Grammar Rule တွေ အကုန်ကျက်ပြီးပြီ။ စကားလုံးအသစ်တွေလည်း အများကြီးသိတယ်။
ဒါပေမဲ့ "Subject + V1/V2... tense တွေပြန်စဉ်းစားနေရတာနဲ့ပဲ ပြောချင်တဲ့စကားတွေက ပါးစပ်ထဲမှာတင် ပျောက်သွားတာမျိုးကြုံဖူးကြသူတွေရှိပါတယ်။
ဒီလိုခံစားချက်တွေက သင်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ပါဘူး။ ဒါဟာ English ဘာသာစကားကို ကျွန်တော်တို့ သင်ယူခဲ့တဲ့ ပုံစံဟောင်းရဲ့ အားနည်းချက်ဖြစ်တယ်လို့ University of Michigan က ကမ္ဘာကျော် ဘာသာဗေဒပညာရှင် Dr. Diane Larsen-Freeman က ထောက်ပြပါတယ်။
သူမရဲ့ သီအိုရီကတော့ ဘာသာစကားကို "ကားစက်ရုပ်တစ်လုံး (A Machine)" လို သဘောထားပြီး သင်ယူနေတာကို ရပ်တန့်ဖို့ပါပဲ။
Dr. Larsen-Freeman ရဲ့ အဆိုအရ၊ ကျွန်တော်တို့အများစုဟာ English စာကို ကားစက်ရုပ်တစ်လုံး တပ်ဆင်သလို သင်ယူနေကြတယ်လို့ဆိုပါတယ်။
Verb, Noun, Adjective ဆိုတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို အရင်လေ့လာတယ်။ ပြီးတော့ Grammar ဆိုတဲ့ အသုံးပြုနည်းလမ်းညွှန် (Instruction Manual) စာအုပ်ကြီးကိုကြည့်ပြီး အဲ့ဒီအစိတ်အပိုင်းတွေကို တစ်ခုချင်းစီ မှန်ကန်အောင် ကြိုးစားတပ်ဆင်ကြတယ်။
ဒီနည်းလမ်းရဲ့ ပြဿနာကတော့ စကားပြောဖို့ကြိုးစားတဲ့အခါတိုင်း၊ သင့်ဦးနှောက်က အဲ့ဒီ Instruction Manual ကြီးကို အမြဲတမ်း ပြန်လှန်လှောလှောကြည့်နေရသလိုဖြစ်ပြီး၊ သဘာဝကျတဲ့ စကားပြောဆိုမှုတွေ ထွက်မလာတော့ပါဘူးလို့ ဆိုပါတယ်။
တကယ်တော့ English စာဟာ "အသက်ဝင်နေတဲ့ မြို့ကြီးတစ်မြို့" နဲ့တူတယ်လို့ဆိုပါတယ်။
Dr. Larsen-Freeman က ဘာသာစကားဆိုတာ သေသေချာချာ စည်းမျဉ်းတွေနဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်မဟုတ်ဘဲ၊ အမြဲတမ်းရှင်သန်ပြောင်းလဲနေတဲ့ "ရှုပ်ထွေးပြီး လိုက်လျောညီထွေဖြစ်တဲ့ စနစ်တစ်ခု (Complex Adaptive System)" ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသီအိုရီကို အလွယ်ဆုံးနားလည်ဖို့အတွက် English ဘာသာစကားကို အသက်ဝင်နေတဲ့ မြို့ကြီးတစ်မြို့ လို့ မြင်ယောင်ကြည့်ဖို့ သူကတိုက်တွန်းပါတယ်။
မြို့ကြီးတစ်မြို့မှာ သူ့ရဲ့လမ်းပုံစံတွေ၊ ယာဉ်ကြောစည်းကမ်းတွေ ရှိပေမယ့်၊ မြို့အကြောင်းတကယ်နားလည်ဖို့ဆိုတာ မြေပုံစာအုပ်ကြီးကို အလွတ်ကျက်နေလို့မရပါဘူး။
