အိုင်တီခေတ်တွင် သံဃာတော်များ ပညာရေးပြောင်းသင့်/မပြောင်းသင့်
(ဒေါက်တာနန္ဒမာလာဘိဝံသ)
ကျော်နန္ဒအောင်။ ။တပည့်တော်လျောက်ထားပါရစေဘုရား၊ ဆရာတော်က ပရိယတ္တိလောကမှာ စာမေးပွဲတွေလည်း အဆင့်ဆင့်အောင်မြင်ပြီးသားလည်းဖြစ်၊ ကိုယ်တိုင်လည်း နှစ်များစွာ စာပေ ပို့ချခဲ့ပြီး၊ ပို့ချနေဆဲလည်းဖြစ်၊ စာပေပို့ ချမှုနှင့်ပက်သက်ပြီးနိုင်ငံတော်က စာချအမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုလည်း ဆက်ကပ်ခံရပြီး ဖြစ်ပါတယ်၊ကိုယ်တိုင်လည်း စာသင်သားဘဝကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတော့ ဒီကနေ့အထိ မြန်မာနိုင်ငံမှာသင်ကြားနေတဲ့ ပရိယတ္တိဓမ္မအပေါ် ဆရာတော်ရဲ့သုံးသပ်ချက်အမြင်ကို သိပါရစေဘုရား။
ဆရာတော်။ ။Traditional Education ပေါ့လေ၊ ဒီစနစ်နဲ့ပဲ ဒီနေ့ မြန်မာပြည်မှာ ကျင့်သုံးနေကြတာပါ၊ ဒီစနစ်နဲ့ပဲ အတော်တတ်နေကြပါတယ်၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေဆိုတာ ဒီစနစ်နဲ့ပဲ တတ်နေကြတာပါ။ ချွင်းချက်အနေနဲ့တော့ ရှိကောင်းရှိနိုင်ပါတယ်၊ ဘုန်းကြီးတို့ နိုင်ငံခြား ရောက်တဲ့အခါကျတော့ မြန်မာဘုန်းကြီးဆိုရင် အဘိဓမ္မာတတ်တယ်၊ ကမ္မဋ္ဌာန်းပြတတ်တယ်ဆိုတဲ့ အရည်အချင်း နှစ်ရပ်ကို အထူးသဖြင့် သီဟိုဠ်( သီရိလင်္ကာ)က ပါမေက္ခကြီးတွေက သိပ်အထင်ကြီးကြပါတယ်၊ လေးလည်း လေးစားကြပါတယ်။
ဒီလိုလေးစားခံရတာဟာ မြန်မာပြည်ရဲ့ ပရိယတ္တိပညာရေးစနစ်ရဲ့ မှန်ကန်မှု လို့ပြောရပါမယ်။ မြန်မာသင်နည်းစနစ်က နှစ်လည်းအကြာကြီးတော့ မဟုတ်ပါဘူး၊ ဉာဏ်အလတ်တန်းစားဆိုရင် (၁၀)နှစ်လောက် သင်ရပါတယ်၊ နိုင်ငံခြားသားတွေတောင် ဆယ်နှစ်လောက်ဆိုရင် ဓမ္မာစရိယတန်းလောက် ရောက်သွားပါတယ်။
ဥပမာအားဖြင့် နီပေါကလာတဲ့ ဒေါ်သုဓမ္မဝတီတို့၊ ဦးဉာဏပုဏ္ဏိကတို့ဆိုရင် (၁၀)နှစ်လောက်နဲ့ ဓမ္မာစရိယ ပြီးသွားကြပါတယ်။ အခြားပညာရပ်တွေ တက္ကသိုလ်တွေနဲ့စာရင် ကြာတယ်လို့ မပြောနိုင်ပါဘူး၊ သူတို့ရဲ့ပိဋကတ်စာပေ အရည်အသွေးက နိုင်ငံခြားမှာ တစ်ခြားနဲ့ယှဉ်ရင် အင်မတန် မြင့်မားပါတယ်။
ဘုန်းကြီးတို့ သီဟိုရ်မှာနေလာခဲ့တော့ သီဟိုဠ်ဘုန်းကြီးတွေကိုယ်တိုင်က ဘုန်းကြီးတို့ကို အတော် လေးစားပါတယ်။ အကယ်၍ သင်နည်းစနစ် မှားနေတယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ ပရိယတ္တိစာပေ အောက်တန်းကျမှာပါ။
ထေရဝါဒနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အောက်တန်းမကျပါဘူး၊ ပိဋကတ်ဘက်ကို ပြောတာနော်။ သို့သော် မြန်မာဘုန်းကြီးတွေက နိုင်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို မသင်ကြား သည့်အတွက်ကြောင့် တခြားနိုင်ငံခြားသားတွေကို ဗုဒ္ဓစာပေအကြောင်းကို မိမိတို့သိသလောက် ရှင်းမပြနိုင်ဘူး ဆိုတာတော့ ရှိပါတယ်၊ ဒါက အားနည်းချက်ပါ။
ကျော်။ ။ ပိဋကတ်အရည်အချင်းမှာ မြန်မာပြည်က အခြားထေရဝါဒ နိုင်ငံတွေထက်စာရင် ဘယ်အခြေအနေမှာ ရှိပါသလဲဘုရား။
ဆရာတော်။ ။ ပိဋကတ်နဲ့ ပက်သက်လို့ကတော့ မြန်မာဘုန်းကြီးတွေကို မမှီပါ၊ သီဟိုဠ် (သီရိလင်္ကာ)လည်း မမှီပါ။ တခြားနိုင်ငံတွေဆိုရင် ထည့်ကိုမပြောပါနဲ့တော့။ မြန်မာပြီးရင် သီဟိုဠ်က အတော်ဆုံးလို့ပြောရမှာပါ၊ ဒါပေမယ့် ပိဋကတ်အရည်အချင်းမှာ မြန်မာနိုင်ငံကို လုံးဝမမှီပါဘူး။
မြန်မာပြည်ရဲ့ ပိဋကတ်သင်နည်းစနစ်ဟာ မှန်ကန်တယ်လို့ ဘုန်းကြီယူဆတယ်၊ Language မတတ်တာလေးကိုကြည့် ပြီးတော့ ပြောလို့မရပါ။ Language အရည်အချင်းက ၄/၅နှစ်လောက်နဲ့ ရနိုင်ပါတယ်၊ ပိဋကတ်အရည်အချင်းကတော့ ဒီလောက်နှစ်နှင့် မရနိုင်ပါ၊ ပိဋကတ်အရည်အချင်းက ပိုပြီး အဓိကကျပါတယ်၊ ဒါမှနှိုင်းယှဉ်လို့ ရမှာကိုး။
အင်္ဂလိပ်ဘာသာဆိုတာ Media ဘာသာသဘောမျိုးပဲ ရှိတာလေ။ အင်္ဂလိပ်စာ ဘယ်လောက်တတ်နေနေ ပိဋကတ်စာပေ မတတ်ရင်တော့ဓမ္မကို ဘယ်လိုမှ ရှင်းပြလို့ ရမှာမဟုတ်ဘူး။
အခု ကမ္ဘာမှာသုံးနေတဲ့ ဝိသုဒ္ဓိမဂ်ကြီးကို အင်္ဂလိပ်လို The Path of Purification လို့ပြန်ထားတယ်။ ပြန်တဲ့ဆရာတော်က သီဟိုဠ် (သီရိလင်္ကာ)မှာနေတဲ့ ဦးဉာဏမောလိပါ။ ဂျာမန်ဘုန်းကြီး ဖြစ်ပါတယ်။ အင်မတန် ကြိုးစားပြီးတော့ပြန်ပါတယ်၊ သို့သော် သူ့ရဲ့ပါဠိ အရည်အချင်းက မြန်မာဘုန်းကြီးတွေလောက်မပြည့်စုံဘူး၊ ဒါကြောင့်ဘာသာပြန်တဲ့နေရာမှာ ချို့ယွင်းချက်တွေ အများကြီး ရှိပါတယ်။ အဲဒါ အခြားဘုန်းကြီးတွေ မမြင်ဘူး၊ မြန်မာပြည်က ဘုန်းကြီးတွေ မြင်ပါတယ်၊ မြန်မာပြည်က ဘုန်းကြီးတွေက အင်္ဂလိပ်စာတတ်တာနဲ့ ဒီနေရာ မှားနေတယ်လို့ ပြောနိုင်တယ်။
ဒါနဲ့ပက်သက်လို့ ကိုယ်တိုင်လည်း လေ့လာထားလို့ အပြောဆုံးက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်လုပ်နေတဲ့ ဦးသီလာနန္ဒာဘိဝံသပါ၊ (ယခုအခါ ထိုဆရာတော်ကြီး လွန်တော်မူသွားပါပြီ၊ စကားချပ်) ဒီအထဲမှာ အမှားတွေ အများကြီးပဲတဲ့။ ဝါကျဆက်တာက အစပေါ့။ သူငယ်ငယ်တုန်းက ထင်တယ်တဲ့၊ ဒီစာချတန်းသင်တဲ့စနစ်တွေဟာ အချိန်ကုန်တာပဲလို့ ယူဆခဲ့တယ်တဲ့။ အခု ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ဘာသာပြန်ထားတာကို ဖတ်ရတဲ့ အခါကျတော့ တို့ငယ်ငယ်က သင်ခဲ့တာတွေဟာ တယ်ပြီးစနစ်ကျပါလား လို့မြင်တယ်တဲ့။
