- သင်ရိုးအသစ် ရည်ရွယ်ချက်များနှင့်အတူ ဆရာနှင့် ကျောင်းသား အချိုးကျ ဖြစ်စေရေး (Students + Teacher Ratio) အလေးထားရန်
Tuesday, July 15, 2025
အကြံပြုချက်များ
Monday, July 14, 2025
Art and Architecture
- စေတီတော် အခေါ်အဝေါ်များနှင့် တည်ဆောက်ပုံ
- Art and Architecture (သမိုင်းနှင့်တွဲသင်ရန်)
Sunday, July 13, 2025
တာဝန်ပေးရန်
- မိလိန္ဒပဥှာ၊ မဟာနိဒ္ဒေသ၊ ပေတကောပဒေသ စသော ကျမ်းတို့ကို သေချာလေ့လာဖို့။ ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း စတဲ့ ကျမ်းတွေကို အထူးပြုလေ့လာပြီး မှတ်ချက်ရေး စာတမ်းတင်ပေးဖို့ တာဝန်ပေးရန်
Saturday, July 12, 2025
ဆွေးနွေးစရာများ
- အနက်တေးစာအုပ်များကိစ္စ
- ဥက္ကုဋိကံ (စောင့်ကြောက်ထိုင်ခြင်း) (အင်းစိန်ဆရာတော်ကြီး၏ အယူအဆ ဆောင်းပါး။ ပညာရေးစနစ် မှတ်စု တွင် "ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန" ခေါင်းစဥ်ဖြင့် ရှာရန်)
- ကျမ်းကိုးစနစ်ကို သုံးတဲ့အခါ ဘယ်နည်းကို သုံးမလဲ (စာပိုဒ်ကို ကိုးကားတဲ့ နည်းအကြောင်းလည်း ဆွေးနွေးရန်)
- ကျောင်းများ စီမံခန့်ခွဲ အုပ်ချုပ်ရေးစနစ် (ကုမ္ပဏီတွေမှာ ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါ။ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါတယ်။)
- ဂီတနှင့် ပတ်သက်တဲ့ သဘောထား
- ကော်မာ၊ ပုဒ်ထီး၊ ပုဒ်မ = မြန်မာစာ ရေးရာမှ ဖြစ်ဖြစ်၊ ပါဠိရေးရာမှာ ဖြစ်ဖြစ်၊ ပုဒ်ထီး၊ ပုဒ်မ ရေးရမယ့် နေရာမှာ ကော်မာတွေ ခံပြီး ရေးကြတယ်။ ကွက်ရှင်မှတ်တွေ ထည့်ကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်ပုံစံကို လိုက်မယ်ဆိုတာ သေသေချာချာ ဆွေးနွေးသင့်တယ်။ (ဦးပညာဓဇရဲ့ တိပိဋကဆော့ဖ်ဝဲ မှာ ကော်မာတွေ အများကြီး သုံးထားတယ်။ ဆဋ္ဌမူ စာအုပ်တွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။)
- စောင့်ကြောက်ထိုင်ခြင်း (ဥက္ကုဋိကံ) (အင်းစိန်ဆရာတော်ကြီး၏ အယူအဆ ဆောင်းပါး။ ပညာရေးစနစ် မှတ်စု တွင် "ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန" ခေါင်းစဥ်ဖြင့် ရှာရန်)
- ဇာတကများ ပြဋ္ဌာန်းကျမ်းစာမှာ ထည့်သင့်၊ မထည့်သင့် ဆွေးနွေးရန်
- ဋီကာကျော် ကို ဆက်လက် ပြဋ္ဌာန်း သင့်၊ မသင့် ဆွေးနွေးရန်
- တစ်ခု နဲ့ တခု၊ တစ်ကောင်နဲ့ တကောင် စသည် တစ်နှင့် တ ဆွေးနွေးရန်
- ဓမ္မပဒများ ပြဋ္ဌာန်းကျမ်းစာမှာ ထည့်သင့်၊ မထည့်သင့် ဆွေးနွေးရန်
- ပိဏ္ဍပါတ လား ပိဏ္ဍာစာရ လား
- ပြုံးရယ်မှု။ ဒကာ၊ ဒကာမတွေကို စကားပြောတဲ့အခါ ပြုံးပြုံးရွှင်ရွှင် ပြောသင့်လား။ ဓာတ်ပုံရိုက်တဲ့အချိန် ပြုံးထားသင့်လား။
- ဖိနပ်စီခွင့်ပြုရေးကိစ္စ။ သင်ခန်းစာထဲ ထည့်သင့်၊ မသင့်။
- ဗုဒ္ဓသာသနာ။ ဗုဒ္ဓဘာသာလို့ သုံးမယ့်အစား ဗုဒ္ဓသာသနာလို့ သုံးရင် မကောင်းဘူးလား။ (ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု)
- မြတ်စွာဘုရား၏စံတော် (ဆံထုံးနဲ့လား၊ ကတုံးနဲ့လား) (ပန်းချီ ဆွဲရာမှာ ထည့်သွင်းစဥ်းစားရမယ့်အချက်ပါ)
