဇိကကဏ္ဍအဋ္ဌကထာ (ဒု) (၁ မှ ၇၃)

၄။ ဝဇိရဗုဒ္ဓိဋီကာ (၆၆ မှ ၁၇၀)

၅။ သာရတ္ထဒီပနီဋီကာ(ဒု) (၁ မှ ၂၇၈)

၆။ ဝိမတိဝိနေဒနိဋီကာ(ပ) (၉၉ မှ ၂၄၀)

စတုတ္ထနှစ်

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ဒု) (၇၃ မှ ၃၁၂)

၃။ ဝဇိရဗုဒ္ဓိဋီကာ(၁၇၀ မှ ၂၈၅)

၄။ သာရတ်ထဒီပနီဋီကာ(ဒု) (၂၇၈ မှ ၄၄၈)

၅။ ဝိမတိဝိနေဒနီဋီကာ (ပ) (၂၄၀ မှ ၃၆၂) တို့ဖြစ်ပါတယ်

#မေးခွန်းပုံစံကိုကြည့်ရအောင်ပါ

၁။ အတ္ထ ယောဇနာ

၂။ ဝါကျသဒ္ဒါ

၃။ အဓိပ္ပါယတ္ထ

၄။ ခေတ်လေ့လာနည်းဆိုပြီး လေးပိုင်းခွဲထားပါတယ်။

ခေတ်လေ့လာနည်း ၂ ပုဒ်မှာ တစ်ပုဒ်ကို ရေးချိန် နာရီဝက်စီထား ၂ ပုဒ် ၁ နာရီ အချိန်ပေးရမှာဖြစ်ပါတယ်။

ဒါကလည်း ၂၀ ဖိုးမှ ၁၅မှတ်ရတာ ၁၀ ပါး၊ ၁၅ ပါးထက်မကျော်ပါဘူး။ ပုံမှန် (၁၀) မှတ်ရရင် ကံကောင်းပါ။

#ဆိုတော့ကား (၉၀) ဖိုးပဲ ဖြေရတဲ့အနေအထား။

ကျန်တဲ့ သုံးခုကို အနက်က မလှည့်ထားရင် သို့ နည်းစနစ် မရထားရင် အမှတ်ပြည့်မလွယ်။

တက္ကသိုလ်မတက်ခင် အပြင်က စာချတန်း ကောင်းကောင်းမလုပ်ခဲ့ရင် တက္ကသိုလ်မှာ ကျမ်းရင်းသုံးကျမ်းအတွက် အတော်ပင်ပန်းပါတယ်။ တက္ကသိုလ်တက်နေရင်းနှင့် အစိုးရဓမ္မာစရိယ ဝင်ရောက်ဖြေဆို အောင်မြင်သူတွေလည်း ဒုနဲ့ဒေးပါပဲ။

ပညာသင်ကာလနှင့် သင်တန်းချိန်ကို တစ်ချက် ကြည့်ရအောင်ပါ။ နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်းနှစ်ဝက်နှင့် နယုန်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ်ရက်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ သတ်မှတ်ထားပါသည်။ 

သင်တန်းချိန်အား လစဉ် လပြည့်၊ လကွယ်၊ (၇)ရက် အဖိတ်၊(၈)ရက်ဥပုသ်နေ့များမှအပ နေ့စဉ် နံနက် (၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ (၁၀:၀၀) နေ့စာသင်ချိန်၊ (၁၀:၃၀)နာရီမှ(၁၁:၀၀) နာရီ ထိနေ့ဆွမ်း၊ နေ့လည်(၁၃:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအထိ ညနေစာသင်ချိန်၊ ညနေ(၁၇:၄၅) နာရီမှ (၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။ ဒါတင်မကပဲ နောက်ထပ် လိုအပ်ချက်များကို ကြည့်ကြဦးစို့…။

#(၁) သာသနတက္ကသီလဓမ္မာစရိယ(B.ABuddhism) ဘွဲ့ အတွက် စာသင်နှစ်(၄)နှစ်သင်ယူပြီး တောင်တန်းသာသနာပြု (၂)နှစ်ထမ်းဆောင် ရမည် ဖြစ်သည်။

#သင်တန်း လေးနှစ်အပြင် သာသနာ့တက္ကသီလဓမ္မာစရိယတန်း (စတုတ္ထနှစ်) သင်တန်းသားများသည် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ရက်အတွင်း ကျန်းမာရေးအထောက်အကူပြု အခြေခံသင်တန်းအဖြစ် အရှေ့တိုင်းနှင့် အနောက်တိုင်း ဆေးပညာများကို (၁)လခန့် တက်ရောက်သင်ယူရပါသည်။

#ဒုတိယ နှစ်ဝက်တွင် သင်ကြားရေးဌာန(၇)ဌာနက ကျရာမဲစနစ်ဖြင့် ချမှတ်ပေးသော စာတမ်းခေါင်းစဉ်များကို အနည်းဆုံး စာမျက်နှာ(၅၀)ရှိစာတမ်းကို ရေးသား၍ အတန်းတင်စာမေးပွဲမဖြေမီ မော်ကွန်းထိန်းဌာနသို့ မဖြစ်မနေ တင်သွင်းရပါသည်။ #ထို့နောက် တက္ကသိုလ်၏ အစီအစဉ်ဖြင့် မဟာစည်နည်းအတိုင်း (၁၀)ရက်တိတိ ပဋိပတ်အလုပ် တရားအားထုတ်ရပါမည်၊ #ထို့နောက် စာမေးပွဲ အောင်မြင်ပြီးသောအခါ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုတာဝန်(၂)နှစ် မဖြစ်မနေသွားရောက်ထမ်းဆောင်ရပါသည်။ တာဝန်ကျေပွန်မှသာလျှင် (B.A Buddhism)ဘွဲ့ ခံယူခွင့်ရှိပါသည်၊ တာဝန်မကျေပွန်လျှင်(B.A Buddhism)ဘွဲ့ ခံယူခွင့် မရှိပါ။

#တောင်တန်းမှာ အသက်စွန့်သွားခဲ့ရတဲ့ နောင်တော်များ၊ ရဟန်းဘဝစွန့်သွားခဲ့ရသည့် နောင်တော်များလည်း တပုံတပင်။

အပြန်မှာ ငှက်ဖျားလက်ဆောင်သယ်လာသူတွေလည်း တပုံတပင်။ မိမိသည်ပင် ထိုစဉ်က ငှက်ဖျားလက်ဆောင်ကို ခုထိသယ်ဆောင်ထားဆဲဖြစ်သည်။

သာသနာ့တက္ကသိုလ်များ စတင်တည်ထောင်စဉ်အခါက တစ်ချို့အပိုင်းများမှာ အားနည်းချက် ရှိခဲ့ဟန်တူသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ အထူးသဖြင့် မန္တလေးဌာနခွဲမှာ စည်းမျဉ်းများ ပညာရေးသတ်မှတ်ချက်များကို သံမဏိစည်းမျဉ်းအလား လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။

အထူးသဖြင့် စမ ကိစ္စ ကင်းရှင်းစေပါတယ်။ သံသယ ဖြစ်သည်ဆိုသည်နှင့်တပြိုင်နက် တက္ကသိုလ်က ချက်ချက် ထုတ်ပယ်ပါတယ်။ ထို့အပြင် အစိုးရဖြေစဉ် စမ မသင်္ကာတွေ့သော်လည်း တက္ကသိုလ်မှ ထုတ်ပယ်ပါတယ်။

ထိုအချက်များက စာသင်သားများ၏ အရည်အသွေး စံနှုန်းကို အတိအကျ စစ်ထုတ်ပေးထားပါတယ်။

#သို့သော်… အပြင်ဖြစ်စေ၊ တက္ကသိုလ်တွင်းဖြစ်စေ စာအောင်ယုံဆိုသည်ထက် တတ်ကျွမ်းဖို့ကိုမူ ပုဂ္ဂလိက စိတ်ဝင်စားမှု နှင့် ကြိုးစားအားထုတ်မှု အပေါ်တွင်သာ မူတည်မည်ဖြစ်သည်။

#မိမိအတွက်မူ… စာသင်တိုက်များတွင် လစဉ် အပါတ်စဉ်စာမေးပွဲများမှာ ဒဏ်မှတ် (၅၀) ဖြစ်သည်မို့ မည်သည့်အခါမှ ဒဏ်မထမ်းခဲ့ရဘူးခဲ့သလို့ တက္ကသိုလ်မှာ အောင်မှတ် (၆၅) ဂုဏ်ထူး (၈၅) မှာ တစ်ခါမှ မကျခဲ့ဘူးပါဘူး။

#အမြဲမဟုတ်သော်လည်း ရံခါ ဝိနည်း၊ သုတ္တန်က ဂုဏ်ထူးထွက်ခဲ့ဘူးပါတယ်။

#နိဂုံးချုပ်အနေအားဖြင့်….။

#ပုထုဇဉ်လူသားတစ်ယောက်ပီပီ ကိုယ်တိုင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယဖြင့် ရထားတဲ့ အသိအမှတ်ပြုလွှာအပေါ်မှာတော့ တန်ဖိုးထားမိတာ အမှန်ပါပဲ။

#နောက်ထပ် မာစတာ၊ ပါရဂူတွေမှာလည်း ကိုယ့်စိတ်သန့်သန့်နဲ့ ကိုယ်တိုင် အားထုတ်ယူထားတဲ့ အသိအမှတ်ပြုလွှာတွေပါပဲ။ ရေပေါ်ဆီ မပါဘူးဆိုတာ ကိုယ့်ဘာသာ အသိဆုံးမို့ ကိုယ့်စိတ်ကို သန့်ရတယ်ပေါ့။

#တက္ကသီလကို မြတ်နိုးတန်ဖိုးထားသလို ထိုနည်းတူစွာ သာသနဓဇကိုလည်း လေးစားကြည်ညိုပြီးသားပါ။ နှိုင်းယှဉ် ချိန်ပြကာ သူသာတယ်၊ ငါသာတယ် ဆိုတာမျိုးက ကလေးအတွေးသာသာမျှ ဖြစ်သည်မို့ ဘယ်သောအခါမှ မတွေးမိခဲ့ပါဘူး။

#တကယ်က လက်တွေ့ဘဝမှာ သာသနာ့တာဝန်ကို ရောက်ရာအရပ်ကနေ တတ်စွမ်းသမျှ ထမ်းဆောင်နေဖို့ပါပဲ။ ကိုယ်တိုင်လည်း ခုချိန်ထိ နေ့စဉ်နှင့်အမျှ လေ့လာသင်ယူတယ်။

#သိသမျှလေးကို ကိုယ်စွမ်းရာ ပတ်ဝန်းကျင်မှာ ဝေငှတယ်။ ကိုယ့်အတွက် ကိုယ့်အလုပ်ကို လုပ်နေရတာကိုပဲ ကျေနပ်နေတာပါ။


သာသနတက္ကသီလဓမ္မာစရိယ = B.A (Buddhism) ဟူသည် (၂)

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင်

ဘီအေတန်းအတွက် သင်ကြားရသည့် ဘာသာရပ်များတွင် ဝိနည်း၊သုတ္တန်၊အဘိဓမ္မာ (ကျမ်းရင်းသုံးကျမ်း) ကို အဓိက major ဘာသာရပ်များနောက်တွင် ကျောင်းသားများ ကြောက်ရလေ့ရှိသည့် ဘာသာရပ်မှာ ပိဋကတ်ဆိုင်ရာ ပါဠိဘာသာရပ်ဖြစ်သည်။

ကျမ်းရင်းသုံးကျမ်းဖြေပြီးနောက် ပါဠိဘာသာ ဖြေဆိုပြီးချိန်တွင်မှ ကျောင်းသား အများစုမှာ သက်ပြင်းချနိုင်ကြလေသည်။ ကျစရာရှိလျှင်လည်း ကျမ်းရင်းများနောက် ပါဠိက ကပ်ပါလာတတ်သည်။ သို့အတွက် လေးဘာသာကျပြီဆိုလျှင် စိုးရိမ်ရေမှတ်ရှိသည်။