ကျော်။ ။ မြန်မာပြန်အမှား အချို့ကိုလည်း အနည်းငယ်လောက်သိပါရစေဘုရား။
ဆရာတော်။ ။ ဘာဖြစ်လို့လဲဆိုတော့ ဝိသုဒ္ဓိမဂ်ထဲမှာ “ပန”တို့၊ “ဟိ” တို့ကို တွေ့လိုက်လို့၊ “အပိ စ” တို့ တွေ့လို့ရှိရင် စာအုပ်ထဲမှာပြန်ထားတာက However လို့၊ But လို့ပဲ ပြန်တာတွေ့ရတယ်၊ ဒီကတည်းက အကုန်လွဲကုန်ပြီ။ မြန်မာဘုန်းကြီးတွေကျတော့ သိတယ်၊ “အပိ စ” လို့ဆိုကတည်းက ဒါဟာ နောက်တစ်နည်းသွားတယ် ဆိုတာသိပါတယ်။ အများကြီးလွဲပါတယ်။ ဒေသနာသုဒ္ဓိဆိုတဲ့ စကားလုံးလေးမှာ ဘာသာပြန်ထားတာက ဒေသနာဆိုတာမြတ်စွာဘုရား ဟောကြားချက်လို့ ယူဆပြီးတော့ အင်္ဂလိပ်လို Purification by Teaching လို့ပြန်လိုက်တယ်။ လုံး၀ လွဲသွားပါတယ်၊ ဒေသနာသုဒ္ဓိဆိုတာ အဲဒါကို ဆိုလိုတာမဟုတ်ဘူး။ ရဟန်းတော်တွေဟာ အာပတ်ကို ဒေသနာကြားတဲ့အခါမှာ ဒေသနာကြားခြင်းဖြင့်သာလျင် ကိုယ်ကျင့်တရားဟာ စင်ကြယ်နိုင်တယ်။ ပါတိမောက္ခသံဝရသီလနဲ့ ပက်သက်ပြီးတော့ပြောတဲ့ စကားပါ။
အဲဒီလိုအမှားတွေ အများကြီးပဲ။ ဝါကျမနိုင်လို့ မှားတာတွေ။ ပါဠိ မနိုင်လို့ မှားတာတွေ အများကြီးပါ။ အဲဒီအမှားတွေကို ထောက်ပြနိုင်တာဟာ မြန်မာပြည်က ဆရာတော်တွေပါ။ ဘုန်းကြီးတို့အနေနဲ့ ကိုယ့်ရဲ့အားသာချက်အားနည်းချက်ဆိုတာကို သိရပါမယ်။
နောက်ဘုန်းကြီးတို့ မဟာသတိပဋ္ဌာနသုတ်မှာ Grammar သုံးတဲ့အခါ “တွာ” နဲ့ဆုံးတဲ့ပုဒ်ကို ပုဗ္ဗကာလကြိယာ လို့ခေါ်တယ်၊ “တွာ” နဲ့ဆုံးတဲ့ပုဒ်တွေမှန်သမျှကို အနောက်တိုင်းသားတွေက ဘာသာပြန်လို့ရှိလျင် Perfect နဲ့ပဲ ပြန်လေ့ရှိတယ်။ Have နဲ့တွဲပြီးပြန်လေ့ရှိတယ်၊ အဲဒါဘယ်နေရာမှာ သွားပြီးထိခိုက်လဲ ဆိုတော့ မဟာသတိပဋ္ဌာနသုတ်မှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ” အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဆိုတဲ့စကားမှာ ၍ ဆိုတဲ့ တွာ၊ ဝိနေယျ ဆိုတဲ့ပုဒ်ကို ဘာသာပြန်တဲ့အခါကျတော့ have removed attachment and hatred ဆိုတော့ ဘယ်လိုအဓိပ္ပါယ် သွားရသတုန်းဆိုရင် သတိပဋ္ဌာန်တရားအားမထုတ်ခင် လောဘနှင့် ဒေါသကို အရင်ပယ်ရမယ်။ ပြီးတော့မှ သတိပဋ္ဌာန်တရားကို အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။