- ရဟန်းနှင့် ပြုံးရယ်ခြင်း (တည်တည်ကြည်ကြည်နဲ့ နေသင့်လား၊ ပြုံးပြုံးရွှင်ရွှင် နေသင့်လား) (ပန်းချီ ဆွဲရာမှာ ထည့်သွင်းစဥ်းစားရမယ့်အချက်ပါ)
- သာသနာ့အလံကိစ္စ (လက်ရှိအလံကို ဆက်သုံးမလား၊ အလံသစ် ထွင်မလား)
- သီလရှင်တွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးရန် (သီလရှင်တွေအနေနဲ့ ဘာတာဝန်တွေ ယူသင့်လဲ)
Thursday, July 10, 2025
မှော်ဘီအစည်းအဝေးနဲ့ မဟာဂန္ဓာရုံဆရာတော်
ယခင်လမှအဆက်-
သမိုင်းဝင် မှော်ဘီ သံဃာ့အစည်းအဝေးကြီး
စိမ်းလန်းချမ်းမြေ့ မှော်ဘီဥယျာဉ်ဝယ်
ဦးစီးဆရာတော်ကြီးများသည် အကြိုညှိနှိုင်း ဆွေးနွေးပွဲပေါင်းများစွာကို ကျင်းပတော်မူကြ၏။ အဓိက မှော်ဘီအစည်းအဝေးကြီးကိုကား ၁၃၂၆-ခု၊ တပေါင်းလပြည့် (၁၉၅၆-ခု၊ မတ်လ ၁၇-ရက်) နေ့မှ စတင်၍ ကျင်းပဖို့ရန် ဆုံးဖြတ်တော်မူကြသည်။ တဖြည်းဖြည်းနှင့် တပေါင်းလပြည့်ရက်နားသို့ နီးကပ်လာလေပြီ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့၏ မြောက်ဘက်မနီးမဝေး၊ စိမ်းစို၍ အလွန်ကျယ်ပြန့်သော စိုက်ပျိုးရေးဥယျာဉ်ခြံမြေကွက်ကြီးအတွင်း သံဃာတော်များအတွက် ဝါးတဲကျောင်းကြီးများကို အစီအစဉ်တကျ ဆောက်လုပ်ကြလေပြီ။ သောက်ရေအိုးစင်များ၊ ရေချိုးခန်းများနှင့်ကုဋီများပါ အသင့် ဆောက်လုပ်ထားကြ၏။ ဥယျာဉ်ကြီး၏ အလယ်ဗဟိုတွင်ကား သံဃာတော် (၂၃၀၀)ဆံ့ စည်းဝေးခန်းမ မဏ္ဍပ်ကြီး။ ထိုနှင့် မနီးမဝေးတွင် ထိုသံဃာတော်များဆံ့လောက်အောင် ဆွမ်းစားမဏ္ဍပ်ကြီး၊ ဤသို့ အသီးသီး ဟီးနေအောင် သစ်သား၊ဝါး၊ဓနိတို့ဖြင့် စနစ်တကျ တည်ဆောက်ထားကြလေသည်။
ဗဟိုစည်းဝေးခန်းမ မဏ္ဍပ်ကြီးကို သကြားပင်ပျို များစွာ၏အောက်တွင် တည်ဆောက်ထားသဖြင့် သကြားပင်တို့၏ ပင်စည်ခက်မ၊ အခွအကိုင်း၊ အရွက်အရိပ်တို့က မိုးနေသဖြင့် “သိကြားသာသနာ ရောက်တော့မှာလိုလို” အချို့က ပြောဆိုကြသေး၏။ သို့သော် အလုပ် ကြိုးစားမှု၊ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်မှုတို့သာ ပဓာန မဟုတ်ပါလော။
အစည်းအဝေး တက်ရောက်ကြမည့် သံဃာတော်အားလုံး ထိုဥယျာဉ်ခြံကြီးသို့ တပေါင်းလဆန်း (၁၄) ရက်နေ့ ညနေကပင် စုံလင်အောင် ရောက်နေကြလေပြီ။ ယင်းအဖိတ်နေ့ညနေတွင် နောက်တစ်နေ့ လပြည့်နေ့မှာ ဥပုသ်ပြုဖို့ရာ တစ်နေရာ၌ ဝိသုံဂါမအမိန့်ခံ၍ သိမ်သမုတ်တော်မူကြ၏။ အများအားဖြင့် ယင်းသိမ်မှာ ဥပုသ်ပြုကြသည်။ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီး အမှူးရှိသော ရွှေကျင်ဆရာတော်၊ သံဃာတော်များကား ရန်ကုန်မြို့၊ ကျောက်ကုန်း၊ မဟာဗောဓိကျောင်းတိုက်သို့ ပြန်၍ ဥပုသ်ပြုတော်မူကြသည်။
အစည်းအဝေးကြီး စတင်ကျင်းပ
၁၃၂၆-ခု၊ တပေါင်းလပြည့်နေ့၊ နေ့ (၁၂)နာရီတွင် စတင်၍ သာသနာတော်ကြီး၌ ထူးခြားသော ဂိုဏ်းပေါင်းစုံ သံဃာတော်များ အစည်းအဝေးပွဲကြီးကို မှော်ဘီမြို့တွင် ကျင်းပကြ၏။