၅ ဘာသာအထက် ၂ ခါ ဆက်တိုက်ကျလျှင် တစ်နှစ်ထဲ ကျောင်းမှ ထုတ်ပယ်ခံရတတ်လေသည်။

လုံးဝမရှိဟု… ပြောလို့မရပါ။ မည်မျှဝင် ရေးဖြေ၊ လူတွေ့ စစ်ဆေးစေကာမူ အဆင်မပြေသည့် ကျောင်းသားများလည်း ခြွင်းချက် ပါလာတတ်သည်သာ။

မှတ်မှတ်ရရ မိမိတို့ ပထမနှစ်စတက်စဉ်က ဘွဲ့မမှတ်မိသော်လည်း ထူးခြားသည့် သူ့၏ မြန်မာစာ စာစီကုံးနှင့်အတူ တစ်နှစ်တည်း တပ်ဆုပ်သွားခဲ့ရသည့် ကျောင်းသားတစ်ပါး ပါခဲ့ဘူးသည်။

ထိုစဉ်က ပိဋကတ်ဆိုင်ရာ မြန်မာစာပေဘာသာရပ်အတွက် ဌာနမှူးဆရာတော်က စာစီစာကုံး လေ့ကျင့်ခန်း လုပ်ခိုင်းရာဝယ်…ကျောင်းသားအားကစားပွဲတော် ဟူသည့် ခေါင်းစဉ်ဖြင့် သူငယ်စဉ်က ကျောင်းတက်ခဲ့ရသည့် ဘဝကို အတော်လေး စာစီစာကုံးရေးသားခဲ့သည်ဟု မှတ်သားခဲ့ရလေသည်။

ရှိစေ..။ ယခု တင်ပြမိတ်ဆက်လိုသည်က ပိဋကတ်ဆိုင်ရာ ပါဠိဘာသာရပ် အကြောင်းဖြစ်သည်။

အကယ်စင်စစ် ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာနသည် ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်ျးမားကို အခြေခံ၍ ယင်းတို့နွင့် ဆက်နွယ်သော ပါဠိဖတ်စာများ၊ သက္ကတဖတ်စာများဖြင့် ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပေးသော ဌာနဖြစ်သည်။

၄င်းအပြင် ဌာနသို့ တင်သွင်းလာသော ကျမ်းဈာမား၊ စာတမ်ျးမားကိုလည်း စိစစ်၍ အဆင့်မီ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် လမ်းညွန် ပို့ချေပးပါသည်။

ပင်ရင်းကျမ်းစားများအနေဖြင့်

၁။ ပါဠိသဒ္ဒါကျမ်းများ 

၂။ သက္ကတသဒ္ဒါကျမ်းများ ဟု အုပ်စုခွဲကာ သင်ကြားရခြင်းသည်။

ပြဌာန်းကျမ်းစာများအနေဖြင့်မူ အောက်ပါအတိုင်းဖြစ်သည်။

၁။ သဒ္ဒနီတိ

၂။ မောဂ္ဂလာနဗျာကရဏ

၃။ သဒ္ဒတ္ထဘေဒစိန္တာ

၄။ ကစ္စာယနသာရ

၅။ ပဒရူပသိဒ္ဓိ

၆။ ကစ္စယနဗျာကရဏ

၇။ ပါဠိတော်ကျမ်းများ

၈။ အဋ္ဌကထာ၊ ဋီကာကျမ်းများ

၉။ မဓျသိဒ္ဓန္တကောမုဒီ

၁၀။သီရိမင်္ဂလာပရိတ်တော်

၁၁။ ဂါထာများ

၁၂။ ဓမ္မစက္ကပဝတ္တနသုတ်

၁၃။ အနတ္တလက္ခဏသုတ်

၁၄။ ကလျာဏီကျောက်စာ (ပါဠိမူ)

၁၅။ ရာဇကုမာရကျောက်စာ (ပါဠိမူ)

၁၆။ ဟိတောပဒေသ

၁၇။ ဗုဒ္ဓစရိတ

၁၈။ မာဂဓီ၊ အဒ္ဓမာဂဓီ (ကောက်နှုတ်ချက်)

၁၉။ ပြာကတသဒ္ဒါ

၂၀။ အင်ဒို - ဥရောပဘာသာစကားများ (သမိုင်း)

၂၁။ A Practical Grammar of the Pali Language (Charles Duroiselle)

၂၂။ A Grammar of the Pali Language (V.Perniola)

၂၃။ Pali Language and Literature (W.Geiger)

၂၄။ A History of Indian Literature (Maurice Winternitz)

၂၅။ Pali Literature of Burma (Mabel Bode)

၂၆။ Asoka’s Edicts (Amulyachandra Sen)

၂၇။ Pali Literature of Ceylon (G.P Malasekera)

၂၈။ An Advanced History of India Patre Ancient India (R.C Majumdar)

၂၉။ Prakrta-pravesika

၃၀။ Introduction of Prakrit (A.C Woolner) တို့ဖြစ်ကြလေသည်။

#သင်ကြားပုံ

နည်းစနစ်များအနေဖြင့်လည်း ရိုးရာနည်း ခေတ်နည်း ဟု နှစ်ခု ခွဲခြားကာ ရိုးရာနည်းက (၃) ပုစ္ဆာ၊ ခေတ်နည်းက (၃) ပုစ္ဆာ ဖြေဆိုကြရလေသည်။

ရိုးရာပါဠိသဒ္ဒါနှင့်စာပေ အတွက်

၁) ပါဠိသဒ္ဒါကျမ်းများကို သင်ကြားခြင်း။

၂) ပါဠိစာပေသမိုင်း (မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ) ကို သင်ကြားခြင်း။

၃) ပါဠိစာပေ (ကောက်နှုတ်ချက်) များကို သင်ကြားခြင်း။

၄) ပါဠိဘာသာဗေဒ (သမိုင်း) ကို သင်ကြားခြင်း။

၅) ရှေးဟောင်းအိန္ဒိယနိုင်ငံသမိုင်းကို သင်ကြားခြင်း။

၆) ကျောက်စာများကို သင်ကြားခြင်း။

(က) အသောကကျောက်စာ

(ခ) ရာဇကုမာရကျောက်စာ

(ဂ) ကလျာဏီကျောက်စာ

၇) ပါဠိဝါကျများကို သင်ကြားခြင်း။

(က) ဝါကျရေးသားနည်းစနစ်များ။

(ခ) ပိဋကတ်တော်လာဝါကျများ။

(ဂ) ပါဠိဝါကျမျိုးစုံဖွဲ့စည်းမှုများ။

(ဃ) ပါဠိဝါကျများ ပြောင်းလဲရေးသားခြင်း။

(င) ပါဠိဘာသာမှ မြန်မာဘာသာပြန်ခြင်းနှင့် မြန်မာဘာသာမှ ပါဠိဘာသာသို့ ပြန်ခြင်း။

၈) ပါဠိတော်ကို အရေးအသားရှု့ထောင့်မှ သင်ကြားခြင်း။

၉) အဋ္ဌကထာ၊ ဋီကာမြား၏ ရေးဟန်ကို သင်ကြားခြင် တို့ကို လေ့လာသင်ယူရပါတယ်။

ခေတ်နည်းအရ သင်ကြားခြင်းမှာတော့

၁) အက္ခရာများ (ရောမ၊ဒေဝနာဂရီ)တို့ကို သင်ကြားခြင်း။

၂) သက္ကတ သန္ဓိ၊ ကာရက၊ သမာသ်၊ တဒ္ဓိတ်နာမ်များ၊ ကိတ်နာမ်များ၊ ဥပသာရနှင့် နိပါတ်များ၊ ဣစ္ဆတ္ထနှင့် ပုဗ္ဗကာလ ကြိယာများကို သင်ကြားခြင်း။၊

၃) သက္ကတဝိဘတ်သွယ်ခြင်းများကို သင်ကြားခြင်း။

(က) သက္ကတသရန္တနာမ်များ ဝိဘတ်သွယ်ခြင်း။

(ခ) သက္ကတဗျဉ္ဇနန္တနာမ်များ ဝိဘတ်သွယ်ခြင်း။

(ဂ) သက္ကတ ကြိယာများ ဝိဘတ်သွယ်ခြင်း။

၄) သက္ကတ ကမ္မဘာဝကြိယာ၊ ကာရိတ်ကြိယာ၊ နာမကြိယာ၊ တုမိစ္ဆတ္ထကြိယာ၊ ဘုသတ္ထကြိယာ (အတိသယတ္ထ)များကို သင်ကြားခြင်း။

၅) ပါဠိ၊သက္ကတစာပိုဒ်များ၊ ဂါထာများရေးဖွဲ့ပုံကို သင်ကြားခြင်း တို့ဖြစ်ပြီး

အနှစ်ချုပ်အားဖြင့်ဆိုသော် Philology နည်းအားဖြင့် ပါဠိ၊ သက္ကတ ပုဒ်များရဲ့ အဆင့်ဆင့် ပြောင်းလဲပုံများ၊ သက္ကတဖတ်စာများ၊ သက္ကတ ဂိုဏ်းစဉ်များကို သင်ကြားရတာပါ။

ရိုးရာနည်း သင်ကြားရာမှာ မိမိအတွက် ကံကောင်းသည် ဟု ဆိုရမည်လား မသိပါ။

တက္ကသိုလ်မတက်ခင်ကတည်းက အပြင်မှာ သဒ္ဒနီတိ၊ ဘေဒစိန္တာ နှင့် ကစ္စာယနသာရ တို့ကို ကျက်မှတ် လေ့လာခဲ့ဘူးသည်မို့ မိမိအတွက် စိမ်းမနေခဲ့ပါ။

သို့သော်… အများစုအတွက်မူ ထိုရိုးရာ ပါဠိသဒ္ဒါကျမ်းများသည်လည်း အစိမ်းသက်သက်ဖြစ်နေတတ်ကြသည်မို့ ပါဠိဘာသာကို ကြောက်ကြခြင်းဖြစ်ပေသည်။

#နောက်ထပ်

ကျောင်းသားများ ပါဠိဘာသာကို ကြောက်ရခြင်း အကြောင်းမှာ ပါဠိဌာနတာဝန်ကျ ဆရာများကို အခြားဌာနမှ ဆရာများထက် ပိုမိုကြောက်ရွံ့တတ်ကြပေသည်။

#အကြောင်းမှာ… အဆောင်နေစဉ်၊ အပြင်မှာ သဘော မည်မျှပင် ကောင်းစေကာမူ ပါဠိဆရာများက စာသင်ခန်းတွင် မျက်နှာထားတည်ကာ စာချည်းသက်သက် သင်လေ့ရှိသည့်အတွက်ဖြစ်သည်။

အမှတ်စစ်ရာတွင်လည်း ရိုမာန်လိုဖြေရသည့် ဘာသာဗေဒ ပုစ္ဆာများက တစ်လုံးကျသည်ဖြစ်စေ ပိုသည်ဖြစ်စေ အမှားခြစ်လျက် အမှတ်အတိအကျပေးရသည်မို့ တိတိကျကျ မမှန်ကန်ပါမူ အတော်မလွယ်သည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။

သို့အတွက် အပြင်မှာ ချစ်စရာကောင်းသလောက် စာသင်ခန်းမှာ ကြောက်စရာ ကောင်းအောင် ဘလက်ဘုတ် အပြည့် စာရေးကာ သင်လေ့ရှိသည့် ဆရာများပေမို့ ချစ်ကြောက်ရရိုသေ ဟု ဆိုရပေတော့သည်သာ။

#သက္ကတ ဂိုဏ်းစဉ်များကို အသံထွက်ကျက်ကြသည့်အခါ အတော်ရယ်ရမည့် မြန်မာသက္ကတအသံထွက်မျိုးစုံကိုလည်း စာမေးပွဲဖြေခါနီးတိုင်း ကြားရစမြဲဖြစ်လေသည်။

ထိုနည်းတူစွာ အချို့က ဘာသာဗေဒ ရုပ်ပြောင်းပုံ၊ မူရင်းဓာတ်ရှာပုံများကိုပင် ရဟန်းတော်များဖြစ်သည့်အလျောက် ကိုယ်ပိုင် လင်္ကာလေးများစပ်ကာ ကျက်မှတ်ကြသည်ကိုလည်း ကြုံတွေ့ခဲ့လေသည်မို့ လွမ်းမောဖွယ်ပါ ညီနောင်များခင်မျာ…။