ဒီတော့ သူတို့ရဲ့ Interpretation က ဘယ်လိုဆွဲသတုန်းဆိုတော့ ဝိပဿနာတရားကို သမထကျင့်စဉ်တစ်ခု မကျင့်ပဲနဲ့ ဝိပဿနာကို တိုက်ရိုက်အားထုတ်လို့ မရဘူးလို့ အဓိပ္ပါယ်ရသွားတယ်။ Perfect နဲ့ပြန်တဲ့ အတွက်ကြောင့်ပါ။ နိုင်ငံခြားက အင်္ဂလိပ်လို ပြန်တဲ့စာအုပ် တော်တော်များများဟာ အဲဒီလိုဖြစ်နေပါတယ်၊ Interpretation လွဲနေပါတယ်။ လွဲလို့ သုဒ္ဓယာနိကဝိပဿနာဆိုတဲ့ ဝိပဿနာသက်သက် သွားတဲ့လမ်းဟာ မှားတယ်လို့ဆိုနိုင်တဲ့အထိ ထိခိုက်လာပါတယ်။ ဘာသာပြန်လွဲတာပါ။
ဆရာတော်ဦးသီလာနန္ဒ ပြန်တာကျတော့ အဲဒီလိုမဟုတ်ဘူး၊ တွာ-က မြန်မာပြည်မှာ Grammar နဲ့ပြောမယ်ဆိုရင် ငါးမျိုးရှိတယ်၊ အဲဒီငါးမျိုး ရွေးချယ်တတ်ဖို့ လိုပါတယ်။ တစ်ချို့တွာ-က Preceding အရင်ဖြစ်နှင့်တာတစ်ခု၊ ပုဗ္ဗကာလ၊ နောက်မှဖြစ်တာရှိတယ်၊Following အပရကာလ။ နောက် Simultaneously တပြိုင်နက်ဖြစ်တာရှိတယ်၊ Because of အကြောင်းဆိုတာရှိတယ်။When ဆိုတဲ့အချိန်ကို သတ်မှတ်ပြတာရှိတယ်။ ငါးခုရှိပါတယ်၊ အဲဒီငါးခုကို သူတို့ကမရွေးချယ်ဘဲနဲ့ အကုန်လုံး ပုဗ္ဗကာလချည်း လုပ်တဲ့အခါကျတော့ အကုန်လွဲကုန်တယ်။
ဥပမာအားဖြင့် နေမင်းကြီးသည် အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းတောက်တယ် ဆိုတဲ့နေရာမှာ နေမင်းကြီး ထွက်လိုက်တာနဲ့ အမိုက်မှောင်က တစ်ခါတည်း ပျောက်သွားတာ၊ အမိုက်မှောင်ပျောက်ပြီးတော့မှ နေမင်းကြီး ထွက်တာမဟုတ်ဘူး။ နေမင်းကြီးထွက်တာရယ် အမိုက်မှောင်ပျောက်တာရယ် ဒီနှစ်ခုဟာ တစ်ပြိုင်နက်ဖြစ်တာ။
ဒီတော့ ဘာသာပြန်တဲ့နေရာမှာThe sun rises expelling darkness ဒီလိုပြန်တယ်၊ နေမင်းကြီးထွက်လာတာ အမိုက်မှောင် ပျောက်ပြီးထွက်လာတာ။ အဲဒီလိုပဲ မဟာသတိပဋ္ဌာနသုတ်ကို ဘာသာပြန်တော့လည်း ကာယာနုပဿနာသတိပဋ္ဌာန် ပွားနေတာဟာ အဘိဇ္ဈာနဲ့ ဒေါမနဿကို ပယ်ဖျောက်ပြီး ပွားနေတာ၊ ပွားရင်း ပယ်ဖျောက်နေတာ၊ ဒီလို အဓိပ္ပါယ်ယူရမှာ။ ဒါတွေကျတော့ မြန်မာပြည်က သင်နည်းစနစ်က ပိုပြီး တိတိကျကျ ရှိတယ်လို့ ပြောရပါမယ်၊ တစ်ခြားသင်နည်းစနစ်တွေမှာ ဒါမျိုးမရှိဘူး၊ ရှေးကျပေမယ့် တိကျတယ်။ တကယ်တတ်ပါတယ်။
ကျော်။ ။ ဆရာတော်တို့ ငယ်ငယ်တုံးက သင်ခဲ့ရပုံကလေးရောဘုရား။