ပထမနေ့တွင် အုပ်ချုပ်ရေး သွင်ပြင်များဖြစ်သော ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်၊ ဂိုဏ်းထောက် ဟူသော ရှေးမူ စနစ်များကို တင်ပြကြ၍ ဆွေးနွေးကြ၊ ညှိနှိုင်းကြ၊ တိုင်ပင်တော်မူကြသည်။ ညနေ လေးနာရီမှ ရုပ်သိမ်း ကြသည်။
ဒုတိယနေ့တွင် ပညာရေးကိစ္စများ၊ ဝိနိစ္ဆယဌာန ကိစ္စများ ပြောကြ၊ ဆိုကြ၊ အဆိုတင်သွင်းကြ၊ ထောက်ခံကြနှင့် အားရစဖွယ် ဖြစ်ပါပေ၏။ ညနေ လေးနာရီတွင်မှ ရုပ်သိမ်းတော်မူကြသည်။
တတိယနေ့တွင်ကား သာသနာဝင် ရဟန်းသာမဏေများ သာသနာ့မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ရေး ဟူသောအချက်ကို ဆွေးနွေးတိုင်ပင်ကြလေသည်။ ဤကိစ္စနှင့်ပတ်သတ်၍ ပြဿနာအတက်ဆုံး ဖြစ်၏။ အချို့က ရဟန်း သာမဏေများ ဤမှတ်ပုံတင်ကတ်ပြားကို မကိုင်ဆောင်သင့်၊ ကိုင်ဆောင်ဖို့ မလိုဟု ဆိုကြ၏။ အချို့က ကိုင်ဆောင်သင့်သည်ဟု ငြင်းခုံလာကြသည်။ ညနေပိုင်းသို့ ရောက်သောအခါ တစ်ဖက်နှင့်တစ်ဖက် ပို၍ပြင်းထန်လာကြသည်။ စည်းဝေးခန်းမကြီးသည် စိုးရိမ်မကင်းစရာလို ဖြစ်လာတော့၏။
စည်ဝေးပွဲ ရုပ်သိမ်းခြင်း
ဤအခြေအနေကို ကောင်းစွာ ခန့်မှန်းမိသော အခမ်းအနားမှူး အကျိုးတော်ဆောင်ဆရာတော်က ကြားဖြတ်၍ ကြေညာရတော့၏။
““အားလုံး ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား၊ ယခု အစည်းအဝေးပွဲကြီး ကျင်းပလာတာ သုံးရက်ရှိပါပြီ။ ပြောကြဆိုကြ ညှိနှိုင်းကြတာတွေလည်း အတော်စုံလင်နေပါပြီ။ မပြေလည်တဲ့ အချက်အလက် အနည်းငယ်မျှ ရှိပေမဲ့ ပြေလည်တဲ့ အချက်အလက်တွေလည်း များစွာရှိပါတယ်။ ပညာရေးနှင့် ပတ်သတ်လို့ ဆိုရင်လည်း ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ အတန်းတိုင်းမှာပင် မြန်မာစာ၊ ဂဏန်းသင်္ချာ စသည်တို့နှင့် မွမ်းမံပြီး စီမံပြဋ္ဌာန်းချင်တဲ့ စနစ်သမားက အနည်းငယ်မျှသာပါ။ မပြုမပြင်ဘဲ မူဟောင်း၊ စနစ်ဟောင်းအတိုင်း သွားချင်တဲ့သူက (၉၉) ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဒီတော့ စီမံကိန်းအသစ်နှင့် ပြုပြင်ချင်တယ် ဆိုတဲ့ သူတွေဟာ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို တစ်တုံး၊ နှစ်တုံးလောက်ပါ။ ဒါကို ထောက်ဆခြင်းအားဖြင့် မူဟောင်းအတိုင်း ကြိုက်သူတွေက များပါတယ်လို့ ဆိုနိုင်ပါတယ်””
ဤသို့လျှင် မိမိတစ်ပါးတည်း ဆုံးဖြတ်ပိုင်ခွင့် မရှိသော အချက်အလက်တို့ကို တစ်ပါးတည်း ပြောဆို ဆုံးဖြတ်ပြီးလျှင်-
““အခု ဒီအစည်းအဝေးကြီးဟာလည်း ညှိနှိုင်း ဆုံးဖြတ်ဖို့ ကိစ္စတွေအားလုံး ပြည့်စုံအောင် ညှိနှိုင်းပြီးပြီ ဖြစ်လို့ အခုချိန်ကစပြီး ဒီအစည်းအဝေးကြီးကို ရုပ်သိမ်းပါတယ်ဘုရား။ တစ်ဆက်တည်း လျှောက်ထားချင်တာကတော့ ဒီကနေ့ ညနေပဲ သံဃာအားလုံးကို ရန်ကုန်သို့ အရောက်ပြန်လည် ပို့ဆောင်ပါမည်။ ကားများ အသင့် စီစဉ်ထားပါပြီဘုရား”” ဟု ကြေညာလိုက်တော့သည်။
တစ်ပြည်လုံးက ဆန္ဒများမှာ