တစ်ချို့ကမူ *ဂစ္ဆတိ၊ ပါဠိ ဂမုကွာ၊ သက္ကတ ဂန်ဓာတ်၊ ဂန်ကနေ ဂစ္ဆပြောင်းကွာ ဆိုပြီး တစ်လုံးချင်း အာဂုံကျက်သူများလည်းရှိလေသည်။ ဂိုဏ်းစဉ်များကိုကျက်ရာတွင်လည်း ဒေဝါ့၊ ဒေဝဝု ဒေဝေါ … စသည်ဖြင့် အသံများစုံလင်လှပေသည်။

မည်သို့ဆိုစေ… သာသနတက္ကသီလဓမ္မာစရိယ အတွက် လေးနှစ်တာ ကာလအတွင်းမှာ စနစ်တကျ လေ့လာသင်ယူထားသည့် ရဟန်းတော်တစ်ပါးအတွက်

ရိုးရာ ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်းများနှင့် ဘာသာဗေဒ အခြေခံ အချက်အလက်များကို ကောင်းကောင်းကြီး အခြေခံရသွားသည်မှာ မလွယ်ပါပေ။

တစ်ဆင့်တက်ကာ အဆင့်မြင့်လေ့လာခြင်း၊ မလေ့လာခြင်းကမူ ပုဂ္ဂလိက စိတ်ဝင်စားမှု အပေါ်မှာသာ မူတည်မည်ဖြစ်ပေသည်။

ယနေ့ မိမိ လျောက်လှမ်းနေသည့် ပညာရေးလမ်းကြောင်းပေါ်ဝယ်…

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာနမှ ဆရာများ၏ ဂုဏ်ကျေးဇူးကြောင့်ပင် နောက်ထပ်သော အတန်းများအတွက် ပါဠိ၊သက္ကတ အထောက်အကူပြုခဲ့ခြင်းဖြစ်ပေသည်မို့ ပါဠိဆိုင်ရာ မိမိဘဝ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းအား ဤစာစုဖြင့် ဦးထိပ်ပန်ဆင် ကန်တော့ပန်း တင်လိုက်ရပေတော့သည်သာ….။


သာသနတက္ကသီလဓမ္မာစရိယ = B.A (Buddhism) ဟူသည် (၃)


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မှ ပေးအပ်သော တက္ကသီလဓမ္မာစရိယဘွဲ့ကို ပြင်ပ Bachelor of Arts နှင့် အဆင့်တူဟု သတ်မှတ်လို့ ရနိုင်ပါသလော… ဟု မေးဖွယ် ရှိသည့်အတွက်

တက္ကသီလ ရိုးရိုးဓမ္မာစရိယတန်းတွင် ပါဠိစာပေ နှင့်ပတ်သက်ကာ အပိုင်း (၂) တွင် အတော်အတန်သင့် မိတ်ဆက် ပေးခဲ့ပြီဖြစ်သည်။

လေ့လာကြည့်သော်… အဆိုပါ အပိုင်းမှာ မိတ်ဆက်သဘောဖြစ်သော်လည်း သုံးသပ်ကြည့်ရသော်… ပြင်ပ Oriental Studies သမားများနှင့် နှိုင်းယှဉ်ကြည့်လို့ ရမည်ထင်ပါသည်။

နည်းသည်၊ များသည် ဆိုသည်ထက် ရဟန်းတော်များအတွက် သင်ကြားရေးတွင်ရော စာမေးပွဲတွင်ပါ မိမိတို့ နပသ တွင် သံမဏိစည်းမျဉ်းအတိုင်းလိုက်နာကျင့်သုံးရတာပါ။

#တစ်ဖန် ယနေ့ တင်ပြ မိတ်ဆက်ပေးလိုသည်က ပိဋကတ်ဆိုင်ရာ မြန်မာစာပေ ဌာန မှ သင်ကြားပို့ချသည့် မြန်မာဘာသာရပ် နှင့် ပတ်သက်ကာ မိတ်ဆက် လိုပါသည်။

ပြင်ပတက္ကသိုလ်များရှိ မြန်မာစာ အထူးပြုများနှင့် အတော်အတန်သင့်ညီညွတ်မှု ရှိသည်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရဟန်းတော်များနှင့် မြန်မာစာ ဘာဆိုင်သနည်း… ဟု စောဒကတက်ဖွယ် ရှိပါပေတယ်။

သို့အတွက် ပထမအကြိမ် သံဃာ့အစည်းအဝေးကြီးကို သိဖို့လိုအပ်ပါတယ်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များရဲ့ ပညာရေးမူဝါဒများမှာ….

ပထမအကြိမ် ဂိုဏ်းပေါင်စုံ သံဃာ့အစည်းအဝေးကြီးက ချမှတ်ထားသော...

(၁) အကျင့်သိက္ခာမြင့်မားစေခြင်း၊

(၂) ပိဋကတ်ကျမ်းဂန်နှံ့စပ်စေခြင်း၊

(၃) ပါဠိဘာသာတတ်‌မြောက်ကျွမ်းကျင်စေခြင်း၊

(၄) မြန်မာစာပေအေရးအသားတော်စေခြင်း- ဟူသည့် ပရိယတ္တိမူဝါဒ လေးရပ်အနက်

မြန်မာစာပေအေရးအသားတော်စေခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပေသည်။

အကယ်စင်စစ် ထိုမူဝါဒမှာ ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှ ချမှတ်ခဲ့သည့် မူဝါဒပဲ ဖြစ်ပါတယ်။

ပထမပြန်စာမေးပွဲများတွင် ၁၉၉၉ ခုနှစ်အထိ မြန်မာစာပေ ဘာသာရပ်တစ်ခု ပါဝင်ခဲ့ဖူးပါတယ်။ မိမိကိုယ်တိုင် ပထမလတ်တန်းအထိ မှတ်မှတ်ရရ စိန္တကျော်သူ ဦးသြ ရဲ့ သြဝါဒထူးပျို့များကို ကျက်မှတ်လေ့လာခဲ့ရဖူးသည်ကို သတိတရရှိဆဲဖြစ်သည်။ ထိုခေတ်က ပါဠိစာပေအတွက် ပါဠိစာပေကောက်နှုတ်ချက်များအတန်းတိုင်းတွင် ထည့်သွင်းပြဌာန်းခဲ့ဖူးသည်။

#၂၀၀၀ ပြည့်နွစ်တွင် စနစ်သစ်ပထမပြန် ပြဌာန်းဈာမားအဖြစ် မြန်မာဘာသာအစား ဇာတ်အဋ္ဌကထာများကို အစားထိုးကာ သင်ကြားစေခဲ့သော်လည်း လိုအပ်သည့် ပါဠိနှင့်မြန်မာအေရးအသား တော်စေရန် ဆိုသည့် မူလ ရည်ရွယ်ချက်ကိုအကောာင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိကိုမူကား ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် သုတေသန လုပ်ရန် လိုအပ်နေသေးသည်သာတည်း။

ဦးစွာပထမ တက္ကသီလဓမ္မာစရိယ အတွက် ပြဌာန်းထားသည့် ကျမ်းစာအမျိုးအစားများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

၁။ လယ်တီဒီပနီပေါင်းချုပ်

၂။ မဟာဗုဒ္ဓဝင်

၃။ မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်)

၄။ စကားပြေသဘောတရားနှင့် စကားပြေအတတ်ပညာ (မောင်ခင်မင်၊ ဓနုဖြူ)

၅။ တက္ကသိုလ်စာပေးစာယူ မြန်မာစာ (ကောက်နှုတ်ချက်)

၆။ ဂါထာခြောက်ဆယ်ပျို (ရှင်အုန်းညို)

၇။ စတုဓမ္မသာရကိုးခန်းပျို့ (ရှင်မဟာရဋ္ဌသာရ)

၈။ ဆုတောင်းခန်းပျို့ (ရှင်မဟာသီလဝံသ)

၉။ ပါရမီတော်ခန်းပျို့ (ရှင်မဟာသီလဝံသ)

၁၀။ မဃဒေဝ လင်္ကာသစ် (မန်လည်ဆရာတော်)

၁၁။ မြန်မာသဒ္ဒါ (တွဲ-၁၊၂)

၁၂။ ဝေါဟာရတ္ထပကာသနီ

၁၃။ ဝေါဟာရလီနတ္ထဒီပနီ (လှေသင်းအတွင်းဝန်၊ ဦးချိန်)

၁၄။ သမန္တစက္ခု ဒီပနီ (မုံရွေးဆရာတော်)

၁၅။ ရာဇကုမာရ်ကျောက်စာ (မြန်မာမူ)

၁၆။ အမတ်ကြီးသိင်္ဃသူရ် ပုဂံကျောက်စာ

၁၇။ ညောင်ရမ်းကြီးသမီးကျောက်စာ

၁၈။ ဒိသာပါမောက် ကျောက်စာ

၁၉။ သင်ကြီးအဘိနန္တသူ ကျောက်စာ

၂၀။ သင်ကြီးဆရာတော်ကျောက်စာ

၂၁။ တောင်ဂူနီဘုရားကျောက်စာ

၂၂။ ကျစွာမင်းအမိန့်တော်ပြန်တမ်း

၂၃။ လောကထိပ်ပန် မင်စာ

၂၄။ မြန်မာစကားအဖွင့်ကျမ်း (ဦးဖိုးလတ်)

၂၅။ စကားပြောကျွမ်းကျင်အောင် ဘယ်လိုလုပ်မည်နည်း (ဆောင်းပါး) (ဦးတင်အောင်)

၂၆။ မဏိကုဏ္ဍလ ဝတ္ထု (ဝရာသင်္ဃနာထဆရာတော်)

၂၇။ ယသဝဎ္ဍန ဝတ္ထု (တောင်ဖီလာဆရာတော်)

၂၈။ ပါရာယနဝတ္ထု (ရှင်မဟာသီလဝံသ)

၂၉။ အနန္တကျေးဇူးနှင့် ဆံချည်တစ်မျှင်ဝတ္ထုတို (လေးမြင့်)

၃၀။ ဝေဿန္တရာဇာတ်တော်ကြီး (မင်းဘူးဦးသြဘာသ)

၃၁။ ဂမ္ဘီရ ကဗျာ (လယ်တီဆရာတော်)

၃၂။ ရေသည်ပြဇာတ် (ဦးပုည)

၃၃။ ပဒုမဇာတ် (ဦးပုည)

၃၄။ ဒေါနဆီမေတ္တာစာ (ဦးပုည)

၃၅။ ပြန်ပေးမေတ္တာစာ (ဦးပုည)

#နောက်ထပ် သင်ကြားပုံ နည်းစနစ်များကို လေ့လာကြည့်သော်…။

၁) မြန်မာသဒ္ဒါကို သင်ကြားခြင်း။ = သဒ္ဒါဝေါဟာရများ၊ = ဗျည်းများ၊ = ဝါစင်္ဂ(၉)မျိုး၊ ဥပမာ - နာမ်များ၊ နာမ်စားများ၊ = ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတများ၊ = ဝါကျများ၊

၂) မြန်မာဝေါဟာရများကို သင်ကြားခြင်း။ = စကားလုံးရင်းမြစ်၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အသုံးပြုပုံများ။

၃) မြန်မာစာပေသမိုင်းကို သင်ကြားပေးခြင်း။ = ခေတ်အလိုက်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များ၊ ကျမ်းစာများ၊ ဖွဲ့စည်းမှုများ၊

၄) မြန်မာစာပေကို သင်ကြားခြင်း။ = စကားပြေဖွဲ့စည်းပုံ၊ စကားပြေရေးဟန်၊ သုတ၊ ရသ အမျိုးအစား၊

၅) စကားပြေ သဘောတရားနှင့် စကားပြေအတတ်ပညာကို သင်ကြားခြင်း။ = စကားပြေ၏ အခြေခံလက္ခဏာများ၊ စကားသုံးပုံအတတ်ပညာ၊ ဝါကျဖွဲ့မှု အတတ်ပညာ၊ စာပိုဒ်ဖွဲ့မှုအတတ်ပညာ၊ စကားပြေရေးဟန် သဘောတရား များ။

