Friday, October 25, 2024

စိန်ရတနာဆရာတော် ပညာရေး အယူအဆ

 အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

ဩဝါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ
သို့
စိန်ရတနာ ဆရာတော် အရှင်သာသနဝရ၏ တင်ပြချက်များ

၁။ ပရိယတ္တိပညာရေးနှင့် ဗုဒ္ဓဘာသာပညာရေး မြှင့်တင်ရန်၊
၂။ သာသနာ့သမိုင်းလေ့လာရေးဌာန တည်ထောင်ဖွင့်လှစ်ရန်၊
၃။ ဘာသာခြားများ၏ အယူဝါဒကို လေ့လာရေးဌာန တည်ထောင်ဖွင့်လှစ်ရန်၊
၄။ ဘာသာပြန်ဌာန တည်ထောင်ဖွင့်လှစ်ရန်၊
၅။ နိုင်ငံတကာဆက်ဆံရေးဌာန တည်ထောင်ဖွင့်လှစ်ရန်၊
၆။ ဗုဒ္ဓဘာသာဂျာနယ် သတင်းစာ-စသည် ထုတ်ဝေရန်၊
၇။ ဗုဒ္ဓဘာသာ ရေဒီယို၊ရုပ်သံ လိုင်းတစ်လိုင်း တည်ထောင်ရန်၊
၈။ ဗုဒ္ဓဘာသာ ကျင့်စဉ်ကျမ်းကြီး ရေးသားပြုစု၍ ဆန္ဒခံယူကာ အတည်ပြု ထုတ်ဝေရန်၊
၉။ တိုင်းရင်းသား ဗုဒ္ဓဘာသာ သင်တန်းကျောင်း ဖွင့်လှစ်ရန်၊
၁၀။ နိုင်ငံခြားသား ဗုဒ္ဓဘာသာ သင်တန်းကျောင်း ဖွင့်လှစ်ရန်။
----------------------------------------------------

စိန်ရတနာကျောင်းဆရာတော်

အထံတော်သို့
ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။
ရက်စွဲ။ ။၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်။
၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်။

အကြောင်းအရာ။ ။သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၌ ထပ်မံ ပြင်ဆင်သင့်သော အချက်များကို တင်ပြ လျှောက်ထားခြင်း။

၁။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ်(၄)၌
"ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်မျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်"ဟု ပါရှိပါသည်။(မူရင်း)
၎င်းစာပိုဒ်ကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါသည်--------
"ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်။ သို့သော် လိုအပ်ပါက ထေရဝါဒနှင့် ညီညွတ်သော သံဃာ့အဖွဲ့ငယ်များကို ဖွဲ့စည်းနိုင်သည်။ ဥပမာ- အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ မဇ္ဈိမဝံသအဖွဲ့၊ လင်္ကာစာသင်သားများအဖွဲ့၊ စာချဆရာတော်များအဖွဲ့၊ ဓမ္မဗိမာန် အဖွဲ့၊ ဒေါက်တာခင်ခင်ရီ ပရိယတ္တိ ဖောင်ဒေးရှင်း၊ ဓမ္မစကူးလ် ဖောင်ဒေးရှင်း၊ ရှင်သာမဏေ ပြုစုပျိုးထောင်ရေး အဖွဲ့--စသည်။"(ပြင်ဆင်ချက်)

ဖွဲ့စည်းခွင့် မပြုခြင်း၏ အပြစ်များ။ ။အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားခြင်း အားဖြင့် အင်အားရှိသော အဖွဲ့အစည်းတို့၏ ကောင်းကျိုးပြုနိုင်သော လုပ်ဆောင်ချက် များကို ပိတ်ပင်ထားရာရောက်သဖြင့် သာသနာတော်နှင့် နိုင်ငံတော်၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် သံဃာငယ်များကို အညွန့်ချိုးထားရာ ရောက်ပါသည်။ မိမိတို့လည်း မဆောင်ရွက်နိုင်၊ ဆောင်ရွက်နိုင်သော အဖွဲ့အစည်းများ ကိုလည်း ဆောင်ရွက်ခွင့် မပြုပါက သာသနာတော်နှင့် နိုင်ငံတော်၏ တိုးတက်မှု အရွေ့ကို မဖြစ်စေနိုင်ကြပါ။