မှော်ဘီ အစည်းအဝေးကြီး မတိုင်မီကပင် သက်ဆိုင်ရာဌာနက တစ်ပြည်လုံးသို့ ဖြစ်ချင်သောဆန္ဒ၊ တင်ပြလိုသောအချက်၊ နှစ်သက်သောမူတို့ကို တင်ပြပါရန် ရှင်၊ လူ၊ ရဟန်း အားလုံးထံ သတင်းစာမှနေ၍ ဆန္ဒတောင်းခံခဲ့၏။ ထို့ကြောင့် ရှင်၊ လူ၊ ရဟန်းအားလုံးကလည်း စိတ်ဝင်တစား အကြံဉာဏ်များ ပေးခဲ့ကြ၏။ နေထိုင်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေးတို့ အစုံပါဝင်၏။ ထိုအကြံပေးချက်စာ ဟူသမျှတို့ကို သာသနာရေးဌာနက လက်နှိပ်စက်ဖြင့် ရိုက်၍ စာအုပ်အဖြစ် တွဲထားရာ နှစ်လက်မခန့်စီထူသော စာအုပ်ကြီးနှစ်တွဲရရှိ၏။ ထိုစာအုပ်ကြီးများကို မှော်ဘီအစည်းအဝေးရက်များက မှော်ဘီကွင်းထဲတွင် အများမြင်သာအောင် မြက်ခင်းပေါ်၌ စားပွဲနှစ်လုံးပေါ်တင်၍ ပြသထားသည်။ မည်သူမဆို ဖတ်ရှုလေ့လာ၊ ဝေဖန်နိုင်ရန်ဖြစ်သည်။
ထိုစာအုပ်ကြီး နှစ်အုပ်ကို လှန်၍ ကြည့်ပါလျှင် ပညာရေးနှင့်ပတ်သက်၍ တစ်တိုင်းပြည်လုံးက ဖော်ပြသော အများဆန္ဒကို ပြက်ပြက်ထင်ထင် အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ အများအားဖြင့် အကြံပေးရာတွင် သံဃာတော်များ၏ ပညာရေးမှာ ယခုအခါ ခေတ်နှင့် မညီတော့ပါ၊ နောက်ကျနေပါပြီ၊ ခေတ်နှင့်ညီအောင် ပြုပြင်သင့်ပါပြီ။ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ အတန်းများ၌ ထိုက်သင့်သလို မြန်မာစာ၊ ဂဏန်းသင်္ချာ၊ ပထဝီ၊ သိပ္ပံ၊ အင်္ဂလိပ်စာ စသော ဘာသာရပ်များ ထည့်သွင်း စီစဉ်သင့်ပါပြီ ဟူသော အာဘော်များက လွှမ်းလျက် ရှိပါ၏။
သို့ရာတွင် အခမ်းအနားမှူးက အပြီးသတ်ကြေညာသောအခါ ပြောင်းပြန် ကြေညာပါတော့သည်။ ထိုကြေညာ ချက်ကိုပင် ရေဒီယိုမှ တိုင်းပြည်သို့ အသံလွှင့်လေသည်။ ဝမ်းနည်းဖွယ်ကောင်းလေစွ။
အရှင်ဇနက စိတ်မောရ
မှော်ဘီအစည်းအဝေးကြီးမှ အပြန်တွင် ဆရာတော် အရှင်ဇနကာဘိဝံသမှာ စိတ်ကုန်လူပန်း၍ မရွှင်လန်းအောင် ရှိတော့၏။
““ဘယ့်နှယ်ပါလဲဘုရား၊ အစည်းအဝေးကြီးက သာသနာတော်အတွက် အကျိုးသက်ရောက်အောင် ပေးနိုင်ပါလားဘုရား””
ဟု မေးလျှောက်ကြည့်သောအခါ-
““အင်း ... သွားပြန်ပေါ့ကွဲ့၊ စိတ်မောစရာပဲ။ ဒီလို အခွင့်အရေးကြီး ကြုံဖို့ရာဆိုတာ မလွယ်ဘူးကွဲ့။ အနှစ် လေးငါးဆယ်ရှိမှ တစ်ကြိမ်လို ပေးလာတတ်တာ။ ပေါ်တုန်းပေါ်ခိုက်မှာ တို့ဘုန်းကြီးတွေ ညီညီညွတ်ညွတ်နှင့် မယူတတ်ကြတော့ အခု အခွင့်အရေးတွေ လွတ်ကုန်ကြပြန်ပေါ့ကွဲ့။ တယ်ခက်သကိုး၊ သာသနာတော်ရဲ့ မျက်နှာကို မကြည့်ကြဘူး။ ပုဂ္ဂိုလ်ရဲ့ မျက်နှာကိုသာ ကြည့်ပြီး ကန့်ကွက်ကြ၊ ဟန့်တားကြ လုပ်နေကြတော့ ခက်တာပေါ့ကွဲ့”” တဲ့။
အရှင်ဇနကာဘိဝံသက စိတ်မောကိုယ်မောနှင့် ဆက်လက်ပြီး ပြောပြန်သည်။
““လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်၊ ငါးဆယ်နီးပါးလောက်တုန်းက တို့ပဥ္ဇင်း ခပ်ရွယ်ရွယ်တုန်းက ဒီလို အခွင့်အရေးမျိုး တစ်ကြိမ်ပေါ်ခဲ့ဖူးတယ်ကွဲ့။ ဒီတုန်းက အင်္ဂလိပ်အစိုးရက “သံဃာတော်များ၏ ပညာရေး အတွက် မိမိတို့နှစ်သက်သလို ပြုပြင်ဖို့ရာ စည်းဝေးတိုင်ပင်ကြပါ” လို့ဆိုတော့ မန္တလေး လေးပြင်လေးရပ်လုံးက သံဃာတော်များ စည်းဝေး တိုင်ပင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ တို့ရဲ့ကျေးဇူးရှင် အဘယာရာမဆရာတော်က “ငယ်၊ လတ်၊ ကြီး အတန်းများရဲ့ရှေ့က မူလတန်းတစ်တန်း တိုးပေးပါ” ဆိုတာရယ်၊ ပြီးတော့ “အဲဒီအတန်းတိုင်းမှာ မြန်မာစာနှင့် ဂဏန်းသင်္ချာကို သင့်တော်သလို ခွဲဝေထည့်သွင်း ပြဋ္ဌာန်းပေးပါ” ဆိုတာ ရယ်၊ အဲဒီ အဆိုနှစ်ရပ်ကို အစည်းအဝေးမှာ တင်သွင်းခဲ့ တယ်””