၆) ပျို့၊ ကဗျာများကို သင်ကြားခြင်း။ = ပျို့၊ ကဗျာရေးသူအမည်၊ ပျို့၊ ကဗျာအမျိုးအစား၊ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ ဖွဲ့စည်းပုံ၊ ဝေါဟာရရှင်းလင်းချက်၊

၇) ကျောက်စာ၊ မင်စာများကို သင်ကြားခြင်း။ = ကျောက်စာသမိုင်း၊ ကျောက်စာရေးသူ၊ အကြောင်းအရာ၊ စကားသုံးဟန်၊ ဝါကျဟန်၊ စာပိုဒ်ဖွဲ့ဟန်၊ ဝေါဟာရရှင်းလင်းချက်။

၈) မင်စာများကို သင်ကြားခြင်း။ = အကြောင်းအရာ၊ စကားလုံးဖွဲ့စည်းမှု၊ ဝါကျဖွဲ့ထုံး၊

၉) ပြဇာတ်များကို သင်ကြားခြင်း။ = ပြဇာတ်သမိုင်း၊ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ဆောင်များနှင့် ဇာတ်ဆောင်စရိုက်၊ စာဟန်ပိုင်း၊ ဘန်းစကားများ၊ ဦးတည်ချက်များ၊ ခြုံငုံသုံးသပ်ချက်၊

၁၀) ဝတ္ထုများကို သင်ကြားခြင်း။ = ဝတ္ထုသမိုင်း၊ ရည်ရွယ်ချက်၊ ဇာတ်ဆောင်များ၊ ဇာတ်ဆောင်စရိုက်၊ ကာလဒေသဝန်းကျင်၊ ဝါကျဖွဲ့စည်းပုံ၊

၁၁) မေတ္တာစာများကို သင်ကြားခြင်း။ = မေတ္တာစာသမိုင်း၊ မေတ္တာစာ၏သဘော၊ မေတ္တာစာ၏ယေဘုယျ လက္ခဏာ၊ အကြောင်းအရာ၊ ဖှဲ့စညျးပုံများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။

#၂၀၀၀ ပြည့်နှစ်များမှသည် ၂၀၂၀ ဟူသည့် အနှစ် ၂၀ ကာလအတွင်းမှာ ရဟန်းတော်များရဲ့ မြန်မာစာပေ အရေးအသား နားလည်မှု စွမ်းအားများ စာသင်တိုက်များမှာ အတော်လေးလျော့ကျခဲ့ရသည်ကို တွေ့မြင်နိုင်သော်လည်း တက္ကသီလများအတွက် အစဉ်အလာမပျက် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အမျှော်အမြင် ကြီးမားမှုကို ထိန်းသိမ်းစောင့်လျက်သာ ရှိနေဆဲဖြစ်သည်ကို တွေ့ရမှာပါ။

#ထိုကဲ့သို့ စနစ်တကျ အနည်းဆုံး လေးနှစ်သင်ကြားခဲ့ရသူတစ်ပါးသည် ပုဂ္ဂလိက ၀ါသနာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အတော်အတန်သင့်သော မြန်မာစာပေ အရေးအသားပိုင်းတွင် နားလည်သဘောပေါက်ပြီး ဖြစ်မည်မှာမလွဲပါချေ။

#မိမိပုဂ္ဂလိက စိတ်အ၀င်စားဆုံး အကြောင်းအရာမှာ ကျောက်စာ နှင့် မေတ္တာစာ တို့ပင်ဖြစ်သည်။

ခုချိန်ထိ… ပုရ်ဟာ…ပုသျှာ…ဘာညာစသည်ကိုအတန်ငယ် မှတ်မိနေဆဲဖြစ်ပြီး….ဦးပုညရဲ့ ရေသည်ပြဇာတ်မှ …ဆံထုံးတော်ကြီး၊ တမာသီးနှင့်… စသည်ကိုလည်းကောင်း၊

မေတ္တသုတ်၊ တစ်စောင်လုံးကို၊ ပုဒ်မပါမကျန်၊ သိမ်းကြုံးကာပို့လိုက်သည်… စသည့် ဦးပုညရဲ့ စာပေရေးသားဟန်နှင့် စိတ်နေစိတ်ထားများကို အသင်အပြကောင်းသည့် မြန်မာစာဌာနမှ ဆရာများရဲ့ စေတနာ ဗလပွ သိနေဟ..ကြောင့် ခုထိကျောင်းပြီးခဲ့တာ ၁၂ နှစ်ရှိပြီဖြစ်သော်လည်း မှတ်မိနေဆဲပါလေ…။

#န.ပ.သ (မန်း)ရဲ့ ထင်ရှားသည့် စာဆိုတော် အချို့ဖြစ်သည့် တက္ကသိုလ်သောတုဇန (မဟာဓမ္မာစရိယ)၊ တက္ကသိုလ်တေဇာလင်း … စသည့် ရိုးရာ စာပေပညာရှင်များ၊

မောင်သစ်ဝေ (မြင်းခြံ)၊ လင်းနေ (နမော) စသည့် ခေတ်သစ် မော်ဒန် ရဟန်းစာဆိုများလည်း အများအပြားပေါ်ထွန်းခဲ့သည်သာ။

ထိုနည်းတူစွာ ဇေယျာနရိန် (မြောင်းမြ) စသည့် နပသ (ရန်ကုန်) မှလည်း မြန်မာစာပေ ပညာရှင်များ ပေါ်ထွန်းခဲ့သည်မို့

တက္ကသီလရဲ့ မြန်မာစာပေ လေ့လာမှု စွမ်းအားသည်လည်း အခြားသော မြန်မာစာအထူးပြုများထက် အလွန်အမင်း မယုတ်လျော့သည့် လေ့လာသင်ကြားမှုများ ရှိသည်ကို လက်ခံရပေမည်သာတည်း။

#မိမိအနေဖြင့်မူ ကျောင်းတက်စဉ်ကာလတစ်လျောက်မှာ မြန်မာစာ ဂုဏ်ထူး မရရှိခဲ့ဖူးပါဘူး။ သာမန် အောင်မှတ်နဲ့ပဲ ကျေနပ်ခဲ့တာပါ။ စာဖြေစဉ် အချိန်ရသော်လည်း စာစီစာကုံးကို အချိန်ပေးကာ များများစားစား ရေးလေ့မရှိခဲ့တဲ့အတွက်ပါ။

သို့သော်…အခြားသော ပုစ္ဆာများကို ဖြေဆိုရင်းဖြင့် ယေဘုယျ အောင်မှတ်သာသာဖြင့်သာ အောင်မြင်ခဲ့ပြီး ကျရှုံးခြင်းလည်းမရှိခဲ့ဘူးသည့်ဘာသာရပ် တစ်ခုဖြစ်ပေသည်။

သို့အတွက် အရေးအသားကောင်းသည့် ညီနောင်များကို အားကျကာ မုဒိတာပီတိ ပွားမိခဲ့ရသလို ခုချိန်ထိ မိမိအနေဖြင့် မြန်မာစာအနေဖြင့် ဆောင်းပါးတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်အောင် အတော်လေး အရေးလေ့ကျင့်နေရဆဲဖြစ်သည်မို့….။

ထာဝရတက္ကသီလ (မန်း)ရဲ့ မြန်မာစာ လေ့လာဆဲ ကျောင်းသားဟောင်းကြီးပါ… ဟု။


သာသနတက္ကသီလဓမ္မာစရိယ = B.A (Buddhism) ဟူသည် (၄)

#နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့ရဲ့ ရည်ရွယ်ချက်များတွင်

(ဂ) ပြည်တွင်း/ပြည်ပ သာသနာပြုနိုင်စွမ်းသော ရဟန်းတော်များ ပေါ်ပေါက်စေရန်နှင့် အထူးအားဖြင့် သင်တန်းသားရဟန်းသံဃာများအား ဆင်းရဲချမ်းသာမရွေး၊ ကျေးလက် တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓာတ်မျိုး အလေ့ အကျင့်မျိုးရရှိအောင် ဆောင်ရွက်ပေးရန်…

ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တက္ကသီလဓမ္မာစရိယများအတွက် ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန ထည့်သွင်းလျက် အင်္ဂလိပ်ဘာသာရပ် တစ်ခုကိုလည်း လေ့လာသင်ကြားရသေးသည်။

ယနေ့ မိတ်ဆက်တင်ပြလိုသည်က ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာ ဘာသာရပ် အကြောင်းကို သိကောင်းစရာ တစေ့တကြောင်းအဖြစ် တင်ပြလိုက်ရပေသည်။

အင်္ဂလိပ်ဘာသာစကားနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အမျိုးသားရေးအားသန်ခဲ့ကြသည့် မထေရ်အချို့က ကျွန်စာ၊ ခွေးစာ၊ တိရိစ္ဆာနဝိဇ္ဇာအဖြစ်သတ်မှတ်ကာ အတော်လေး အကြီးအကျယ် ရှုတ်ချတော်မူခဲ့ဘူးလို့ အစဉ်အဆက် မှတ်သားခဲ့ရဘူးပါတယ်။

သို့သော်… နောက်ပိုင်း ရှင်ဥက္ကဋ္ဌ၊ ရှင်အာဒိစ္စဝံသ၊ အရှင်သေဋ္ဌိလ စသည်တို့ ကမ္ဘာနှင့်ရင်ဘောင်တန်းကာ သာသနာပြု နိုင်ခဲ့ကြသည်မှ စတင်ကာ

မျက်မှောက်ခေတ်တွင် ကြားခံ ဘာသာစကားတစ်ခုအနေဖြင့် လိုအပ်သည့် ဘာသာရပ်တစ်ခုဖြစ်ကြောင်း အများစု လက်ခံလာကြပြီဖြစ်လေသည်။

အမှန်စင်စစ် မိမိမှာ ငယ်စဉ်က အတန်းပညာ မသင်ခဲ့ရသူမို့ အင်္ဂလိပ်စာနှင့်ပတ်သက်၍မူ တက္ကသိုလ်စတင်သည့်အချိန်မှ အေဘီစီ မှစတင်ကာ သင်ကြားခဲ့ရခြင်းဖြစ်သည်ကို ဦးစွာ ၀န်ခံလိုပါသည်။

အမှတ်တရ ရှိခဲ့သည့် ပထမဆုံး အင်္ဂလိပ်စာ သင်ခန်းစာများအဖြစ် Phonetic Symbols များကို ထိုစဉ်အခါက ပါမောက္ခချုပ်ဆရာတော်က သင်ကြားပေးလေသည်။ ထိုဆရာတော်မှာ ရန်ကုန် နပသ မှ ပြောင်းလဲတာ၀န်ယူသည်မို့ နာမည်ပြောင်ကိုတော့ ရန်ကုန် နပသ ညီနောင်များက ပိုသိလိမ့်မည်ဖြစ်သည်။

verb များကို -ing ဆက်သည့်အခါ ….ခြင်ထောင်သံလေးနဲ့ ထွက်ရတယ်ကွ… ဟူ၍ သင်ကြားပေးခဲ့ပြီး ဆရာတော်ကိုယ်တိုင် ပါးစပ်မှ တံတွေးများထွက်သည်အထိ မိမိတို့အား စေတနာ ပါပါ သင်ကြားပေးခဲ့လေသည်။ (ဤစာဖြင့် ဦးတော်တင်လိုက်ပါသည်ဘုရား။)

#ဘာသာစကားတစ်ခုကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားရသည့် မိမိတို့အတွက် လေးနှစ်တာသည် မနည်းလွန်း၊ မများလွန်းသည့် အချိန်ကာလ တစ်ခုပင် ဖြစ်ပါသည်။

သို့သော်… တကယ်စိတ်၀င်တစား လေ့လာမည်ဆိုပါမူ အင်္ဂလိပ်ဘာသာစကား တစ်ခုကို ပုံမှန်ဉာဏ်ရည်ရှိသူ ရဟန်းတော်တစ်ပါးအတွက် ၂ နှစ်ဖြင့် လုံလောက်သည်ဟု မိမိကတော့ သုံးသပ်လိုသည်။