မြို့ထဲမှာ ကိုယ်တိုင်လမ်းလျှောက်ပြီး၊ ဘယ်နေရာမှာ လူစည်ကားလဲ၊ ဘယ်လမ်းက ဘယ်နေရာကိုရောက်လဲဆိုတဲ့ ပုံစံ (Patterns) တွေကို နားလည်မှသာ သင်ဟာ မြို့ရဲ့ တကယ့်ကျွမ်းကျင်သူဖြစ်လာမှာလို့ ဆိုပါတယ်။
English ဆိုတဲ့ မြို့ကြီးထဲမှာ ကျွမ်းကျင်စွာ သွားလာနိုင်ဖို့ Dr. Larsen-Freeman က အခုလို အကြံပြုထားပါတယ်။
မြေပုံကို အလွတ်မကျက်ပါနဲ့၊ လမ်းကြောင်းတွေကို မှတ်သားပါ။
go ရဲ့ past tense က went လို့ အလွတ်ကျက်မယ့်အစား၊ "I went to school" ဆိုတဲ့ လမ်းကြောင်းတစ်ခုလုံးကို ပုံစံ (Pattern) တစ်ခုအနေနဲ့ မှတ်သားလိုက်ပါ။
ဒီလိုပဲ "Have you ever been to...?", "I'm looking forward to..." ဆိုတဲ့ အသုံးများတဲ့ လမ်းကြောင်းတွေကို အလွတ်ရနေအောင်လေ့ကျင့်ဖို့ တိုက်တွန်းပါတယ်။
စာအုပ်ထဲမှာ စကားလုံးအသစ်တွေ့ရုံနဲ့ မလုံလောက်ပါဘူး။ အဲ့ဒီစကားလုံးကို ရုပ်ရှင်ထဲမှာ၊ သီချင်းထဲမှာ၊ ဆောင်းပါးတွေထဲမှာ ဘယ်လိုအခြေအနေမျိုးနဲ့ သုံးလဲဆိုတာကို လေ့လာပါ။ ဒါမှသာ သင်ဟာ စကားလုံးရဲ့
တကယ့်အသက်ဝင်တဲ့အဓိပ္ပာယ်ကို နားလည်မှာပါ။
မြို့ကြီးထဲမှာ လမ်းမှားတဲ့အခါ သင်ဟာ နေရာအသစ်တွေကို ရှာဖွေတွေ့ရှိသွားတတ်ပါတယ်။ English စာမှာလည်း အမှားလုပ်မိတဲ့အခါ၊ အဲ့ဒီအမှားကနေ သင်မသိသေးတဲ့ Grammar အကြောင်း၊ စကားလုံးအကြောင်းကို သင်ယူခွင့်ရသွားတာပါပဲ။
မြို့ရဲ့ အထင်ကရနေရာတွေကို မှတ်ထားပါ။
"by the way", "on the other hand", "long story short" ဆိုတာတွေက မြို့ရဲ့ အထင်ကရနေရာတွေလိုပါပဲ။ ဒီစကားစု (Chunks) တွေကို တစ်ခုချင်းစီ ဘာသာပြန်မယ့်အစား၊ တစ်စုတစ်စည်းတည်း အဓိပ္ပာယ်တစ်ခုအနေနဲ့ မှတ်ထားလိုက်တာက သင့်စကားပြောကို ပိုပြီးသဘာဝကျစေပါတယ်။
Dr. Diane Larsen-Freeman ရဲ့ အဆိုအရ English ဘာသာစကားကို စက်ရုပ်တစ်လုံးလို မချဉ်းကပ်ပါနဲ့။
သူဟာ သင်စူးစမ်းလေ့လာရမယ့်၊ အသက်ဝင်နေတဲ့ မြို့ကြီးတစ်မြို့ပါ။ စည်းမျဉ်းစာအုပ်ကြီးကို ဘေးချပြီး၊ မြို့ကြီးထဲမှာ ပျော်ရွှင်စွာ လမ်းထွက်လျှောက်လိုက်ပါ။
အမှားတွေကိုမကြောက်ဘဲ၊ သင်တွေ့ကြုံရတဲ့ ပုံစံတွေနဲ့ စကားစုတွေကို သင်ယူမှတ်သားသွားလိုက်ပါ။ အဲ့ဒီအခါမှသာ သင်ဟာ တကယ့်ကို ကျွမ်းကျင်တဲ့ မြို့ပြရဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမှာပါလို့ဆိုပါတယ်။
#English #learnenglish #yangonenglishcenter