ရှေ့ဆောင်တွေ ဘယ်က ထွက်သလဲ
““ဒီအခါမှာ ဆရာတော်ကြီး ခပ်များများက ဂဏန်းသင်္ချာ ဆိုတာတွေဟာ ခေတ်ပညာတွေပဲ၊ (နှစ်တစ်လီ နှစ်၊ နှစ်နှစ်လီ လေး ဆိုတာတွေဟာ ခေတ်ပညာဖြစ် သွားပြီ။ နော ဧက နော၊ န၀ ဒွေ အဋ္ဌဓာဒသ ဆိုရင် တော့ ပါဠိလိုဖြစ်လို့ လောကုတ္တရာပါပဲတဲ့) ခေတ်ပညာ ဆိုတာ တိရစ္ဆာနကထာ၊ မသင်ကောင်းဘူးဆိုပြီး ပယ်ချလို့ အဆိုတင်သွင်းချက်ဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအစည်းဝေးမှာပါတဲ့ ၁။ အိမ်တော်ရာဆရာတော်တို့၊ ၂။ ပေါက်မြိုင်ဆရာတော်တို့၊ ၃။ မန္တလေး အရှေ့ပြင် မိဘမဲ့ပရဟိတဆရာတော်တို့၊ ၄။ မန္တလေးမြို့အထက်က ဆည်သည်ရွာ မော်လမြိုင်ကျောင်းဆရာတော် တို့ဆိုတာ ရှိတယ်။
အဲဒီ ဆရာတော်လေးပါးကတော့ “တို့ကို ဘယ်သူကမှ အပေါင်းသင်း မလုပ်လုပ်၊ တို့ကတော့ ပညာရေးကို ခေတ်နှင့်ညီအောင် တည်ထောင်စီစဉ်ရမှာပဲ” ဆိုပြီး ကိုယ့်ကျောင်းဝင်းထဲကိုယ် အတန်းကျောင်းများ (လောကဓာတ်ကျောင်းများ) တည်ထောင်ကြတော့တယ်။ အဲ- အနှစ်လေးငါးဆယ်လောက်ကြာတဲ့ အခု အချိန်မှာ စွမ်းစွမ်းတမံနှင့် တိုင်းပြည်ခေါင်းဆောင်နေတဲ့သူတွေကို ဘယ်ကျောင်းက ထွက်လာခဲ့သလဲလို့ မေးကြည့်လျှင် အဲဒီဆရာတော်လေးပါးကျောင်းက ထွက်လာတဲ့သူတွေပဲ တွေ့ရတယ်။ ဟိုတိရစ္ဆာနကထာ မသင်ကောင်းဘူးလို့ ဆိုတဲ့ ဆရာတော်တွေရဲ့ ကျောင်းက တစ်ယောက်မှ မပေါ်လာကြဘူး။ အဲဒါပဲ ကြည့်ပေတော့”” တဲ့။
ဦးနေဝင်းနှင့် အရှင်ဇနကာဘိဝံသ
မေတ္တာရှေ့ထား ဆောင်ရွက်ပါ
ဥက္ကဋ္ဌကြီး ဦးနေဝင်း (ထိုစဉ်က ဗိုလ်ချုပ်နေဝင်း) သည် ၁၃၂၈-ခု၊ တပို့တွဲလဆုတ် တစ်ရက်၊ (၂၅-၂-၆၇) နေ့က တစ်ကြိမ်၊ ၁၃၂၉-ခု သီတင်းကျွတ်လဆန်း (၁၃)ရက်၊ (၁၆-၁၀-၆၇) နေ့ကတစ်ကြိမ်၊ ၁၃၂၉-ခု၊ နတ်တော်လဆန်း (၁၃) ရက် (၁၄-၁၂-၆၇) နေ့က တစ်ကြိမ် ပေါင်းသုံးကြိမ် အမရပူရ ဂန္ဓာရုံကျောင်းတိုက် ဆရာတော်ထံ ရောက်ဖူး၏။ ဗိုလ်ချုပ်ကြီးသည် နိုင်ငံခေါင်းဆောင် ဖြစ်နေသည့်အလျောက် တာဝန်ရှိသည့် အားလျော်စွာ မိမိတို့နိုင်ငံအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်၍ ဘက်စုံအောင် ဆွေးနွေးတိုင်ပင်ကြကာ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေချိန် ဖြစ်သည်။ တစ်ဖက်မှလည်း စာရိတ္တယဉ်ကျေးမှုအတွက် မျက်ခြည်ပြတ်မသွားအောင် စဉ်းစားနေရသော အချိန်ဖြစ် သည်။
ထိုအခိုက်တွင် ဗိုလ်ချုပ်ကြီးသည် လုပ်ဖော်ကိုင်ဖက် ရဲဘော်အချို့နှင့်အတူ အမရပူရ မဟာဂန္ဓာရုံသို့ ရောက်လာခဲ့၏။ ဆရာတော်အား လေးစားစွာ ကန်တော့ကြ၏။ ဆရာတော်က ဗိုလ်ချုပ်ကြီးအား တိုင်းပြည်အတွက် အလုပ်လုပ်ရာတွင် အရာရာ၌ မေတ္တာရှေ့ထား၍ ဆောင်ရွက်ပါဟု မှာကြား၏။ အုပ်ချုပ်ရာ၌လည်း ရှေး သူတော်ကောင်း ဘုရားလောင်းတို့၏ ထုံးဟောင်းတို့ကို သာဓကပြု၍ မချွတ်ချော်ရအောင် ကွပ်ကဲပုံ၊ ယဉ်ကျေးမှု၊ စာရိတ္တများ မပျက်ပြားအောင် ထိန်းသိမ်းပုံတို့ကိုလည်း ဟောပြတော်မူ၏။