#အကယ်စင်စစ် လေးနှစ်တာ သင်ကြားပြီးသူတစ်ယောက်အနေဖြင့် ကျောင်းပြီးချိန်တွင် အခြေခံပညာအထက်တန်းအဆင့်ထက် မနိမ့်သည့် အင်္ဂလိပ်ဘာသာရပ်ကို အတော်အတန်သင့် တတ်မြောက်ပြီးဖြစ်သည်သာ။

#ချွင်းချက်အနေအားဖြင့်…

ဝါသနာ လုံး၀မပါသူ ဖြစ်စေကာမူ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်သင်ကြားပေးဖို့ လုံလောက်နေပြီဖြစ်သည်။

#အင်္ဂလိပ်ဘာသာစကားသည် Living language ဖြစ်သည့်အားလျော်စွာ grammar စာအုပ်များနှင့်ပတ်သက်ကာမူ သီးသန့် တင်းကြပ်စွာ ပြဌာန်းထားခြင်းမရှိပါဘူး။

၂၀၀၀ ခုနှစ်အကြို ခေတ်များကမူ သီးသန့် စာအုပ်အသေးလေးများ ရိုက်နှိပ်ကာ သင်ကြားစေခဲ့သော်လည်း နှောင်းခေတ်တွင်မူ မိမိတို့ န.ပ.သ (မန်း) ပထမနှစ်အတွက် အခြေခံသက်သက်ကိုသာ သင်ကြားစေပြီး ဒုတိယနှစ်မှ စတင်ကာ Raymond Murphy and Surai တို့ရဲ့ English Grammar in Use (အနီ၊အပြာ၊အစိမ်း) သုံးအုပ်ကို level အလိုက်ခွဲခြားကာ သင်ကြားစေခဲ့တာပါ။

Reading Text အနေနဲ့ကတော့ ဒေါ်မြတင် ဘာသာပြန်တဲ့ ဓမ္မပဒ ကို အတန်းအလိုက် စာမျက်နှာခွဲကာ သင်မှတ်သင်ကြားစေခဲ့ပါတယ်။

##အတန်းအလိုက် သတ်မှတ် ပြဌာန်းချက်များကို အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ….။

B.A (1st Yr)

E. 101: (a) Basic English Structures and Basic Vocabulary of Common Use.

E. 101: (b) Basic Grammar writing a limited vocabulary

E. 101: (c) Simple Idiomatic Usage & Study of Buddhist terms and expressions

E. 102: (d) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 101: (e) Prescribed Texts

(1) Readers I to III – Specially prepared for SPSU, and approved by the Central Administrative Board of SPSU

(2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

E. 102: (2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

B.A (2nd Yr)

E. 201 (a) Grammar & Vocabulary Development

E. 201 (b) Study of Idioms & Usage

E. 201 (c) Paragraph-writing & Writing short informal letters

E. 201 (d) Prescribed Texts

(1) Readers IV to VIII, Specially prepared for SPSU, and approved by the Central Administrative Board of SPSU

(2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

E. 201 (e) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 202 (f) DHAMMAPADA

For detailed and comprehensive study

Yamaka Vagga

(1) Reading Comprehension Practice

(2) Study of Syntax, Canonical Terms and Usage

(3) Summary - Writing

(4) Study of new words & word forms

B.A (3rd Yr)

E. 301 (a) Simple, Compound & Complex Sentences

E. 301 (b) Revision of Tenses

E. 301 (c) The Passive Form

E. 301 (d) Reported Speech

E. 301 (e) Transformation of Sentences

E. 301 (f) Study of Canonical terms selected from Tripitaka Texts

E. 301 Prescribed Text

(1) Reader IX, specially prepared for SPSU and approved by the Central Administrative Board of SPSU

(2) Selection of Buddhist Terms by the Ministry of Religious Affairs

E. 301 (g) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 302 (h) DHAMMAPADA

For detailed and comprehensive study

Appamada Vagga

(1) Comprehension Exercises

(2) Study of Syntax, Canonical Terms and Usage

(3) Summary - Writing

(4) Study of new words & word forms

(5) Enumerating Facts & Ideas

B.A (4th Yr)

E. 401 (a) To study how to construct Combining Sentences

(b) Transformation of Sentences (Continued)

(c) Study of Phrasal Verbs & Idioms

(d) Study of Word Forms in Sentences

(e) Study of Phonetic Symbols for Practical Use

(f) Speech Practice

E. 401 Reading Books

(i) Reader X and Special Essays Prepared for SPSU, and approved by the Central Administrative Board of SPSU

(ii) Selection of Buddhist Terms by the ministry of Religious Affairs

E. 401 (g) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 402 (h) DHAMMAPADA

For a detailed and comprehensive study

Citta Vagga

(1) Comprehension Exercises

(2) Study of Syntax, Canonical Terms, and Usage,

(3) Note-Writing & Summarizing

(4) Using new words in sentences

ဒါကတော့ အခြေခံသတ်မှတ် ပြဌာန်းချက်များပဲ ဖြစ်ပါတယ်။

#မိမိဖြတ်သန်းခဲ့သမျှ အတွေ့အကြုံ အချို့ကို မကွယ်မဝှက် ပြောပြလိုပါသည်။

ငယ်စဉ်က တန်းကျောင်းမနေခဲ့ရဘူးသည့် မိမိအနေဖြင့် အင်္ဂလိပ်မတတ်သည်ကို တက္ကသိုလ်မတက်ခင် ရဟန်းတစ်ပါးအနေဖြင့် မည်သည့်ခံစားချက်မှ မရှိစဖူးခဲ့…။ သို့သော်… တက္ကသီလာအောက်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်မူ မိမိကိုယ်မိမိ အားရကျေနပ်မှု မရှိခဲ့ပါ။

န.ပ.သ (မန်း) တွင် အစဉ်အလာတစ်ခုအဖြစ် အင်္ဂလိပ်ဘာသာ နှင့်ပတ်သက်ကာ အချိန်ပိုအဖြစ် ကိုယ်ပိုင်ချိန်များတွင် ဆရာများ၊ စီနီယာ ကျောင်းသားများက သင်ကြားပို့ချလေ့ရှိပါသည်။ အင်္ဂလိပ်သဒ္ဒါ ဘာသာပြန်စာအုပ်အချို့လည်း ထိုစဉ်က ထွက်ပေါ်ခဲ့ဘူးပါတယ်။ လက်ရှိ မော်ကွန်းထိန်းဆရာတော်ဘာသာပြန်ဆိုသည့် English Grammar in Use (Intermediate Level) စာအုပ်က ကျောင်းသားများလက်စွဲသဖွယ် ဖြစ်ခဲ့ပါတယ်။

ရိုးရာမပြတ် တက္ကသိုလ်အခေါ် ဝါကျနှစ်ဆယ်နှင့် stylistic transformation grammar များကို ထိုစဉ်က ပြန့်ပွားဌာန ကထိက ဘဒ္ဒန္တဝိမလ (ယခု၊ သုပြန့်ထုတ် ဌာန)၏ ကျေးဇူးကား မိမိအတွက်မူ ကြီးမားသည့် ကျေးဇူးရှင်အဖြစ်မှတ်တမ်းတင်မိရပါသည်။

ထို့နောက် Reading Class အဖြစ် ထိုစဉ်က ဓမ္မဓရ ဒေါက်တာ ကုမာရ မှလည်း ညစဉ် ဗုဒ္ဓဘာသာဆိုင်ရာ ခေါင်းစဉ်ငယ်လေးများအား ဖတ်ကြားကာသင်ကြားပေးခဲ့လေသည်။ တက္ကသိုလ်တက်ရောက်လာသည့် ကျောင်းသားများမှာ ဒုတိယနှစ်လောက်ဆို မိမိဝါသနာပိုင်းကို တစ်စိုက်မတ်မတ်လျောက်လှမ်းဖို့ အချိန်ကောင်းတစ်ခုပင်ဖြစ်သည်။

ပါဠိစာပေဝါသနာပါသူ။ အင်္ဂလိပ်စာပေဝါသနာပါသူ။ မြန်မာစာအရေးအသားဝါသနာပါသူ။ သမိုင်းနှင့် ကမ္ဘာ့ဘာသာကြီးများအကြောင်း ဝါသနာပါသူ ဟု အကြမ်းအားဖြင့် လေးအုပ်စုလောက်ခွဲခြားကြည့်လို့ရမှာ။

#ထိုအထဲတွင်မိမိသည်ကား အကုန်လုံးဝါသနာပါသူ ဖြစ်နေခဲ့လေတော့သည်…

သို့တည်းအတွက် စုံသော်မချွန်ရာ၊ ချွန်သော်မစုံရာ ဟူသည့်အတိုင်း ဘယ်နေရာမှတော့ ထူးချွန်သည့် စာရင်းမ၀င်ခဲ့ပါဘူး။

#မန်း နပသ ရဲ့ တည်နေရာမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်၀င်တစားလာရောက်လေ့ရှိသည့် ရွှေကျောင်းနှင့် မျက်နှာချင်းဆိုင်မို့ နိုင်ငံခြားသားများနှင့် အစဉ်မပြတ် ထိတွေ့ဆက်ဆံခွင့် ရခြင်းသည်ကား အားသာချက်တစ်ခု ဟု ဆိုရပေတော့မည်။ ဟုတ် ဟုတ်၊ မဟုတ်ဟုတ်၊ Hi, Nice to meet you! Where’re you from? စသည်ဖြင့် အာစ လျာစ ရှိသူများအတွက် နှုတ်စမ်းစရာ နေရာဖြစ်ပေတော့သည်သာ။

စီနီယာ နောင်ကြီးများ ကုသိုလ်တော်၊ စန္ဒာမုနိ၊ မန်းတောင်ပေါ်များကို တက်ရောက်ကာ လေ့ကျင့်ကြသည်ကို ပထမနှစ်တွင် လေ့လာသင်ယူခဲ့ပြီး ဒုတိယနှစ်တွင် ကိုယ်တိုင် တက်ရောက်ကာ လေ့ကျင့်ခဲ့လေသည်။ သို့အတွက် စကားပြောအတွက် ၁ နှစ်သည် လုံလောက်ပြီဖြစ်သည်။

ထို့နောက် စာကြည့်တိုက်တွင် လှူ ထားသည့် ထိုင်၀မ် မလေးမှ မဟာယာန စာပေများ၊ အခြားသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာအုပ်များကို ငှားကာ တစ်ပတ်လျှင် ခေါင်းစဉ်တစ်ခုစာ မှတ်စုထုတ်ပါတယ်။ ပြီးရင် နိုင်ငံခြားသားများနဲ့ လက်တွေ့ ဆွေးနွေးပါတယ်။ ဒါကတော့ မိမိဖြတ်သန်းခဲ့တဲ့ အခြေအနေအချို့ပါ။

#အထက်ပါ အခြေအနေများကို သုံးသပ်ကြည့်ရသော်….

