Friday, October 25, 2024

ဓမ္မဒေါင်းလုတ် ဦးကျော်လွင် လျှောက်ထားလွှာ

ဓမ္မဒေါင်းလုတ် ကိုကျော်လွင်


 မြန်မာနိုင်ငံ ပရိယတ္တိ ပညာသင်ကြားရေး စနစ် အကြံပြု လျှောက်ထားလွှာ ~
================================================

အကြောင်းအရာ။ မြန်မာနိုင်ငံ ပရိယတ္တိ ပညာသင်ကြားရေး စနစ်ကို ခေတ်နှင့်အညီ
လေ့လာသုံးသပ်ခြင်း အကြောင်းအရာကို စုပေါင်းဆွေးနွေပွဲပြုလုပ်ရန်အတွက် ပဏာမဦးစွာ အလွတ်သဘော ဆွေးနွေးကြရန် ပရိယတ္တိစာပေသင်ကြားရေး လုပ်ငန်းခွင်မှ သာသနာ့အာဇာနည် ဆရာတော်ကြီးများ၊ သာသနာပြုပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အကြံပြုစာလွှာများကို တောင်းခံ မှတ်တမ်းတင်ပြီး၊ ထိုမှတ်တမ်းများကို ဝိုင်းဝန်းဆွေးနွေးကြပြီး သာသနာတော်ကြီးအတွက် ပိုမိုထိရောက်နိုင်သော ပညာရေးစနစ်နှင့် နည်းလမ်းများကို စုပေါင်း စည်းဝေး၍ အဖြေရှာကြရန် ပန်ကြားလျှောက်ထားလွှာ
သံဃာတော် အရှင်သူမြတ်တို့အား အထက်ပါအကြောင်းအရာအတွက် တပည့်တော်များမှ ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

အထက် ဖေါ်ပြပါ အကြောင်းအရာကို မလျှောက်ထားမီ တပည့်တော်တို့သည် ပရိယတ္တိပညာရေး
စနစ်များကို ဘာမှ နားမလည်သော၊ မိမိတို့သည် အကျိုးတော်ဆောင်ပေးလိုသောသဒ္ဓါစိတ်နှင့် လုပ်အားဒါနမျှသာ တတ်နိုင်သော ဥပါသကာများမျှသာ ဖြစ်ပါကြောင်းကို ပဏာမအနေနဲ့ ဝန်ခံလျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။

ပရိယတ္တိမှ သာသနာ့ အာဇာနည် ဆရာတော်ကြီးများ၏ မလျှော့သော လုံ့လဖြင့်
ခေတ်အဆက်ဆက်တွင် တာဝန် ကြေပွန်စွာ ထမ်းဆောင်လာမှုကြောင့် တပည့်တော်တို့ ယနေ့ခေတ်ထိတိုင် မြတ်ဗုဒ္ဓ၏ စကားတော်များကို ကြားနာခွင့်၊ မှတ်သားခွင့်ဟူသော အခွင့်ထူးများကို ရကြခြင်းဖြစ်သည်ကို တပည့်တော်တို့အပါအဝင် ဗုဒ္ဓဘာသာဝင်အပေါင်း တို့က သိရှိထားကြပါသည် ဘုရား။

သာသနာ့ သမိုင်းတလျှောက်တွင် မြတ်ဗုဒ္ဓ၏ စကားတော်များသည် လူနေမှု စနစ်ပေါင်းများစွာ၊ အုပ်ချုပ်ရေး ယန္တာယားပေါင်းများစွာ၊ ယဉ်ကျေးမှုပေါင်းများစွာကို ကျော်ဖြတ်လာခဲ့သည်မှာ ယနေ့ဆိုလျှင် သာသနာတော်နှစ် ၂၅၅၇ တိုင်သို့တိုင် ရောက်ရှိလာခဲ့ပါပြီဘုရား။

မြတ်ဗုဒ္ဓ၏ စကားတော်များ စုစည်းရာ ပရိယတ္တိ သာသနာတော်ကြီး ဖြတ်သန်းကျော်ဖြတ်
လာခဲ့ရသော နှစ်ပေါင်း ၂၅၅၇ ၏ သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ပါက
ခေတ်အဆက်ဆက်တွင် သာသနာ့ဝန်ဆောင် ဆရာတော် ကြီးများသည် ပရိယတ္တိ သာသနာတော် ထိမ်းသိမ်းရေးနှင့် ပြန်ပွားရေး ဝန်ဆောင်မှုများကို မိမိတို့၏ သက်တမ်းထင်ရှားရှိစဉ်ကာလအတွင်းရှိ လူနေမှုစနစ်၊ ယဉ်ကျေးမှုနှင့် အတတ်ပညာ၊ နည်းပညာများနှင့် အံဝင်ခွင်ကျ ဖြစ် အောင်၊ မြတ်ဗုဒ္ဓ၏ မူရင်းစကားတော်များလည်း ထိခိုက် ပျက်စီးခြင်းမရှိအောင်၊ ခေတ်နဲ့ ညီညွတ်သော သာသနာပြု နည်းစနစ်ဖြင့် မွမ်းမံပြူပြင်၍ပရိယတ္တိသာသနာတော်ကြီးကို စောင့်ရှောက်လာခဲ့ကြောင်း တပည့်တော်များ သိရှိခဲ့ ကြပါသည် ဘုရား။