ဖွဲ့စည်းခွင့် ပြုခြင်း၏ ကောင်းကျိုးများ။ ။အဖွဲ့အစည်း ဖွဲ့စည်းခွင့် ပြုခြင်း အားဖြင့် အင်အားရှိသော အဖွဲ့အစည်းတို့၏ ကောင်းကျိုးပြုနိုင်သော လုပ်ဆောင်ချက်များကို ဖွင့်ပေးရာ ရောက်သဖြင့် သာသနာတော်နှင့် နိုင်ငံတော်၏တိုးတက်မှုကို ကဏ္ဍမျိုးစုံမှာ ဖြစ်ပေါ်စေနိုင်ပါသည်။ တစ်နည်းအားဖြင့် သံဃာငယ်များကို မြေတောင် မြှောက်ပေးရာ ရောက်ပါသည်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့-ကို မှတ်ပုံတင်စေ၍ တရားဝင် ဖွဲ့စည်းခွင့် ပြုလိုက်ပါက ဗုဒ္ဓသာသနာတော် ရေရှည် တည်တံ့ ထွန်းကား ပြန့်ပွားရေးအတွက် များစွာ အထောက်အကူ ရနိုင်ပါသည်။ ထိုအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးက ဗုဒ္ဓဘာသာနှင့် မြန်မာ့ ယဉ်ကျေးမှု သင်တန်းများကို များစွာ ပို့ချပေးနိုင်သဖြင့် ဗုဒ္ဓဘာသာနှင့် မြန်မာ့ ယဉ်ကျေးမှုများ ပိုမိုထွန်းကားစေနိုင်ပါသည်။ အချုပ်အားဖြင့် လျှောက်ထားရသော် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီးသည် အမျိုး ဘာသာ သာသနာ၏ ခံတပ်ကြီးသဖွယ် ဖြစ်နိုင်ပါသည်။ မဇ္ဈိမဝံသအဖွဲ့-စသော တခြားအဖွဲ့များလည်း နိုင်ငံတော်နှင့် သာသနာတော်၏ အကျိုးကို အသီးအသီး ဆောင်ရွက်နိုင်ကြပါသည်။ စာချဆရာတော်များအဖွဲ့ ဖွဲ့စည်းခွင့် ပြုပါက (က) စာမေးပွဲများ၌ ပုစ္ဆာထုတ်ခြင်း၊ စာစစ်ခြင်း၊ စာမေးပွဲ ကြည့်ကြပ်ခြင်း-စသည်တို့၌ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ (ခ)ပရိယတ္တိဆိုင်ရာများကို ဆွေးနွေးတိုင်ပင်၍ အပြန်အလှန် ကူညီနိုင်ခြင်း၊ (ဂ)ဘာသာရေးကိစ္စများကို ဆွေးနွေးတိုင်ပင်၍ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ (ဃ)ကျောင်းထိုင်ဘုန်းကြီးများနှင့် စာချဘုန်းကြီးများ လိုအပ်ခဲ့သော် စာချ ဆရာတော်များအဖွဲ့မှ ကူညီနိုင်ခြင်း၊ (င) စာသင်သား အပ်နံှခြင်း-စသည်တို့၌ အပြန်အလှန် ထောက်ခံ၍ ကူညီနိုင်ခြင်း၊ (စ) ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-စသည်တို့၌ စာချဆရာတော်အဖြစ် ပူးပေါင်းကူညီနိုင်ခြင်း၊ (ဆ) "စာချ ဆရာတော်များနေ့" သတ်မှတ်၍ စာချဆရာတော်များအား ဂုဏ်ပြုပူဇော်ပွဲ-စသည်ကို အလွယ်တကူ ကျင်းပနိုင်ခြင်း၊ (ဇ) ကံကြီးကံငယ်ကိစ္စများကို ဆွေးနွေးတိုင်ပင်၍ အပြန်အလှန် ကူညီနိုင်ခြင်း၊ (ဈ) လိုအပ်ပါက သာသနာရေးကိစ္စ အမျိုးမျိုးကို ပူးပေါင်း ကူညီနိုင်ခြင်း-စသော သာသနာတော်၏ အကျိုးကို ဆောင်ရွက်နိုင်ကြပါမည်။
ဓမ္မဗိမာန်အဖွဲ့အနေဖြင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဆုပေးပွဲများ ကျင်းပခြင်း၊ ကျမ်းစာအုပ်များ ရေးသားပြုစုခြင်း၊ ပိဋကတော်ဆိုင်ရာ ဒီဗီဒီများ ထုတ်လုပ် လှူဒါန်းနိုင်ခြင်း၊ ပိဋကတော်ဆိုင်ရာ iPad များ လှူဒါန်းနိုင်ခြင်း-စသော သာသနာရေး ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒေါက်တာခင်ခင်ရီ ပရိယတ္တိ ဖောင်ဒေးရှင်းအနေဖြင့် (က)ပါဠိတော်မြန်မာပြန် စာမေးပွဲများ ကျင်းပခြင်း၊ (ခ)သာမဏေကျော် စာသင်တိုက်(၁၀၀) တည်ထောင်ခြင်း-စသော သာသနာရေး ကိစ္စများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းအနေဖြင့် (က)ဗုဒ္ဓဘာသာသင်ခန်းစာ သင်ရိုးညွှန်းတမ်းများ ရေးသားပြုစုခြင်း၊ (ခ)ဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ပု့ိချ၍ ဆရာ ဆရာမပေါင်း (၄၀၀၀)ကျော် မွေးထုတ်ပေးထားခြင်း၊ (ဂ)ဓမ္မစကူးလ်ကျောင်းပေါင်း (၁၀၀၀)ခန့် တည်ထောင်ထားခြင်း-ဤသို့ စသည်ဖြင့် အဖွဲ့အစည်း အသီးသီးက သာသနာတော်နှင့် နိုင်ငံတော်၏ အကျိုးကို များစွာသည်ပိုး ဆောင်ရွက်နိုင်ကြပါသည်။ သို့ဖြစ်၍ အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့် ပြုသင့်ပါသည်။ (ယနေ့ နိုင်ငံတော်အစိုးရက အဖွဲ့အစည်းမျိုးစုံကို ဖွဲ့ခွင့်ပြုထားသည်ကို သတိပြုသင့် ပါသည်။)