#တက္ကသီလ ကျောင်းသား ရဟန်းတော်အများစုဟာ အင်္ဂလိပ်စာအထူးပြု ကျောင်းသားများလောက် ထူးချွန်ထက်မြတ်မှု မရှိဟု ဆိုနိုင်သော်လည်း အခြား အထောက်အကူအဖြစ် သင်ကြားရသည့် Bachelor သမားများအောက် နိမ့်ကျသည့် အရည်အသွေးမရှိ ဟု ဆိုချင်ပါသည်။

#တက္ကသီလာမှာ လေးနှစ်တာ သင်ယူခဲ့ပြီးနောက် တောင်တန်းတွင် တာ၀န်ထမ်းဆောင်စဉ်မှာတော့ ရေဒီယိုတစ်လုံးကို လက်ကိုင်ထားလျက် အင်္ဂလိပ်အစီအစဉ်များကို နားထောင်ကာ အဆက်မပြတ်စေခဲ့ဘဲ နောက်ထပ် သီးသန့် သင်တန်းတစ်စုံတစ်ရာ တတ်ခြင်းမရှိပဲ မြန်မာပြည်တွင်းက ထေရဝါဒ ၀င်ခွင့်စာမေးပွဲ၊ ထိုင်းနိုင်ငံ IBC တွင် မာစတာတန်းအတွက် ၀င်ခွင့်/ မဟာချူလာလောင်ကွန်တက္ကသိုလ်မှာ မာစတာနဲ့ ပါရဂူ ပြီးမြောက်သည်အထိ လေ့လာ သင်ယူနိုင်ခဲ့ပါတယ်။

#ဘာသာရပ်တစ်ခုအဖြစ်မှသည် ဘာသာစကားတစ်ခုအဖြစ် ချဉ်းကပ်လေ့လာခြင်းက ပိုမိုထိရောက်သည့် အနေအထားတစ်ခုအဖြစ် သုံးသပ်လိုပါသည်။ ယခုလည်း မိမိအနေဖြင့် အလုံးစုံ တတ်မြောက်သည်ဟု မဆိုနိုင်သေးပဲ နေ့စဉ်နှင့်အမျှ လေ့လာ သင်ယူနေဆဲသာဖြစ်ပါတယ်။

#သို့အတွက်….။ ထာ၀ရ အင်္ဂလိပ်စာပေလေ့လာဆဲ ကျောင်းသားတစ်ယောက်မျှသာဖြစ်ပါတယ်…..။


သာသနတက္ကသီလဓမ္မာစရိယ = B.A (Buddhism) ဟူသည် (၅)

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများတည်ထောင်စဉ်အခါက မင်းကွန်းဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်သည်ဟုဆိုသော်လည်း ပထမဆုံးအကြိမ်အဖြစ် သံဃာ့ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးမှ ချမှတ်ခဲ့သော ပရိယတ္တိဆိုင်ရာ မူဝါများကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများရဲ့ သြဝါဒနဲ့ အညီ ဖွင့်လှစ်ခဲ့တာပါ။

သာသနာပြု ရည်ရွယ်ချက်များဖြစ်သည့် …

(ဂ) ပြည်တွင်း၊ ပြည်ပ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်စေရန်နှင့် အထူးအားဖြင့် သင်တန်းသား ရဟန်းသံဃာများအား ဆင်းရဲ ချမ်းသာမရွေး ကျေးလက်တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓာတ်မျိုး အလေ့အကျင့်မျိုးရရှိအောင် ဆောင်ရွက်ပေးရန်၊

ထို့နောက် နောက်ဆုံးဖြစ်သည့် (ဃ) လူအများ တွေ့ကြုံ ခံစားနေရသော ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရခြင်း၊ နှလုံးမသာယခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ဖြင့် သက်သာပျောက်ကင်းစေရန်… ဟူသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပေသည်။

လေ့လာသင်ယူကြရသည့် ဘာသာရပ်များထဲမှ ယနေ့ တင်ပြမိတ်ဆက်လိုသည့်ဘာသာရပ်မှာ ...

ဗုဒ္ဓသာသနာနှင့် အခြားဘာသာရေးများ သမိုင်းဌာန ဖြစ်ပြီး ဗုဒ္ဓဒေသနာပြန့်ပွားရေး ဘာသာရပ်အကြောင်းပဲ ဖြစ်ပါတယ်။

ဤဌာနသည် ဗုဒ္ဓသာသနာသမိုင်းပါဠိစာပေသမိုင်းကို အခြေခံလျက် ဗုဒ္ဓဘာသာဝင်နိုင်ငံများ၏သမိုင်းများအခြားသော ဘာသာများ၏ သမိုင်းများကို ယဉ်ကျေးမှု ရှူ့ထောင့်၊ အတွေးအခေါ် ရှူ့ထောင့်၊ ပထဝီရှုထောင့်များစသည့် ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးသော ဌာနဖြစ်ပေသည်။

ဤဘာသာရပ်ကိုတော့ ကျောင်းသားအများစုက သဘောကျ နှစ်ခြိုက်လေ့ရှိသည်ကို တွေ့မြင်ရမှာပါ။

အကြောင်းမှာ… ယခင်က မိမိတို့ ပြင်ပတွင် မလေ့လာဖြစ်ခဲ့သည့် ပထဝီဆိုင်ရာများ၊ အတွေးအခေါ် ဖလော်ပိုင်းဆိုင်ရာများ၊ ရာဇင်ဝင်များ၊ သမိုင်းအနေအထားများကို လေ့လာခွင့်ရကြပြီး အခြားသော ကိုးကွယ်ယုံကြည်မှု ဆိုင်ရာများကိုလည်း အနှစ်ချုပ်ကာ လေ့လာ သင်ကြားခွင့်ရကြသည်မို့ စိတ်ဝင်စားကြခြင်းဖြစ်ဟန်တူပေသည်။

ထိုနည်းတူစွာ ဉာဏ်ရည်ထက်မြတ်သူတို့ မဆိုထားဘိ မိမိကဲ့သို့ အသင့်အတင့်သာ ရှိသူ တစ်ဦးအနေဖြင့်လည်း ကျက်ရမှတ်ရ အရမ်းမခက်ခဲသည်လည်း ပါမည်ထင်ပေသည်။

ဦးစွာပထမ… ပြဌာန်းကျမ်းစာများကို လေ့လာကြည့်ရအောင်ပါ….။

အဓိကပြဌာန်းကျမ်းစာအုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်ကို တွေ့ရမှာပါ။

၁။ သာသနာလင်္ကာရစာတမ်း

၂။ သာသနာ့ဗဟုသုတပ္ပကာသနီ

၃။ ဗုဒ္ဓနိုင်ငံတော် (ပ၊ဒု)

၄။ ပိဋကတ်တော်သမိုင်း

၅။ ပါဠိစာပေသမိုင်း

၆။ မြန်မာနိုင်ငံသမိုင်း

၇။ မြန်မာနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာ စစ်တမ်း

၈။ ဘာသာကြီးလေးခု အနှစ်သာရများ

၉။ မဟာဝံသပါဠိ (ပ၊ဒု)

၁၀။ မဟာဝင်ဝတ္ထု

၁၁။ သာသနာ့ဝိသုဒ္ဓိဒီပကပါဠိ

၁၂။ ၀ံသဒီပနီ

၁၃။ ဝေဒယဉ်ကျေးမှုနှင့် ဘာသာရေးအတွေးအခေါ်

၁၄။ ဗုဒ္ဓသာသနိကပထဝီဝင်

၁၅။ ကမ္ဘာ့ ပထဝီ၊ မြန်မာ့ပထဝီ

၁၆။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ

၁၇၊ ပါရာဇိကဏ် အဋ္ဌကထာ နိဒါနကထာ

၁၈။ သီဟိုဠ် လင်းရောင်ခြည်

၁၉။ သာသနာ ၂၅၀၀ ခရီး

၂၀။ အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ

၂၁။ မြန်မာနိုင်ငံ သာသနာပြု အသင်းအဖွဲ့များ … စသည်တို့ ဖြစ်ကြသည်။

ထို့နောက် အထောက်အကူပြု ကျမ်းစာများအနေဖြင့်….

၁။ တိပိဋက ပါဠိမြန်မာအဘိဓာန် နိဒါန်းတိပိဋကပါဠိမွနျမာအဘိဓာနျနိဒါနျး

၂။ ဝိသုဒ္ဓိမဂ်နိဒါန်း

၃။ ကလျာဏီ မွန်ကျောက်စာ (မြန်မာပြန်)

၄။ လက်တွေ့ ဗုဒ္ဓဘာသာ

၅။ စင်ကြယ်သော ဗုဒ္ဓဘာသာ

၆။ ရှေးဟောင်းမြန်မာနိုင်ငံသမိုင်း

၇။ ကမ္ဘာ့ဘာသာကြီးများ လက်စွဲ

၈။ မြန်မာရာဇဝင်ကျမ်းများ

၉။ ဗုဒ္ဓနောက်ပါးမှ ကမ္ဘာ့လူသားများ

၁၀။ သားချင်းတို့အကြောင်းတစေ့တစောင်း

၁၁။ တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ

၁၂။ Men Seeking God (Christopher Mayhew)

၁၃။ Burma through Alien Eyes (Helen Trager)

၁၄။ Vedanta and Buddhism

၁၅။ Guide to Tipitaka (U Ko Lay)

၁၆။ Pali Literature in Burma (Mable Bode)

၁၇။ 2500 Years of Buddhism

၁၈။ History of Ceylon (Walpola Rahula)

၁၉။ The Western Contribution of Buddhism (William Pairis)

၂၀။ The Buddha and five after centuries (Sukumar Dutt)

၂၁။ Folk Elements in Burmese Buddhism by Manung Htin Aung

၂၂။ Lecture notes on Eastern & Western Philosophy

၂၃။ Lecture notes on Ethics

၂၄။ Travel notes of Fahien…. စသည်တို့ဖြစ်ပေသည်။

တက္ကသီလကျောင်းသားများအနေဖြင့် ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်ကို သင်ကြားရသည့်အခါ

ယခင်က စွဲလမ်းတတ်လေ့ရှိသည့် လူမျိုးရေးအစွဲ ဂိုဏ်းဂဏအစွဲ ပုဂ္ဂိုလ်အစွဲများကို လျော့ပါးပြေပျောက်စေသည်ကတော့ ဧကန်မုချ တွေ့မြင်ရလေ့ ရှိသည်သာ။

ချွင်းခြက်အားဖြင့် အစွဲကြီးသူအချို့တော့ ကျန်ကောင်း ကျန်မည်ဖြစ်သော်လည်း ၉၀%ရာခိုင်နှုန်းခန့် အသိအမြင်များ ပွင့်လင်းလာစေသည်ကိုမူ ရဲရဲကြီး အာမခံလိုပါသည်။

လက်ရှိ ဌာနမှူးဆရာတော်မှာ ယမန်နှစ်တွင် ဓမ္မပါရဂူဘွဲ့အတွက် ကျမ်းတင် ပြီးမြောက်ကာ ဓမ္မပါရဂူဘွဲ့ရ ဆရာတော်ဖြစ်လာပြီး မိမိတို့အား သင်ကြားပြသပေးသည့် ဘာသာရပ်များမှာ

ပါဠိစာပေ သမိုင်းဆိုင်ရာများကို အဓိကထား သင်ကြားပေးလေသည်။

မိမိတို့ဘဝအတွက် ပထမဆုံး Geography များကို သင်ကြားပေးသည့် ဆရာမှာ လက်ရှိ ဌာနတွင် တာဝန်ထမ်းဆောင်ဆဲ ဒေါက်တာဘဒ္ဒန္တပရမ (ကထိက၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန) ဖြစ်သည်။

ယခုအချိန်ထိ ကျောင်းသားများ၏ ရင်ထဲမှာ သူသင်ကြားခဲ့သည့် ပုံရိပ်များစွဲကျန်နေသည်အထိ အသင်အပြကောင်းသည့် ဆရာတစ်ပါးဖြစ်ပြီး ကျောင်းသားများ၏ ချစ်ခင်မှုကို အမြဲရလေ့ရှိသည့် ဆရာဖြစ်လေသည်။ Glaxy, Milkey way … သည့် ဝေါဟာရများကို မိမိတို့အတွက် စတင်မိတ်ဆက်ပေးခဲ့ပြီး နပသတွင် မြေပုံဆွဲသည့် ဆရာများတွင် သူ့အား မှီသူမရှိဟုပင် ထင်ရလောက်အောင် ကမ္ဘာ့မြေပုံ၊ မြန်မာ့မြေပုံများကို သေသေချာချာ သင်ပြပေးပါသည်။

တစ်ဖန် အနောက်တိုင်း ဒဿနများကို သင်ကြားပေးခဲ့သည့် ဆရာမှာ ဘဒ္ဒန္တဝိမလ (ကထိက) ဆရာတော်ဖြစ်ပြီး Thales, Anaximander, Plato… စသည့် အနောက်တိုင်းဒဿနများကို စနစ်တကျ သင်ကြားပေးခဲ့တာပါ။ ထို့နောက် ကထိကဆရာတစ်ပါးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တသာသနသည်လည်း အရှေ့တိုင်းနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို သင်ကြားပေးခဲ့လေသည်။