ဘုန်းကြီးကိုယ်တိုင်လည်း ယခု ဤကျောင်းတိုက်၌ သာသနာတော်၏ ယဉ်ကျေးမှု၊ ဝိနည်း၊ ကိုယ်ကျင့်စာရိတ္တ မြင့်မားအောင် ကြိုးစားနေကြောင်း မိန့်တော်မူရာ၊ ဗိုလ်ချုပ်ကြီးကလည်း သူ့အတွေ့အကြုံကို ပြန်လည် လျှောက်ထား၏။ သူ ငယ်ငယ်က မြင်ခဲ့ရ၊ တွေ့ခဲ့ရသော သာသနာရေးအခြေအနေကို ဝိနည်းလေးစားသော ဆရာတော်ကြီးများ၊ ထိုဆရာတော်ကြီးများနှင့် လက်ပွန်းတတီး ရင်းနှီးစွာနေခဲ့ရပုံ၊ ဆည်းကပ်ခဲ့ရပုံတို့ကို လျှောက်ထားသည်။
ရှိသမျှနှင့် ကျေနပ်သူ
ဒုတိယအခေါက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း + ဇနီး ဒေါ်ခင်မေသန်းနှင့် သားသမီးများ၊ ဗိုလ်ချုပ်ကြီးကျော်စိုး (သာသနာရေး)၊ ဗိုလ်ချုပ်ကြီး သန်းစိန် (လမ်းပန်း ဆက်သွယ်ရေး)၊ ဗိုလ်ချုပ်ကြီးသောင်းကြည် (လယ်ယာ စိုက်ပျိုးရေး)၊ ဗိုလ်ချုပ်ကြီး ချစ်ခင် (လေ)၊ ဗိုလ်ချုပ်ကြီး စိန်မြ (အနောက်မြောက်တိုင်းတာဝန်ခံ)၊ ဗိုလ်မှူးကြီး ဗန်ကူူး (စစ်ကိုင်းတိုင်းတာဝန်ခံ)၊ ဦးဘငြိမ် (စီးပွားရေး အကြံပေး) တို့ဖြစ်ကြ၏။ ဗိုလ်ချုပ်ကြီးမိသားစုက သံဃာ (၁၅)ပါးစာ ဆွမ်း၊ ဆွမ်းဟင်းနှင့် မုန့်ပဲသရေစာများ လှူဒါန်းကြသည်။ ဤအခေါက်တွင်လည်း ဗိုလ်ချုပ်ကြီးနှင့် ဆရာတော်တို့သည် ဘာသာ၊ စာရိတ္တ ယဉ်ကျေးမှု အကြောင်းတို့ကိုပင် ပြောဆိုဆွေးနွေးကြ၏။ ဆရာတော်က ရှေးသူတော်ကောင်းတို့လည်း ပညာပါရမီ ဆည်းပူးကြရင်း တိုင်းပြည်အုပ်ချုပ်ပုံတို့ကို ဟောပြသည်။
ပြန်ခါနီးတွင် ဗိုလ်ချုပ်ကြီးက “ဘာများ အလိုရှိပါသလဲဘုရား” ဟု လျှောက်ထားမေးမြန်းရာ ဆရာတော်က “ရှိသမျှလေးနှင့် ကျေနပ်တဲ့ ဘုန်းကြီး ဆိုတော့ မလိုပါဘူးလေ” ဟူ၍ ပြန်လည် မိန့်ကြားသည်။
မှတ်ချက်။ ။ ဆရာတော်၏ အဖြေစကားသည် သေသေချာချာစဉ်းစားလျှင် “ပြည့်စုံနေပြီ” လို့ မဆိုပါ။ “မလိုချင်တော့ပါဘူး” ဟူ၍လည်း တူးတူးခါးခါး မပယ်မြစ်ပါ။ “ရှိသမျှလေးနှင့် ကျေနပ်တတ်တဲ့ သူ့အလေ့” ကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ အခွင့်အရေးကို တောင်းသည်လည်းမဟုတ်၊ လှူလာလျှင်လည်း ငြင်းမည့် အဓိပ္ပါယ်မျိုးကို မဆောင်ပါ။
စင်စစ်သော်ကား တပည့်သံဃာများ (၂၀၀)ကျော် လောက်နှင့် ဆရာတော့်မှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး မမျှမတ မပြည့်မစုံ အခြေအနေတွင် ရှိပါသည်။ သို့တစေလည်း “အခွင့်အရေးပေါ်လာတုန်း လက်မလွတ်တမ်း ဖမ်းလိုက်မည်” ဟူသောဝါဒ ဘယ်သောအခါမျှ မရှိခဲ့သော ဆရာတော်တစ်ပါး ဖြစ်ပေ၏။
အရှင်သံဝရာလင်္ကာရ
(ဓမ်္မပိယဆရာတော်)
(ဆက်လက်ဖော်ပြပါမည်)
မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=pfbid02KszJH7fBJ62oseL5hFykDg1RnGuqGu5pisk1LN2bVXwJP2H98j3Tsfuc4Y8fmDSwl&id=100063714557605
Wednesday, July 9, 2025
ကျမ်းကိုးနည်းစနစ်
- Peter Harvey – An Introduction to Buddhism (1990; 2nd ed. 2012)
- Encyclopaedia of Buddhism (Sri Lanka) – Vol. 3, entry on “Loka”