ဖြစ်နိုင်လျှင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးကိုပင် တစ်ဖွဲ့တည်း မထားသင့်ပါ။ (၁)နိုင်ငံတော် သံဃနာယကအဖွဲ့၊ (၂) နိုင်ငံတော် မဟာသံဃနာယက အဖွဲ့၊ (၃)နိုင်ငံတော် အဂ္ဂမဟာသံဃနာယကအဖွဲ့-ဟု သုံးဖွဲ့ ထားသင့်ပါသည်။ အသက်(၃၀)မှ (၄၅) အထိကို နိုင်ငံတော် သံဃနာယကအဖွဲ့၊ အသက်(၄၆)မှ (၆၀)အထိကို နိုင်ငံတော် မဟာသံဃနာယကအဖွဲ့၊ အသက်(၆၁)မှ (၇၅)အထိကို နိုင်ငံတော် အဂ္ဂမဟာ သံဃနာယကအဖွဲ့-ဟု (၃)ဖွဲ့ ဖွဲ့သင့်ပါသည်။ (၁)နိုင်ငံတော် သံဃနာယကအဖွဲ့က ခေတ်နှင့် တစ်ပြေးညီတည်း အတွေးအမြင် ရှိ၍ ရောက်ရှိနေသော ခေတ်နှင့် အညီ သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ပါမည်။ (၂) နိုင်ငံတော် မဟာသံဃနာယက အဖွဲ့က နိုင်ငံတော် သံဃနာယကအဖွဲ့နှင့် နိုင်ငံတော် အဂ္ဂမဟာ သံဃနာယက အဖွဲ့တို့ကို ပေါင်းကူးပေး၍ ရှေ့နောက် ချိတ်ဆက်မိအောင် သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ပါမည်။ နိုင်ငံတော် အဂ္ဂမဟာသံဃနာယက အဖွဲ့က အောက်နှစ်ဖွဲ့ကို အစွန်း မရောက်အောင် ထိန်းကွပ်ပေးနိုင်ပါမည်။ အဖွဲ့တိုင်း၏ သက်တမ်းကိုလည်း (၅)နှစ်ထက် ပိုမထားသင့်ပါ။ ဆန္ဒရှိပါက ထပ်မံ အရွေးခံခွင့် ပြုသင့်ပါသည်။ သို့သော် (၂)ကြိမ်သာ အရွေးခံခွင့် ပြုသင့်ပါသည်။ ဆွေးနွေးရာ၌မူ အတိုက်အခံအထိ ဆွေးနွေးခွင့် ပြုသင့်ပါသည်။