နောက်ဆုံး ကမ္ဘာ့ဘာသာကြီးများနှင့် ပတ်သက်ကာ မိမိစာတမ်း စာစစ်တာဝန်ကျ ဆရာဖြစ်သည့် ဘဒ္ဒန္တပညာသာမိဖြစ်လေသည်။ အခြားဘာသာများ၏ ကိုးကွယ်ယုံကြည်မှုများ ဓလေ့ထုံးတမ်းစဉ်လာများကို စနစ်တကျ စုဆောင်းကာ သင်ကြားပြသပေးသည့် ဆရာတစ်ပါးဖြစ်ပြီး မိမိစာတမ်းဖြစ်သည့် ..အစ္စလာမ်ဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လေ့လာခြင်း… ခေါင်းစဉ်အား အကြံပေးဆွေးနွေးကာ စစ်ဆေးအတည်ပြုပေးသည့် ဆရာလည်းဖြစ်သည်။

ဤဘာသာရပ်ကို သင်ကြားခွင့်ရသည့်အတွက်…

အကျိုးဆက်အနေအားဖြင့်…

၁။ မတူညီသော ဘာသာတရားများအပေါ် နားလည်မှု စွမ်းအားများပိုမိုများပြားလာသဖြင့် မလိုလားအပ်သည့် ဘာသာရေးပြဿနာများကို ရှောင်ရှားလာတတ်ခြင်း။

၂။ အရှေ့တိုင်း၊ အနောက်တိုင်း ဒဿနပညာရပ်များကို စနစ်တကျ လေ့လာခွင့်ရသဖြင့် ကိုယ်ပိုင်အတွေးအခေါ်များမှသည် အဆင့်မြင့် ဒဿနပညာရပ်များကို လေ့လာဆည်းပူးလာနိုင်ခြင်း

၃။ ဌာနေ တိုင်းရင်းသားများရဲ့ မတူညီသော ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို စာနာ၊ နားလည်တတ်လာပြီး မလိုလားအပ်သည့် လူမျိုးရေးခွဲခြားမှု ပြဿနာများကို ရှောင်ရှားနိုင်ခြင်း၊

၄။ ကမ္ဘာ့ပထဝီ၊ မြန်မာ့ပထဝီဝင်များကို လေ့လာခွင့်ရသဖြင့် နေရာဒေသအလိုက် ရာသီဥတု အနေအထားများကို သုံးသပ်ဆင်ခြင်နိုင်ပြီး မိမိသူတစ်ပါး အများစုအား ကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်ခြင်း

၅။ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ပါဠိစာပေ သမိုင်းများကို လေ့လာခွင့်ရသဖြင့် ရာဇဝင်အဆင့်မှသည် စနစ်တကျ သုတေသနပြုလျက် သမိုင်းအချက်အလက်များကို လေ့လာနိုင်စွမ်း တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပေသည်။

အချုပ်အားဖြင့်….အခြားသော နည်းပြဆရာတော်များအဝင်အပါ မိမိတို့ကဲ့သို့ စာသင်နုနယ် ကျောင်းသားငယ်လေးများအား အတွေးအခေါ်၊ အမြင်အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် တွေးတတ်၊ ခေါ်တတ်၊ ဆက်ဆံတတ်လာအောင် သင်ကြားပြသပေးခဲ့သည့် ဗုဒ္ဓသာသနာနှင့် အခြားဘာသာရေးများ သမိုင်းဌာနမှ ဆရာအပေါင်းအား ဤစာစုဖြင့် ဦးထိပ်တင် ကန်တော့ပန်းဆင်လိုက်ရပေတော့သည်သာတည်း….။


သာသနတက္ကသီလဓမ္မာစရိယ = B.A (Buddhism) ဟူသည် (၆)

သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တစ်ခုအတွက် စာသင်သား တစ်ပါးအနေဖြင့် အနည်းဆုံး (၆) နှစ်ဖြစ်ပြီး ပါဠိတော်၊ အဋ္ဌကထာ ကျမ်းများကို လေ့လာချိန်က အနည်းဆုံး လေးနှစ် ထိတွေ့ကာ လေ့လာသင်ယူကြရပါတယ်။

စာသင်တိုက်မှာလို လုပ်ချင်လုပ်မယ်၊ မလုပ်ချင် မလုပ်ဘူး နေလို့မရပါဘူး၊ ဘာလို့လည်းဆိုတော့ နှစ်အကန့်အသတ်နဲ့ နေခွင့်ရသည့်နေရာမို့ စာမေးပွဲကျလျှင် ထုတ်ပယ်ခံရမှာဖြစ်တဲ့အတွက် ဆိုင်ရာအတန်းအလိုက် သတ်မှတ်ပြဌာန်းစာများကို မဖြစ်မနေ အရကျက်ရခြင်း၊ သဘောပေါက်နားလည်အောင် ကျိုးစားရမှာ ဖြစ်သည်။

ဒီနေရာမှာ မိမိကိုယ်တိုင် ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် ကိုယ်ပိုင်အတွေ့အကြုံအချို့ကို တင်ပြလိုပါတယ်။ တက်ရောက်ခွင့်ရ ကျောင်းသားများအနေဖြင့်လည်း အတော်သတိကြီးကြီးထားရပါတယ်။

တက်ခွင့်မရသည်က ကိစ္စမရှိ၊ တက်ပြီးမှ ဘွဲ့မရခဲ့သည် ရှိသော် ဆိုသည့်အသိက အတော်လေး ဖိအားတစ်ခုသဖွယ် ရုန်းကန်ကြိုးစားရတာပါ။ အချို့သော… ကျောင်းသားများမှာ ပြင်ပ သာသနဓဇ ပြီးမြောက်ပြီးမှ ၀င်ရောက်သည့်အခါ ယခင်က မဟာတန်းအတွက် တိုက်ရိုက်၀င်ခွင့်မရပဲ တက္ကသီလဓမ္မာစရိယ လေးနှစ်ထပ်မံ တက်ရောက်ရသည့်အတွက် ကျမ်းရင်းများကို ပြန်လည်သင်ယူနေရသဖြင့် ငြီးငွေ့ဖြစ်တတ်သည်။

သို့သော် … ယခုအခါ တိုက်ရိုက် မဟာတန်းကို ၀င်ခွင့်ဖြေဆိုနိုင်သည့်အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်မို့ ထိုကိစ္စအတွက် စိတ်ပူစရာ မလိုဟု ဆိုရပေမည်။

မဟာတန်း၀င်ခွင့်မေးခွန်းအနေအားဖြင့်… ကျမ်းရင်းကို ကျွမ်းကျင်မှု ရှိ၊ မရှိ နှင့် အထွေထွေ ဗဟုသုတမေးခွန်းများသာ ဖြစ်ပါတယ်။

ထို့အတူ အသက်မှီသည့် ညီနောင်များအတွက်လည်း ပြည်ပမထွက်ပဲ ကိုယ့်တက္ကသိုလ်မှာပင် ပြန်လည်ကာ ၀င်ခွင့်ဖြေဆိုခွင့်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားများအနေဖြင့်မူ ယေဘုယျအားဖြင့် 

၁။ Super Hyper (ဉာဏ်ကြီးရှင်အုပ်စု)၊ 

၂။ Common (သာမန်အုပ်စု) ဟု နှစ်မျိုးခွဲခြားလို့ ခွဲခြားကြည့်လို့ရမှာပါ။

နှစ်စဉ် ရန်ကုန်၊ မန္တလေး နှစ်ခုပေါင်း ၀င်ခွင့်ကျောင်းသား တစ်ထောင် ၀န်းကျင်ခန့်မှ နှစ်ခုပေါင်း ၁၅၀ ခန့်သာ ရွေးချယ်ကာ တက်ရောက်ခွင့် ရကြတာပါ။

#တက္ကသီလဓမ္မာစရိယအတွက်…

ကျမ်းရင်းသုံးကျမ်းကို ကျွမ်းကျင်မှုရှိစေရန် ရှေးရှုကာ အဓိကထားပြီး မေဂျာ ဘာသာရပ်အဖြစ် ပြဌာန်းထားသည်မို့ ပြင်ပကျမ်းရင်း လေ့လာခဲ့ခြင်းမရှိခဲ့မူ အတော်လေး ပင်ပန်းနိုင်ပါတယ်။

သို့အတွက် မိမိက နပသ တက်ရောက်လိုသည့် ညီငယ်များကို ဦးစွာ စာချတန်းအခြေခံများ ပြင်ပတွင် မိမိဉာဏ်ရည်အလိုက် လေ့လာပြီးမှသာ ၀င်ရောက်စေလိုသည်။ အကြောင်းမှာ တက္ကသီလစာမေးပွဲများအတွက် ပေးထားသည့် အချိန်မှာ ဖြေရသည့် ပုစ္ဆာနှင့်ယှဉ်လျှင် အနည်းငယ် နည်းနေသည်ဟု ဆိုနိုင်သည်။

ခေတ်လေ့လာနည်းတစ်ပုဒ်ကို အနည်းဆုံး မိနစ် ၂၅ မိနစ်ခန့်ပေးရမည်။ ထိုမှသာ တစ်ပုဒ်လျှင် ၇-မှတ် သို့ ၈ မှတ်ခန့်ရနိုင်မည်။ ၁၀ မှတ်ဘယ်တော့မှ မပေးသည့် သဘောဖြစ်သည်။

သို့တည်းအတွက် အမှတ် ၁၀၀ အိပ်မက် မက်ခွင့်မရှိပဲ ပ၊ဒု၊တ ရသည့် Super Hyper ညီနောင်များသည်ပင် ၉၈၊ ၉၇ သမားများသာ အများစု ဖြစ်မည်ဖြစ်သည်။

#မိမိကဲ့သို့ Common သာမန်အုပ်စု၀င် တစ်ယောက်အနေဖြင့်မူ အောင်မှတ် ၆၅-မှတ်အထက်၊ ဂုဏ်ထူး ၈၅ မှတ်မို့ ပျမ်းမျှအားဖြင့် ကျမ်းရင်းကို ၇၀ နှင့် ၈၀ ၀န်းကျင်ဖြစ်မည်။

မိမိမှာ ပြင်ပက ဓမ္မာစရိယ ကျမ်းရင်းများကို လေ့လာခဲ့ရသည့်အတွက် တက္ကသိုလ်ကို တက်ရောက်ချိန်မှာ ကျမ်းရင်းပို့ချချက်များကို အခက်အခဲမရှိ ရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့တာပါ။

သို့သော်… မိမိအားနည်းချက်ကား လက်ရေး နှေးခြင်းဖြင့် ခေတ်လေ့လာနည်းဖြေသည့်အခါ အချိန်မပေးတော့ပဲ ၂ ပုစ္ဆာ ၁၀ မှတ်ဟုသာ သတ်မှတ်ပြီး အခြားသော အတ္ထယောဇနာ နှင့် ဝါကျအဓိပ္ပါယ်ပိုင်းကိုသာ အမှတ်ပြည့်ယူခဲ့ခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ၉၀ ဖိုးမေးခွန်းကို ၆၅ အထက်နှင့် ၈၅ ၀န်းကျင်ထိသာ ရခဲ့ဖူးသည်ဟု ဆိုလိုသည်။

#ထို့နောက်… ပါဠိဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်များကိုမူ အောင်မှတ် ၅၀၊ ဂုဏ်ထူး ၇၅ မို့ ပျှမ်းမျှ ၆၅ နှင့် ၈၀ ဟု ခန့်မှန်းကာ ဖြေဆိုလေ့ရှိသည်။ ထို့ထက်မပိုခဲ့ပါ။ အချိန်များပို၊ စာရသော်လည်း ဖြေဆိုခဲ့ခြင်း မရှိသည်က များသည်။

#တက္ကသီလ စာမေးပွဲတွေမှာ မျက်မှောက်ခေတ်စားနေသည့် စမ ကိစ္စမရှိသည့်အချက်ကိုပင် မိမိအနေဖြင့် မြတ်နိုးစွာ ဂုဏ်ယူနေဆဲဖြစ်ပါတယ်။