ဆရာတော်။ ။ ဘုန်းကြီးတို့ ငယ်ငယ်တုံးကတော့ ထုံးစံအတိုင်း သင်ခဲ့ရတာပါပဲ။ သို့သော်လည်း ကံကောင်းတာက ဟိုရှေးရှေးတုန်းက နားမလည်တဲ့ ပါဠိသဒ္ဒါကြီးကို ကျက်ပြီးတော့ ပါဠိကတစ်ဆင့် မြန်မာပြန်ရတယ်၊ ပြီးတော့ ရုပ်တွက်ရတယ်၊ ရှေးမူကြီးအတိုင်းတော့ မဟုတ်ခဲ့ပါဘူး။ ဝိသုဒ္ဓါရုံသုတ်နက်နဲ့ အခြေခံပြီး ဘာသာပြန်ထားတာလေးကို ကျက်ရတော့ ပါဠိ Grammar မှာ အများကြီး လွယ်သွားပါတယ်။ သုတ်နက်နဲ့ သင်တဲ့စနစ်က ပိုပြီးလွယ်ပါတယ်၊ ငယ်ငယ်တုံးက စာပေအတော်များများကို အမိအရ ကျက်ထားတဲ့အတွက်ကြောင့် ကြီးလာတဲ့အခါ သိပ်ပြီး ပြန်ဖတ်ဖို့ မလိုတော့ဘူး၊ ဖတ်ရင်းနဲ့ ရှေ့ကိုမြင်မြင် သွားခဲ့ပါတယ်၊တစ်ခုနဲ့တစ်ခု ကျေးဇူးပြု သွားတယ်ပေါ့လေ။
မြန်မာပြည်ရဲ့ပါဠိပညာရေးစနစ်သည် မနိမ့်ကျလှပါဘူး။ ဒီလိုပဲသင်ခဲ့ရတာပါ။ ဘာပညာပဲဖြစ်ဖြစ် စာမေးပွဲစနစ်သင်တာဟာ Introduction သဘောမျိုးပဲဖြစ်ပါတယ်၊ တတ်တယ်လို့ ပြောလို့မရသေးဘူး၊ ပညာရပ်နဲ့ ဆက်သွယ်မိရုံ လောက်ပဲ၊ ကျွမ်းကျင်မှုကျတော့ မိမိရဲ့ လေ့လာလိုက်စားမှုအပေါ် မူတည်ပါတယ်။ သင်ထားတာကို လေ့လာလိုက်စား သွားမယ်ဆိုရင်တော့ ပညာရေးစနစ်က အများကြီး အထောက်အကူပြုပါတယ်။
ကျော်။ ။ ဆရာတော်အင်္ဂလိပ်စာသင်ယူခဲ့ပုံနဲ့ အငယ်တန်း၊ အလတ်တန်းလောက် စသည်မှာ အင်္ဂလိပ်စာတွဲပြီး သင်သင့်၊ မသင်သင့်။ ပရိယတ္တိစာပေနဲ့ အင်္ဂလိပ်စာသင်ယူမှုအပေါ် ဆရာတော်ရဲ့ သဘောထားခံယူချက်၊ ဘာသာ စကားကျွမ်းကျင်ဖို့ လိုအပ်ပုံစသည်များကို မိန့်ပါအုံးဘုရား။
ဆရာတော်။ ။ ဘာသာစကား မတတ်တာကတော့ အားနည်းချက်ရှိပါတယ်၊ ဒါဖြင့် အငယ်တန်းကတည်းက အင်္ဂလိပ်စာ ထည့်ရင်ကောင်းမလား ဆိုရင်တော့ ဘုန်းကြီးကတော့သဘောမတူပါဘူး၊ အဲဒီစနစ်ကို သီဟိုဠ်( သီရိလင်္ကာ) နဲ့ ယိုးဒ ယား(ထိုင်း)တို့မှာ လုပ်နေကြပါတယ်။ သူတို့ကိုကြည့်ပါ၊
ငယ်ငယ်ကတည်းက အင်္ဂလိပ်စာတို့၊ သချာၤတို့ထည့်သင်တော့ ပိဋကတ်စာပေ လေ့လာမှုမှာ အားနည်းသွားပါတယ်၊ ဒီမှာက ပိဋကတ်ဘက်မှာ အင်တိုက်အားတိုက် သင်နေကြတာ၊ အကယ်၍သာ အဲဒီပညာရပ်တွေတွဲပြီး သင်မယ်ဆိုရင် ကြိုက်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိမှာပါ၊ စာသင်သားတွေ ဒီထက်မက တော်လာမယ်လို့ ယူဆတဲ့သူများလည်း ရှိပါတယ်။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာပါ၊ သို့သော်လည်း အများစု နဲ့ ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်နဲ့ သချာၤထည့်သင်မယ်ဆိုရင် ပိဋကတ်စာပေဘက်မှာ အားပျော့သွားမယ်လို့ ဘုန်းကြီး ယုံကြည်နေပါတယ်။