အထူးလျှောက်ထားချက်။ ။ဤသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများကို ဖြစ်နိုင်လျှင် အသစ်ရွေးဆွဲပါက သံဃာ့ဆန္ဒနှင့် ပိုမိုညီညွတ်ပါမည်။

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၁၃)၊အပိုဒ်(၉၃)၌

"ပရိယတ္တိသာသနာတော်နှင့် ပဋိပတ္တိသာသနာတော် တိုးတက် စည်ပင် ပြန့်ပွားစေရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများ စည်းမျဉ်းစည်ကမ်းများကို ရေးဆွဲ သတ်မှတ်၍ ဆောင်ရွက်ရမည်။"-ဟု ဖော်ပြထားပါသည်။

ဤသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စာအုပ်၌ ပရိယတ္တိပညာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း အလွန် နည်းနေသည်ကို တွေရပါသည်။သာသနာတော်ကြီး တိုးတက် စည်ပင် ပြန့်ပွားရေးအတွက် ပညာရေးသာ အဓိကဖြစ်ကြောင်း ဆရာတော်ကြီးများ သိရှိတော်မူကြပြီး ဖြစ်ပါသည်။ 
ပထမဦးဆုံး ပညာရေးအဖွဲ့ကို ကြီးကြီးမားမား ဖွဲ့သင့်ပါသည်။ထို့နောင် ထိုပညာရေးအဖွဲ့က လက်ရှိပညာရေးကို ပြန်လည် သုံးသပ်သင့်ပါသည်။ စစ်တမ်းကောက်ခြင်း၊ သုတေသနပြုခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ခြင်း၊ ပိုသည်ကို နုတ်ပယ်ခြင်း-စသည်ဖြင့် ပြင်ဆင်သင့် ပါသည်။ 

နိုင်ငံတော် ပညာရေးဌာနမှ ပညာရှင်များနှင့် ဆွေးနွေးခြင်း၊ ပြည်ပနိုင်ငံများရှိ ပရိယတ္တိပညာရေးကို လေ့လာခြင်း၊ ပြည်ပနိုင်ငံများရှိ ပညာရေးဆိုင်ရာ ပညာရှင်များနှင့် ဆွေနွေးခြင်းစသည်တို့ကိုလည်း ပြုလုပ်သင့်ပါသည်။ 