- (Aung-Thwin 1985, p. 101)
- အံ၊၂
- မဇ္စျိမနိကာယ်တွင် သုတ္တံစုစုပေါင်း (၁၅၂) သုတ် ရှိပါသည်။ မူလပဏ္ဏာသ၊ မဇ္စျိမပဏ္ဏာသ၊ ဥပရိပဏ္ဏာသဟူ၍ ပါဠိတော်သုံးအုပ် ခွဲထားသည်။
- မာတိကာတွင် သုတ္တံအမည်ကို ကြည့်၍ ရှာပါ။
- ဓမ္မသင်္ဂဏီ၊ ၁၀၉၂။ စာပိုဒ်နံပါတ်နဲ့ ကိုးတယ်။
မကြိုက်ဆုံး စာမေးပွဲ
မြန်မာနိုင်ငံက ဘုန်းကြီးပညာရေးစနစ်ထဲမှာ မကြိုက်ဆုံးစာမေးပွဲကို ပြောပါဆိုရင် တိပိဋကစာမေးပွဲလို့ ပြောရမှာပဲ။ ဒီလိုပြောလို့ ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြ၊ ဖြေဆိုနေကြတဲ့ အရှင်သူမြတ်တွေကို ဆော်ကားလိုတဲ့စိတ် အလျဥ်းမရှိကြောင်း ကြိုတင်ပြောလိုပါတယ်။ စာမေးပွဲစနစ်ကိုသာ ဓမ္မဒိဋ္ဌာန်ကျကျ ဝေဖန်လိုခြင်း ဖြစ်ပါတတယ်။
အမှန်တကယ်တော့ တိပိဋကစာမေးပွဲဆိုတာ ဉာဏ်ရည်ထက်မြက်ပြီး သဒ္ဓါနဲ့ ဝီရိယ အားကြီးသူတွေသာ ဝင်ရောက်ဖြေဆိုဝံ့တဲ့ စာမေးပွဲပါ။ တိပိဋကစာမေးပွဲမှာ စာမျက်နှာ ရှစ်ထောင်ခန့်ရှိတဲ့ ပါဠိတော်ကျမ်းစာအုပ် (၂၀) ကို အာဂုံပြန်ဆိုရပါတယ်။ ရေးဖြေမှာဆိုရင် ပါဠိတော်သာမက အဋ္ဌကထာ၊ ဋီကာတွေကိုပါ ဖြေဆိုရတယ်။ မြန်မာနိုင်ငံ ဘုန်းကြီးစာမေးပွဲတွေထဲမှာဆိုရင် အခက်ခဲဆုံး စာမေးပွဲလို့ ပြောလို့ရတယ်။
၃၃ ရက် ဖြေဆိုရတဲ့အတွက် ကမ္ဘာပေါ်မှာ ရက်အရှည်ကြာဆုံး စာမေးပွဲကြီးဆိုပြီး ကြံဖန် ဂုဏ်ယူနေကြသူတွေလည်း ရှိပါတယ်။ မိမိအနေနဲ့ ဒီစာမေးပွဲကို ဘာ့ကြောင့် မကြိုက်သလဲဆိုတာ အချက်အလက်တချို့ နဲ့ ဖြေရှင်းပါစေ။
၁။ ပိဋကတ်သုံးပုံကို အာဂုံဆောင်တယ်ဆိုတာ ရှေးခေတ်က လိုအပ်ချက်အရ လုပ်ခဲ့ကြရတာ ဖြစ်တယ်။ ခုခေတ်မှာ ပိဋကတ်သုံးပုံလုံးကို အာဂုံဆောင်ဖို့ မလိုအပ်တော့ဘူး။
ရှေးရှေးက ရဟန်းတော်တွေဟာ လိုအပ်ချက်အရ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အာဂုံဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တပည့်အစဥ်အဆက် နှုတ်တိုက် ပြန်လည်ပို့ချပြီး လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်း ပိဋကတ်သုံးပုံကို စတုတ္ထသင်္ဂါယနာမှာ ပေထက်အက္ခရာတင်ပြီး ပဥ္စမသင်္ဂါယနာမှာ ကျောက်ထက်အက္ခရာ တင်ခဲ့ကြတယ်။ ဆဋ္ဌသင်္ဂါယနာမှာတော့ ပိဋကတ်သုံးပုံကို စီစစ်တည်းဖြတ်ပြီး စာရွက်ပေါ်မှာ စက်တင်ပုံနှိပ်ခဲ့ကြပါတယ်။ ခုခေတ်မှာတော့ ဒစ်ဂျစ်တယ်နည်းပညာရဲ့ စွမ်းပကားနဲ့ အွန်လိုင်းပေါ်မှာ၊ ဆော့ဝဲထဲမှာ အလွယ်တကူ ဖတ်ရှု့လေ့လာနိုင်နေကြပါပြီ။ Software App တွေ၊ AI တွေ ပေါ်လာတော့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ရှာဖွေပြီး လေ့လာမှတ်သားနိုင်ကြပါတယ်။
ပြောချင်တာက ပါဠိတော်တွေကို အချိန်ကုန်ခံ နှုတ်တက်အာဂုံဆောင်ပြီး အထူးတလည် ထိန်းသိမ်းစရာ မလိုတော့ဘူးဆိုတာပါ။ အဓိကလုပ်ရမှာက ခေတ်မှီနည်းစနစ်တွေသုံးပြီး ဘုရားဟောတရားတော်တွေကို အမြန်ဆုံးနည်းနဲ့ နားလည်တတ်ကျွမ်းအောင် လေ့လာမယ်။ ပြီးရင် တပည့်တွေကို ပြန်လည်ပို့ချဖို့နဲ့ လူတွေကြားထဲ ရောက်နိုင်သမျှရောက်အောင် ဖြန့်ဝေဖို့ပါပဲ။