ဘုန်းကြီးအင်္ဂလိပ်စာသင်တာ၂၆ နှစ်မှ စသင်တာပါ၊ မန္တလေးသကျသီဟစာမေးပွဲအောင်ပြီး ကမ္ဘာအေးမှာ တိပိဋကပါဠိမြန်မာအဘိဓာန် Compiler အနေနဲ့သွားရင်း ချမ်းမြေ့ရိပ်သာဆရာတော်ထံ ဝိဇ္ဇာလင်္ကာရဆရာတော်ရဲ့ စီစဉ်ပေးချက်အရ အင်္ဂလိပ်စာတစ်ချိန်၊ သက္ကတတစ်ချိန် ဖွင့်ပေးပါတယ်၊ သက္ကတကိုတော့ နီပေါက ဦးဉာဏပုဏ္ဏိကသင်ပေးပါတယ်၊ အဲဒီမှာစပြီး သင်ခဲ့တာပါ။
ကိုယ်တွေ့အရ ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်စာသင်သည့်အတွက်ကြောင့် နှိုင်းယှဉ်လေ့လာ တတ်ပြီး ပါဠိကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တတ်သွားခဲ့တယ်။ ဘာသာနှစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အင်္ဂလိပ်စာသင်လို့ လွယ်သွားတာဟာ ပါဠိသင်ခဲ့လို့၊ အင်္ဂလိပ်စာ သင်သည့် အတွက်ကြောင့် ပါဠိကို ပိုပြီးရှင်းရှင်းကြီး မြင်သွားပါတယ်။
စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်မှာ ကိုယ့်ရဲ့ နောင်တော်ကြီးထံမှာ ပါဠိကို စပြီးသင်ခဲ့တယ်။ ငယ်၊လတ်၊ ကြီးထိအောင်ပေါ့။ (၆)နှစ် ကြာခဲ့ပါတယ်။ ငယ်ငယ်တုံးက အဲဒီလိုသင်ခဲ့တာပါ။ ဆရာသမားများကတော့ ထေရုပတ္တိ အကျဉ်းမှာ ပါသွားပြီ၊ ပညာရေးနဲ့ ပက်သက်လို့ကတော့ ဒီလောက်ပါပဲ။ လျှောက်စရာရှိရင်လည်း လျှောက်ပါဦး။
ကျော်။ ။ ကျမ်းစာများရေးဖို့ရော အစီအစဉ်ရှိပါသလားဘုရား၊ အထူးအားဖြင့်တော့ စာသင်သားများအတွက် ပရိယတ္တိသာသနာတော်အတွက်ပေါ့ဘုရား၊ဆရာတော့် ထေရုပတ္တိမှာတော့ ထေရုပတ္တိကထာတွေရေးတာ များများတွေ့နေ ရလို့ပါ၊ ပြီးတော့ ဆရာတော်ရဲ့ အနာဂါတ်သာသနာအပေါ် မျှော်မှန်းထားချက်များပေါ့၊ အဲဒါသိချင်ပါသေးတယ် ဘုရား။
ဆရာတော်။ ။စာပေတွေကတော့ တော်တော်များများ ရေးထားလို့ ပြည့်စုံနေကြပါတယ်။ ပိဋကတ်နဲ့ ပက်သက်လို့လည်း နိဿယတွေ တော်တော်ပြည့်ပြည့်စုံစုံ ရှိနေပါတယ်၊ ဘာသာပြန်တွေလည်း ရှိပါတယ်။ တောင်မြို့ဆရာတော်ကြီး ရေးသွားလို့ အဋ္ဌကထာတွေလည်း တော်တော်ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အဲဒါတွေကိုတော့ ရေးဖို့ စိတ်မဝင်စားပါဘူး၊ သို့သော်လည်း ပိဋကတ်ကို ကြည့်မယ်ဆိုရင်တော့ မကုန်မခန်းနိုင်တဲ့ ပညာသမုဒ္ဒရာကြီးပါ။ Ocean of Knowledge ပေါ့။
အခုလောလောဆယ်တော့ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ဝိသုဒ္ဓိမဂ္ဂသင်္ဂဟ ဆိုပြီးတော့ စာမျက်နှာ (၇၀၀)လောက်ရှိတဲ့ ကျမ်းကြီးကိုစာမျက်နှာ (၂၀၀)လောက် ဖြစ်သွားအောင် အနှစ်ချုပ်ပြီးတော့ ရေးနေပါတယ်။ သီလနိဒ္ဒေသတစ်ခုတော့ ပြီးသွားပါပြီ။ အဋ္ဌကထာဆရာကြီးရေးတဲ့ ဝါကျတွေကိုပဲ ဖြတ်တောက်ပြီးတော့ ယူပြီးရေးထားတာပါ။ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ချုံ့ထားတဲ့ကျမ်းပေါ့လေ။