အသံဗလံ တိတ်ဆိတ်လှသည်။ စာသင်ခန်းတစ်ခုမှာ အများဆုံး ၃၅ ပါးခန့်သာ ဖြေဆိုရပြီး အခန်းစောင့် ၄ ပါးအထိ ကြီးကြပ်ရေးဆရာတော်များ ရှိသည်။

#တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ခြင်း၊ စကားပြောခြင်းမျှ မရှိ စာသင်ခန်းတစ်ခုလုံး အတိတိတ်ဆိတ်လှသည်။

ရလျှင်ဖြေ၊ မရလျှင်လည်း နေပေရော့ .. ဟု ဆိုရပေမည်။ ဒါက ၂၀၀၀ ခုနှစ်နောက်ပိုင်းမှသည် မျက်မှောက်ခေတ်အထိ ကျင့်သုံးသည့် သံမဏိ စည်းမျဉ်းဖြစ်သည်။

စမ.. ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြီးကြပ်ရေးဆရာ တစ်ပါးပါးက သံသယ ရှိသော်… ထိုစာသင်သားအား တက္ကသိုလ်မှ ထုတ်ပယ်သည်။

#မိမိနှင့်အတူ ၀င်ခွင့်အောင်မြင်ခဲ့သည့် အပါး (၇၀) တွင် မိမိတို့ တပြိုင်နက် ဘွဲ့ယူအတန်းဖော် ၄၀ ပါး အထက်မကျော်ဟု မှတ်မိနေဆဲပါ။ ထိုအထဲမှ စူပါဟိုက်ပါ မဟာတန်း၀င်ခွင့်ရသူ ၁၁ ပါးခန့်နှင့် မိမိတို့ ရိုးရိုး ၃၅ ပါးခန့်သာ အသားတင်ကျန်မည်ဖြစ်သည်။

နိဂုံး

=======

#အချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှ ဘွဲ့ရရှိ သံဃာ စာရင်းကို အောက်ပါအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

D.Litt. ဘွဲ့ရဆရာတော် ၂ ပါး။

တက္ကသီလဓမ္မပါရဂူ Ph.D ဘွဲ့ရဆရာတော် ၈ ပါး။

တက္ကသီလမဟာဓမ္မာစရိယ M.A ဘွဲ့ရဆရာတော် ၁၉၅ ပါး။

တက္ကသီလဓမ္မာစရိယ B.A ဘွဲ့ရဆရာတော် ၁၀၇၇ ပါး ဖြစ်သည်။

#ဒါက ပထမအကြိမ် ဘွဲ့နှင်းသဘင်မှသည် ၂၀၁၈ ခုနှစ်အထိ ၂၄ ကြိမ်အတွင်းမှ အရေအတွက်ဖြစ်ပါတယ်။

#မိမိအတွက်မူ ဘွဲ့လတ်မှတ်ထက် သင်ယူခဲ့ရာ အသိပညာရပ်သည်သာ အဖိုးမဖြတ်နိုင်သည့်အချက်များဖြစ်ချေသည်မို့ အကယ်စင်စစ် မိမိကိုယ်တိုင်ပင် မတက်ရောက်မှီကာလ ၂၀၀၀ ၀န်းကျင်က စိတ်၀င်စားမှု မရှိခဲ့ပါဘူး။

အကြောင်းကား ထိုစဉ်က ပြင်ပအချို့ဆရာတော်များက အားမပေးခဲ့သည့်အတွက်ဖြစ်ပါတယ်။

တကယ်၀င်ခွင့်ဖြေဆို တက်ရောက်ချိန်မှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ကိုယ်မို့ ကိုယ်တိုင်ကြိုးစားလေ့လာသင်ယူခဲ့ရသည့် နေရာဖြစ်ခြင်းကြောင့် အမိတက္ကသိုလ်ကို အခြားတက္ကသိုလ်များနှင့်ယှဉ်လို့မရပဲ ချစ်ခြင်းမေတ္တာ ပိုခဲ့မိတာ အမှန်ပါပဲ။

မိမိအတွက်မူ ဘွဲ့လတ်မှတ်ထက် သင်ယူခဲ့ရာ အသိပညာရပ်များသည်သာ အဖိုးမဖြတ်နိုင်သည့်အရာများဖြစ်ချေသည်မို့ ပြည်ပမှာ မာစတာအတွက် ၃နှစ်၊ ပါရဂူအတွက် ၄ နှစ်ကြာ သင်ယူခဲ့ရသော်လည်း အသစ်တွေ ဘယ်လိုပြောင်းပြောင်း၊ အဟောင်းကိုတော့ တဝဲလည်လည်ဆိုသည့်အတိုင်း အမိနိုင်ငံ၊ အမိတက္ကသိုလ်ကိုတော့ တမ်းတမြဲ၊ လွမ်းရစမြဲပင်ဖြစ်ချေတော့သည်သာ။

ဤမျှသော စာတမ်းငယ်ဖြင့်ပင်လျှင် စာဖတ်သူများ အနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအကြောင်းနှင့် တက္ကသိုလ်မှ အပ်နှင်းလိုက်သော တက္ကသီလဓမ္မာစရိယ (B.A, Buddhism) အကြောင်းကို ကောင်းမွန်စွာ နားလည်သိမြင်နိုင်လိမ့်မည်..ဟု ယုံကြည်မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ရပေတော့သည်။

#မေတ္တာဖြင့်

#အောင်ခန့် (န.ပ.သ) မန်း

========================

  • မူရင်းလင့် = https://www.facebook.com/venariya.vamsa/posts/pfbid02a7LgufK1tXnFqgC2bBPMAjPdyXXWwheRSq5mQKxg5pU9WRu6f8J84iL72fzM4qKsl

အရှင်အာဒိစ္စဝံသ ၏ နိကာယ်ငါးရပ် ပို့ချပုံ





  • မူရင်းလင့် = https://www.facebook.com/thihanyarnabhivamsa/posts/pfbid02Bvje62n8maDDiMEaUGjk2gkTiyWusKdpqE6cuMhPxsY4Nxtvrno3qeSNvV3fzv1Kl

ပရိယတ္တိသင်ရိုး (ဂန္ဓာရုံဆရာတော်)



  • သဒ္ဒါ နက်ထိ, ချော, ကျဥ်းဘိ၊ ရှင်း၏ အဓိပ္ပါယ်။ (ဂန္ဓာရုံဆရာတော်ကြီးရဲ့ ကျမ်းပြုဥပဒေသ)
-----------------------------
  • (မူလတန်းအလွတ်) ၁၄ တန်း။ ထိုအတန်းများကို (၁၅) နှစ်အရွယ်မှစ၍ အကျအရှုံးမရှိ အောင်မြင်လာသူတို့ကား ၂၉-သားအရွယ် ရဟန်း (၁၀) ဝါအရမှာ လုံလောက်သော စာချပုဂ္ဂိုလ်တစ်ဦးအဖြစ်ကို စာပြန်ပွဲကြီးများ၏ တံဆိပ်လက်မှတ်အမျိုးမျိုးနှင့်တကွ ရရှိပြီး ဖြစ်ပါလိမ့်မည်။ (စာ - ၁၇)
  • စတုတ္ထတန်း (သင်္ဂဟ [စိတ်, စေတသိက်, ပကိဏ်း, ဘုံ, ရုပ်, သမုစ္စည်း] ဝီထိပိုင်း သရုပ်များသည် အနည်းငယ် ရှုပ်၏။ ထို့ကြောင့် ဝီထိပိုင်းကို ပဥ္စတန်းကျမှ စတင်ပို့ချသင့်သည်။ (စာ - ၂၂)
  • ပဥ္စမတန်း (သင်္ဂဟ) - ဝီထိ, ပစ္စည်း, ကမ္မဋ္ဌာန်း။ ပါတိမောက်ပါဌ်၊ အနက်။ ကင်္ခါ
  • ဒသမတန်း = မြန်မာစာစီစာကုံး (သတ်ပုံသတ်ညွှန်းနှင့်တကွ စကားပြေပြစ် ချောမောအောင် ရေးတတ်ဖို့ ဖြစ်သည်။) မောဂ္ဂလ္လာန် စာကိုယ် ဋီကာ (မောဂ္ဂလ္လာန် သဒ္ဒါကျမ်းသည် ရူပသိဒ္ဓိ၊​ သဒ္ဒနီတိစသော သဒ္ဒါကျမ်းတို့၌ မတွေ့ရသော အဋ္ဌကထာကြီးများဝယ် လာသည့် သဒ္ဒါရေးတို့ကို ဆုံးဖြတ်လျက်ရှိခြင်း, သက္ကတကျမ်း လေ့လာလိုသူတို့လည်း သက္ကတအသုံးအနှုန်းနှင့်တကွ သဒ္ဒဝိနိစ္ဆယကို ရစေခြင်းငှါလည်းကောင်း, ဤအတန်း၌ ထည့်သွင်းလိုက်သည်။) (စာ - ၂၆)
  • ဧကာဒသမတန်း = မြန်မာစာစီစာကုံး (ပျို့, ကဗျာ, စသည်ကို လေ့လာရတော့မည် ဖြစ်၍ အလိုရှိသူတို့အတွက် အပိုဘာသာသာတည်း။) သက္ကတ (အလိုရှိသူများ လေ့လာရန် အပိုဘာသာ ဖြစ်၏။ သက္ကတစာလုံး ကောင်းစွာ ဖတ်တတ်သည့်အခါ စာဏကျနီတိနှင့် ဟိတောပဒေသကို ပဌမနှစ်၌ လေ့လာသင့်သည်။) (စာ - ၂၆)
  • ဒွါဒသမတန်း = (ခ) သာမန္တကူဋဝဏ္ဏနာ (ဂါထာကြီး-ငယ်များကို အလင်္ကာဂုဏ်ရအောင် ကျနစွာ စီကုံးနိုင်ရန် "ပါဠိဂါထာကာဗျ" ဖြစ်သည်။) [မြန်မာစာလုံးဖြင့် ရိုက်နှိပ်ပြီး မရှိ၊ သီဟိုဠ်စာလုံးဖြင့်သာ ရှိသေးသည်။] သက္ကတ (အပိုဘာသာ) (စာ - ၂၇)
  • တေရသမတန်း = (ခ) ဗောဓိဝံသ (စုဏ္ဏိယကို ကြီးကျယ် ခမ်းနားစွာ စီကုံးနိုင်ရန် "စုဏ္ဏိယကာဗျ" ဖြစ်သည်။ (မြန်မာစာလုံးဖြင့် မရှိသေး။) ။ သက္ကတ (အပိုဘာသာ)
  • စုဒ္ဒမတန်း =  (က) ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ပဋပတ်ကျင့်နည်း နားလည်ရန် ဖြစ်သည်။)။ (ခ) ဂါထာစုဏ္ဏိယ အစီအကုံး (အလင်္ကာဂုဏ်ရ ကျနစွာ စီကုံးလေ့လာရန် ဖြစ်သည်။ (ဂ) ဂဏာစရိယောပဒေသ (ဂိုဏ်းဆရာတစ်ဦးဖြစ်ဖို့ရာ ဟောပြောရွတ်ဖတ်နည်းနှင့် ရဟန်းခံ၊ သိမ်သမုတ်စသော ကံကြီးကံငယ်များကို ကျနစွာ လေ့လာရန် ဖြစ်သည်။
  • နိကာယဏ္ဏဝပါရဂူဘွဲ့ = ကြွင်းကျန်သော နိကာယ်များစွာ သမုဒ္ဒရာ၏ ထိုမှာဘက်ကမ်း ပေါက်ရောက်စွမ်းသဖြင့် မေးမြန်းအပ်တိုင်း မဆိုင်းဆောလျှင် အနက်မြင်နိုင်သော ပုဂ္ဂိုလ်အား "စုဒ္ဒသမတန်းအထိ, တန်းစဥ်အောင်ခဲ့သူ ဖြစ်လျှင်" ချီးမြောက်ရန် ဘွဲ့ထူး ဖြစ်သည်။ 



















  • မူရင်းလင့် = https://www.facebook.com/tipitakamyanmar/posts/pfbid02ZQVhjs3JgVof7ZuZdREN8QghUJTpmq4sQASSKPo52A9rgihEMkrWGwsptAZhymVBl