ထို့နောင် လက်ရှိပညာရေး အခင်းအကျင်းကို ပြုပြင်သင့်ပါသည်။ ရှေးဦးစွာ နိုင်ငံတော် ပညာရေးကဲ့သို့ အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေး-ဟု နှစ်မျိုးခွဲသင့်ပါသည်။ ထို့နောင် အခြေခံပညာရေးကို နိုင်ငံတော်အခြေခံပညာရေးကဲ့သို့ပင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း-ဟု (၃)ဆင့် ခွဲသင့်ပါသည်။ မူလတန်းကို ပထမဆင့်၊ ဒုတိယဆင့်၊ တတိယ-ဟု (၃)ဆင့်၊ အလယ်တန်းကိုလည်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယ-ဟု (၃)ဆင့်၊ အထက်တန်းကိုလည်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယ-ဟု (၃)ဆင့် ထပ်ခွဲသင့်ပါသည်။ (ယနေ့ နိုင်ငံတကာ ပညာရေး၌ အခြေခံပညာရေးကို (၁၂)တန်း အထိပင် ခွဲထားကြပါသည်။ မြန်မာနိုင်ငံအခြေခံပညာရေးကိုလည်း (၁၂)တန်းအထိ ခွဲဖို့ ပြင်ဆင်လျက် ရှိပါသည်။ 

အတန်းနည်းခြင်းသည် တောင်ကြီးကို မတ်စောက်ကြီး တက်ရသည်နှင့် တူပါသည်။ အတန်း ခပ်များများ ခွဲထားခြင်းသည် တောင်ကြီးကို ပြေပြေသာသာ တက်ရသည်နှင့် တူပါသည်။ သို့ဖြစ်၍ ပရိယတ္တိအခြေခံ ပညာရေးကို လျှောက်ထားတင်ပြခဲ့သည့်အတိုင်း (၉)တန်းခန့် ခွဲသင့်ပါသည်။ 

ပရိယတ္တိ အဆင့်မြင့်ပညာရေးကို ဓမ္မာစရိယအဆင့်နှင့် မဟာဓမ္မာစရိယအဆင့်-ဟု နှစ်ဆင့် ခွဲသင့်ပါသည်။ ဓမ္မာစရိယအဆင့်ကို ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်-ဟု (၃)နှစ် ခွဲသင့်ပါသည်။ (လက်ရှိအတိုင်း ထားရင်လည်း တစ်နှစ် (၁)ကျမ်းသာ ဖြေဆိုခွင့် ပြုသင့်ပါသည်။) မဟာဓမ္မာစရိယအဆင့်ကို ပထမနှစ်၊ ဒုတိယနှစ်-ဟု(၂)နှစ် ခွဲသင့်ပါသည်။ သင်ရိုးညွှန်းတမ်းများကိုလည်း ပြောင်းလွှဲသင့်ပါသည်။ ကျမ်းစာများကို အပိုင်းခွဲကာ သင်ရိုးညွှန်းတမ်းအဖြစ် အသုံးမပြုတော့ဘဲ အတန်းအလိုက် သင့်လျော်အောင် သီးခြား သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲသင့်ပါသည်။ အာဂုံ ရမှု၊ အလွတ်ကျက်မှုကို ဦးမတည်ဘဲ စဉ်းစားတွေးခေါ်တတ်မှုကို ဦးတည်သင့်ပါသည်။ အဘိဓာန် အလွတ်ကျက်မှုစနစ်ကိုကား လုံးဝ ပယ်ဖျက်သင့်ပါပြီ။

ပါဠိဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သာသနာ့သမိုင်းဘာသာနှင့် ကွန်ပျူတာဘာသာ တို့ကို အခြခံအဆင့်မှ စ၍ ပြဋ္ဌာန်းသင့်ပါသည်။ အထူးသဖြင့် ပါဠိဘာသာကို အရေး၊ အပြော၊ အဖတ်၊ အကြား စွမ်းရည်(၄)မျိုးလုံး ရှိအောင်၊ ကျွမ်းကျင်အောင် အထူး မြှင့်တင်ပေးသင့်ပါသည်။ ဘာသာရပ်များနေပါက တစ်ချို့ဘာသာရပ်များကို ဘာသာတွဲ အဖြစ်ဖြင့် ပြဌာန်းသင့်ပါသည်။