နောက် ဓမ္မပဒကျမ်းပါ။ ဓမ္မပဒဝတ္ထုကြီးတွေက တော်တော်ရှည်ပါတယ်၊ ရှည်တော့ တစ်ချို့နေရာတွေမှာ ဇာတ်ကြောင်းတွေ မျောသွားတာ ရှိပါတယ်။ ဓမ္မပဒဂါထာနဲ့ ဇာတ်ကြောင်းနဲ့ တစ်ခါတစ်လေ စပ်ဟပ်လို့ မရတာလေးတွေ ရှိပါတယ်၊ သေသေချာချာ ဖတ်တဲ့ပုဂ္ဂိုလ်တွေ တွေ့ပါလိမ့်မယ်။ ဘုန်းကြီးကိုယ်တိုင်လည်း ငယ်ငယ်က ခံစားခဲ့ရဖူးပါတယ်။ အချိန်ရရင်လည်း ဖတ်ကြည့်ပေါ့လေ။ အနုသန္ဓေမဆက်မိတဲ့ သဘောတွေပေါ့။ အဲဒါလေးတွေ မဖြစ်ရအောင် မြတ်စွာဘုရားဟောထားတာနဲ့ ဓမ္မအနှစ်နဲ့ အံကိုက်ဖြစ်အောင်ချိန်ပြီးတော့ ဓမ္မပဒဝတ္ထု တော်တွေကို ပါဠိလို ရေးပါတယ်။ နောက်မှဘာသာ ပြန်ချင်ပြန်မယ်ပေါ့။
ရည်ရွယ်ချက်ကတော့ နိင်ငံခြားက ပါဠိလာသင်တဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်က ကျောင်းသားတွေ ရှိပါတယ်။ သူတို့တစ်တွေ ဓမ္မပဒကို ခပ်ကျဉ်းကျဉ်းနဲ့ ပါဠိလို လေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်ကျတော့ အင်္ဂလိပ်လိုပြန်ပါမယ်။
နောက်တစ်ခုက ကြီးကြီးကျယ်ကျယ် ပြောတာတော့ မဟုတ်ဘူး။ ဘုန်းကြီးတို့ခေတ်မှာ ပါဠိရေးနိုင်တဲ့ မှတ်တိုင်တစ်ခု ရှိစေချင်တယ်။ ဆရာတော်တွေ မတတ်တာမဟုတ်ဘူး။ တတ်ကြပါတယ်။ သို့သော်လည်း စာအုပ် ဖြစ်မလာကြဘူး။ ဖြစ်မလာတဲ့အခါကျတော့ သမိုင်းဆရာတွေ ပြန်လေ့လာတဲ့အခါမှာ ဒီတစ်ခေတ်မှာ ပါဠိလိုရေးတဲ့စာအုပ် မပေါ်ခဲ့ဘူးဆိုရင် ပိဋကတ်တတ်ကျွမ်းတဲ့ ဘုန်းကြီး မရှိခဲ့ဘူးလို့ မှတ်ချက်ချသွားနိုင်ပါတယ်၊ ပြစရာမရှိလို့ပါ။
ပုဂံခေတ်မှာ ဆိုရင်လည်း သဒ္ဒနီတိကျမ်း ဆိုတဲ့နီတိကျမ်းကြီးရှိခဲ့တယ်၊ ပုဂံခေတ် ပါဠိအရည်အချင်းဟာ မညံ့ဘူး။ သိပ်မြင့်မားခဲ့တယ်၊ နောက်ပင်းယခေတ်မှာလည်း စတုရင်္ဂဗလ အမတ်ကြီးက အဘိဓာန်ဋီကာကျမ်းကြီးကို ပါဠိလိုရေးခဲ့တာရှိတယ်၊ ပင်းယရဲ့ ပါဠိပညာဟာလည်း အဆင့်မြင့်တယ်လို့ ပြောရပါမယ်၊ နောက်အင်းဝခေတ်မှာလည်း ရှိခဲ့တယ်။ ကုန်းဘောင်ခေတ်ကျတော့ လယ်တီဆရာတော်ကြီးတို့၊ ဝိသုဒ္ဓါရုံဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့ ပါဠိလို ရေးတဲ့ကျမ်းတွေပေါ်လာပြီး တော်တော်များများရှိခဲ့တယ်။
ပါဠိရဲ့ အဆင့်အတန်းဟာ ကုန်းဘောင်ခေတ်ထိအောင် မနိမ့်ကျခဲ့ပါဘူး။ လွတ်လပ်ရေးခေတ် နောက်ပိုင်းကျတော့ ပါဠိလိုရေးတာ အတော်နည်းသွားပါတယ်။ အခုလောလောဆယ်တော့ ဗန်းမော်ဆရာတော်ကြီးက အပါဒါန်နဲ့ ပက်သက်ပြီးရေးတယ်၊ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာရှုနည်းကျမ်းကိုလည်း ပါဠိလို ရေးထားတာတွေ့ရတယ်၊ ဒီလောက်ပါဘဲ။