၂။ အချိန်ကုန် လူပမ်းတဲ့ စာမေးပွဲဖြစ်တယ်။ ပေးရတာနဲ့ ရတာ မတန်ဘူး။
တိပိဋကစာမေးပွဲကို များသောအားဖြင့် ဉာဏ်ရည်ထက်မြက်သူတွေသာ ဝင်ရောက်ဖြေဆိုနိုင်ကြတာပါ။ အသက် (၂၀) ကျော်လောက်ကနေ စဖြေကြတာ များပါတယ်။ မိမိအနေနဲ့ဆိုရင် တိပိဋကစာမေးပွဲဟာ ပေးလိုက်ရတာနဲ့ ပြန်ရတာ မတန်ဘူးလို့ မြင်မိတယ်။ အလုပ်လုပ်လို့ အကောင်းဆုံးအချိန်တွေကို စာတွေ လက်လွတ်ကျက်မှတ်ရင်း ကုန်ဆုံးသွားတယ်။ အများစုက အဆုံးထိ မလျောက်နိုင်ဘဲ လမ်းတစ်ဝက်နဲ့ လက်လျော့သွားကြတယ်။ ပြီးတဲ့သူ အများစုကလည်း တိပိဋကဘွဲ့ရတဲ့ အချိန်မှာ အသက် တော်တော်ရနေကြပြီ။ ခြေကုန်လက်ပမ်း ကျနေပြီ။
၃။ တိပိဋကဆရာတော်တွေထဲမှာ မင်းကွန်းဆရာတော်ကြီးကလွဲလို့ ထူးထူးခြားခြား လုပ်ပြနိုင်တာ မတွေ့မိဘူး။
"ထူးထူးခြားခြား" ဆိုတာက မဟာဂန္ဓာရုံဆရာတော်လို သာသနာအတွက်၊ နိုင်ငံတော်အတွက် အကျိုးများတဲ့ ကျမ်းစာတွေ ရေးသားတာ၊ ပါချုပ်ဆရာတော်ကြီးလို အများသူငါ ရိုးရိုးရှင်းရှင်း နားလည်သဘောပေါက်အောင် ဘုရားဟောတရားတွေကို ဟောပြောပို့ချတာ၊ အောက်စ်ဖို့ဒ်ဆရာတော်လို အများသူငါ အသိအမှတ်ပြုရလောက်တဲ့ တက္ကသိုလ်ကြီးတွေ တည်ထောင်တာ စတာတွေကို ပြောတာပါ။ တွေ့မိသလောက်ဆိုရင် တိပိဋကဆရာတော်တွေ အဓိက လုပ်ကြတာက စာသင်တိုက် ထောင်ကြတာပါ။ စာသင်တိုက်ထောင်တယ်ဆိုတာလည်း သာမဏကျော်၊ ဓမ္မာစရိယဘွဲ့ရရင်ကို လုပ်နိုင်တဲ့ကိစ္စတွေပါ။
၄။ တော်တော်များများက ဘုန်းကြီးချင်လို့ ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတာတွေ တွေ့ရတယ်။ ရည်ရွယ်ချက်က မှားနေတယ်။
ဒါက အများစုတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အရေအတွက် တော်တော်များများက ဘုန်းကြီးချင်လို့ လုပ်ကြတယ်လို့ မြင်နေရတယ်။ ဘုန်းကြီးချင်တာ၊ နာမြင်ကြီးချင်တာ မှားလားလို့ မေးရင် မှားပါတယ်။ မြတ်စွာဘုရားကတော့ လာဘသက္ကာရသိလောကတို့က အန္တရာယ်ကြီးကြောင်း၊ ပယ်စွန့်ဖို့ လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။ စာမေးပွဲကို ဖြေဆိုခြင်းရဲ့ ရည်ရွယ်ချက်က ဘုန်းကြီးဖို့ ဆိုရင် တော်တော်ကို လွဲနေပါပြီ။ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှာ တိပိဋကဆရာတော်တွေကို ချီးကျူးဂုဏ်ပြုပွဲ လုပ်ကြတာတွေ့တယ်။ ဒါတွေကို ရွှေသမင် အလိုက်မှားတဲ့ ခြေလှမ်းလို့ မပြောချင်ပေမဲ့ သိပ်တော့ ဟန်မကျဘူးလို့ ပြောချင်တယ်။
-
ပညာရှင်များ ဦးအဘယာလင်္ကာရ ဝိနည်းဘာသာ ပြဋ္ဌာန်းကျမ်းစာများ ပစ္စဝေက္ခဏာ (၄) ပါး လိင် (၁၀) ပါး ဒဏ် (၁၀) ပါး သေခိယသိက္ခာပုဒ် (၇၅) ပါး ခန္ဓကဝတ် (...
-
မြန်မာနိုင်ငံဗုဒ္ဓသာသနာ့သမိုင်းကို စုပေါင်းရေးသားရန်။ မရေးသားမီ စာအုပ်စာတမ်း၊ ကျောက်စာစသည်များမှ သာသနာ့သမိုင်းနှင့် ပတ်သက်သော အချက်အလက်အား...
-
ပညာဗိုလ် - ကျောက်ဆည် (သ၊စ၊အ ဓမ္မာစရိယ) မဟာဂန္ဓာရုံ ပညာရေးအကြောင်း (၁) --------------- "တေသု - ထိုနှစ်ဦးတို့တွင်၊ အနာထပိဏ္ဍိကေန - အနာထပိ...