ဓမ္မာစရိယတန်း၌ ဝိဂ္ဂဟများကို အကန့်အသတ် မရှိ ပြုခိုင်းသော နည်းစနစ်ကို အသုံးမပြုသင့်တော့ပါ။ ဝိဂ္ဂဟပြုနည်း နားလည် မလည်ကိုသာ စမ်းသပ် မေးမြန်းသင့်ပါသည်။ ဓာတ်ပစ္စည်းများကိုလည်း အကန့်အသတ် မရှိ အလွတ်ခွဲခိုင်ခြင်းကို ရှောင်သင့်ပါသည်။ အဘိဓာန် ကြည့်တတ်က လုံလောက်ပါပြီ။ ပါဌ်မှား ပါဌ်မှန်ကိုလည်း အခြေခံသဒ္ဒါဖြင့် ဆုံးဖြတ်နိုင်သော ပါဌ်မှား ပါဌ်မှန်လောက်ကိုသာ မေးသင့်ပါသည်။ ဋီကာပါဌ်ကို ကိုးကား၍ ဆုံးဖြတ်ရသော ပါဌ်မှား ပါဌ်မှန်ကို လုံးဝ မမေးသင့်ပါ။ ပါဠိစီ မေးခွန်း၌ ကျမ်းရင်းကို ဘာသာပြန်ကာ ပြန်၍ မစီခိုင်းသင့်ပါ။ ထိုနည်းမှာ အသေ မှတ်နည်း ဖြစ်နေပါသည်။ ကိုယ်ပိုင်အသိဉာဏ်ကို ဖွံ့ဖြိုးစေသော နည်း မဟုတ်ပါ။ သီးခြားမြန်မာစကား အသစ်ပေး၍ ပါဠိစီစေသင့်ပါသည်။ ဤနည်းသည် အရှင် ဖြစ်ပါသည်။ ကိုယ်ပိုင်အသိဉာဏ်ကို ဖွံ့ဖြိုးစေနိုင်ပါသည်။ ဤအတန်း၌လည်း ပါဠိဘာသာကို ဘာသာရပ်တစ်ခုအဖြစ် ပြဌာန်းသင့်ပါသည်။ နေတ္တိအစား ကမ္မာကမ္မကို ပြဋ္ဌာန်းသင့်ပါသည်။

ဉာသ်ကောက်၊ ဝစနာဒိဆက္က၊ ဘာဝါလင်္ကာရ၊ ဗျုပ္ပတျာဒိစတုက္က၊ ဝိသယအခွဲ၊ ပဋ္ဌာန်းပစ္စည်းပြိုင်တို့ကို လက်တွေ့ဘဝမှာ အသုံးမရှိလှသဖြင့် လျှော့ချသင့်ပါသည်။

အမှန်မှာ- ဓမ္မာစရိယတန်း၌ လူတက္ကသိုလ်များ၌ ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း-စသည် ခွဲသကဲ့သို့ ဝိပဿနာလိုင်း၊ ဓမ္မကထိကလိုင်း၊ စာချလိုင်း၊ သာသနာ့သမိုင်းလိုင်း၊ ဝိနိစ္ဆယလိုင်း-စသည်ဖြင့် ခွဲခြားသင့်ပါသည်။ 