တကယ်တော့ ပါဠိလို ကောင်းကောင်းရေးနိုင်တဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ သပြေကန်ဆရာတော်ကြီးပါ။ အလွန် ပြောင်မြောက်တဲ့ဆရာတော်ကြီးပါ။ ကျမ်းကြီးကျမ်းခိုင် တစ်စောင်လောက်ကို ရေးနိုင်ပါတယ်။ သို့သော်လည်း မရေးခဲ့ရပါဘူး။
ဆရာတော်ဦးသီလာနန္ဒ ဆိုရင်လည်း ပါဠိကျမ်းကြီးတွေ ကောင်းကောင်းရေးနိုင်ပါတယ်။ အင်္ဂလိပ်၊ သက္ကတ အင်မ တန်ကျွမ်းကျင်ပါတယ်။ ပိဋကတ်တော်တွေကို Edit လုပ်နိုင်တဲ့ ဆရာတော်ကြီးပါ။ သို့သော်လည်း ဒီနေ့အထိ ဒီဘက်ခေတ်မှာ မရေးနိုင်ခဲ့ဘူး။ အင်္ဂလိပ်လိုတော့ ရေးပါတယ်၊ ဘုန်းကြီးလည်း ရေးသင့်တယ်ထင်လို့ပါ။ အခုအသုံးကျတာ မကျတာထက် နောင်သမိုင်းမှတ်တိုင်အတွက် ပါဠိပညာကို လေ့လာမယ်ဆိုရင် ဒီခေတ်မှာပါဠိတတ်တဲ့ပုဂ္ဂိုလ် မရှိဘူးလို့ ကောက်ချက်ဆွဲသွားမှာ ပြန်တွေးကြည့်မိလို့ပါ။
နောက်တစ်ခုက လိုင်းပြောင်းသွားတယ် ပြောရမလားပဲ။ နဂိုကတော့ Traditional Education နဲ့ သွားနေတာပါ၊ နိုင်ငံခြားသားတွေကို ဟောရပြောရတယ်ဆိုတော့ အင်္ဂလိပ်စာနဲ့ အဟောအပြော များလာတယ်၊ လောလောဆယ် ရည်ရွယ်ထားတာက Center for BuddhistStudies ဆိုတာ သေးသေးလေးပါ၊ တက္ကသိုလ်အဆင့်မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာကို လေ့လာတဲ့ဋ္ဌာနတစ်ခု လုပ်ပြီး ဓမ္မအဆီအနှစ်တွေကို စာမဖတ်အားသူတွေအတွက် Booklet တွေရေးပြီး ထုတ်မလို့ စီစဉ်နေပါတယ်။ “Live for Knowledge of Dhamma” “ဓမ္မအတွက် အသက်ရှင်နေပါ” ဆိုတဲ့ Motto ပေါ့။ ဘုန်းကြီးရဲ့ပရိယတ္တိနဲ့ ပက်သက်လို့က ဒီလောက်ပါဘဲ။
ကျော်။ ။ တပည့်တော်များနှင့်တကွ အားလုံးအတွက် သြဝါဒဓမ္မလက်ဆောင်ကိုလည်း နာယူပြီးကျင့်သုံးချင်ပါတယ်ဘုရား၊ ချီးမြှင့်ပါအုံးဘုရား။
ထိုအခါ ဆရာတော်ကြီးသည် အသင့်ရိုက်နှိပ်ထားသည့် “ဘဝတန်ဖိုး အရယူ” ဟူသည့် သြဝါဒစာရွက်ကို စွန့်လိုက်ပါသည်။
(အဂ္ဂမဟာပဏ္ဍိတ၊ အပြည်ပြည်ဆိုင်ရာ ထရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (P hD) နှင့် စာရေးဆရာ ကျော်နန္ဒအောင်တို့ စစ်ကိုင်းတောင်ရိုး၊ မဟာသုဗောဓာရုံကျောင်းတိုက်အတွင်း ညဦးယံအချိန်တွင် မေးမြန်းဖြေဆိုကြသော စကားများကိုပြန်လည် မျှဝေပါသည်။
No comments:
Post a Comment