ဥပမာ ဝိပဿနာလိုင်း တက်ရောက်လိုသော ပုဂ္ဂိုလ်များအတွက် ဝိသုဒ္ဓိမဂ်ကို အဓိက ပြဋ္ဌာန်းသင့်ပါသည်။ ဓမ္မကထိကလိုင်း တက်ရောက်လိုသော ပုဂ္ဂိုလ်များအတွက် ဓမ္မပဒနှင့် အင်္ဂုတ္တိုရ်တို့ကို ပြဌာန်းသင့်ပါသည်။ စာချလိုင်း တက်ရောက်လိုသော ပုဂ္ဂိုလ်များအတွက် ဆရာအတတ်သင်ကျောင်း သီးခြား ဖွင့်ပေးသင့်ပါသည်။ သာသနာ့သမိုင်းလိုင်း တက်ရောက်လိုသော ပုဂ္ဂိုလ်များအတွက် သာသနာ့သမိုင်းဆိုင်ရာ ကျမ်းစာများကို ပြဋ္ဌာန်းပေးသင့်ပါသည်။ ဝိနိစ္ဆယလိုင်း တက်ရောက်လိုသော ပုဂ္ဂိုလ်များအတွက် ဝိနိစ္ဆယဆိုင်ရာ အချက်အလက်များကို စုစည်း၍ သင်ရိုးကျမ်းစာ ပြုစု ပြဋ္ဌာန်းပေးသင့်ပါသည်။ ထို့အတူ တခြား လက်တွေ့ အကျိုးပြုသော လိုင်းများကို စီစဉ်ပေးသင့်ပါသည်။

မဟာဓမ္မာစရိယတန်း၌ ကျမ်းစာပြုစုစေသင့်ပါသည်။

စာသင်တိုက်များကို မူလတန်း စာသင်တိုက်၊ အလယ်တန်း စာသင်တိုက်၊ အထက်တန်း စာသင်တိုက်-ဟု (၃)မျိုး ခွဲသင့်ပါသည်။ စာသင်တိုက်များကို နိုင်ငံတော်၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဖွင့်စေသင့်ပါသည်။ အကြီးတန်းအဆင့် အောင်ထားသော ပုဂ္ဂိုလ်များကို မူလတန်း စာသင်တိုက် ဖွင့်ခွင့် ပေးသင့်ပါသည်။(ထိုသို့ ဖွင့်ခွင့် ပေးလိုက်သဖြင့် သာသနာမှာ အလုပ်လက်မဲ့ ရဟန်းအရေအတွက် နည်းသွားပါလိမ့်မည်။ နိုင်နိုင်နင်းနင်း သင်ကြရသဖြင့် အရည်အချင်းများလည်း ပိုမို တိုးတက်လာပါလိမ့်မည်။) စာချ ဘုန်းကြီးများကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု ခန့်ထားပေးသင့်ပါသည်။

ဓမ္မာစရိယတန်း စာသင်တိုက်နှင့် မဟာဓမ္မာစရိယတန်း စာသင်တိုက်တို့ကိုလည်း သီးခြား သတ်မှတ် ပေးသင့်ပါသည်။

အထူး လျှောက်ထားလွှာ

ရှေးဆရာတော်ကြီးများ ရေးသားပြုစုခဲ့သော ဗုဒ္ဓဘာသာ ကျမ်းစာအုပ်များကို ဘာသာခြားများက ထုတ်ဝေ၍ စီးပွားရှာလျက် ရှိပါသည်။ ထိုကိစ္စကို နိုင်ငံတော်က ဥပဒေဖြင့် တားမြစ်ပေးသင့်ပါသည်။
အနက်တေး စာအုပ်အမျိုးမျိုးကို ခိုးထုတ် ရောင်းချလျက် ရှိပါသည်။ ထိုအနက်တေး စာအုပ်များမှာ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အဟန့်အတား ဖြစ်စေပါသဖြင့် ထိုစာအုပ်များ ပပျောက်အောင် ထိရောက်စွာ ဆောင်ရွက်သင့်ပါသည်။

ဆရာတော်ကြီးများ၏
ခြေတော်အစုံကို
ဦးခိုက်လျက်

သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့်
လုပ်ထုံးလုပ်နည်းများ၌
ထပ်မံ ပြင်ဆင်သင့်သော အချက်များကို
တင်ပြ လျှောက်ထားခြင်း

အရှင်သာသနဝရ
စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်
မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်။
၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်။

No comments:

Post a Comment