ယနေ့ခေတ်အခါ၏ လူနေမှုစနစ်များ၏ ပြောင်းလဲမှုမှာ အလွန်တရာ
မြန်ဆန်လာကြသည်ကို တွေ့ကြုံနေကြ ရပါသည်ဘုရား။ ထိုနည်းတူ ကွန်ပြူတာနည်ပညာ၊ ဆက်သွယ်ရေးစနစ်များ အဆမတန်ထွန်ကားလာမှုကြောင့် ကမ္ဘာ အရပ်ရပ်မှာ ရှိသော လူမျိုးနွယ်စုများ၏ ယဉ်ကျေးမှု၊ အတွေးအခေါ်များ အရှိန်အဟုတ်မြင့်မားစွာ
ပေါင်းစည်းလာကြပါသည် ဘုရား။

ထိုသို့သော အရှိန်အဟုန်ပြင်းစွာ ပေါင်းစည်း ပြောင်းလဲလာကြသော လူနေမှုစနစ်များမှ မွေးထုတ်ပေးလိုက်သော ဝေနေယျ အပေါင်းတို့၏ အတွေးအခေါ် ဓလေ့စရိုက်များသည်လည်း ပြောင်းလဲ လာကြပါသည်ဘုရား။

ထိုသို့ ဘက်ပေါင်းစုံမှ ပြောင်းလဲနေသော လူနေမှု စနစ်ကြီးနှင့် လိုက်လျှောညီထွေမှုစေရန် အတွက်လည်းကောင်း၊ ထိုလူနေမှုစနစ်ထဲတွင် ရှင်သန် ကျင်လည်နေရသော လူသားအားလုံးတို့လက်ဝယ်ပိုက်နေကြရသော သံသရာဝဋ်ဆင်းရဲ အပေါင်းတို့၏ လွတ်ကင်းရာကို နည်းလမ်းများကို သင်ကြားပြသပေးသော မြတ်ဗုဒ္ဓ၏ တရားတော်များ သင်ကြား ပြသမှု နည်းစနစ်များသည်လည်း ခေတ်နှင့်အညီ လိုက်လျှောညီထွေမှုရှိစေရန် ဝိုင်းဝန်းပြုပြင် မွန်းမံ ကြမည်ဆိုလျှင် ပိုမိုထိရောက် အကျိုးကျေးဇူးများပြားသော သာသနာတော်မြတ်ကြီးတရပ် ဖြစ်လာမည်ဟု တပည့်တော်များ ယုံကြည်မိပါ သည်ဘုရား။
ထို့အတွက်ကြောင့် တပည့်တော်များ၏ မြန်မာနိုင်ငံ ပရိယတ္တိ ဘုန်းတော်ကြီး ပညာသင်ကြားရေး စနစ်ကို ခေတ်နှင့် အညီ လေ့လာသုံးသပ်ခြင်း ဟု ဆိုအပ်သော စုပေါင်း
ဆွေးနွေးပွဲကြီးဖြစ်မြောက်ရေးအတွက် အရှင်ဘုရားများ ပရိယတ္တိ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ (စာသင်၊ စာချ လုပ်ငန်းများ) တွင် ကြုံတွေ့ရသော
အောက်ဖေါ်ပြပါ အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ခေါင်းစဉ်နံပါတ်များဖြင့် ပါဝင်ဆွေးနွေး ရေးသားဖေါ်ပြပေးတော်မူကြပါရန် လက်ဆယ်ဖြာမိုး၍ ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်များဘုရား။

၁) ပရိယတ္တိ သင်ကြားရေးကို ပိုမို ထိရောက်စေနိုင်သော ပညာရေးနည်းစနစ်များကို
လေ့လာသုံးသပ်ခြင်း
======================
(၁-က) ယနေ့ လက်ရှိကျင်းပနေသော နိုင်ငံတော် အစိုးရ၏ စာမေးပွဲများ၊ ပုဂ္ဂလိက စာမေးပွဲများသည် သာသနာတော် စောင့်ထိန်းရေးအတွက်၊ သာသနာပြန့်ပွားရေးအတွက်၊ လုံလောက်စွာ အကျိုးသက်ရောက်မှုရှိ၊ မရှိ၊ လက်ရှိ ပညာရေးစနစ်များ၏ အားသာချက်များ၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေး ပြစေလိုပါသည်ဘုရား။
(၁-ခ) နိုင်ငံတော်၏ ပညာရေးစနစ်နှင့် ပုဂ္ဂလိက ပညာရေးစနစ်များသည် သာသနာတော် အတွက် လုံလောက်မှု ရှိသည်ဟု ယူဆ ဆွေးနွေးပါလျှင် လုံလောက်စေသော အကြောင်းအချက်အလက်များကို ဆွေနွေးဖေါ်ပြစေလို ပါသည်ဘုရား။

(၁-ဂ) နိုင်ငံတော်၏ ပညာရေးစနစ်၊ ပုဂ္ဂလိက ပညာရေးစနစ်များသည် လုံလောက်မှု မရှိသေးပါဟု ယူဆ ဆွေးနွေး ပါလျှင် မလုံလောက်စေသေးအချက် အလက်များ၊ ပြုပြင်မွန်းမံရမည့် အချက်အလက်များ၊ ထပ်မံ ပါဝင်ဖြည့်စွက် စေလိုသော သင်ရိုးညွန်းတန်းများနှင့် ထိုတင်ပြသော ပြုပြင်မွမ်းမံမှုတို့၏ အကျိုး အပြစ်များကို ဆွေနွေးဖေါ်ပြစေ လိုပါသည် ဘုရား။

(၁-ဃ) ဉာဏ်ရည် ဉာဏ်သွေး ကောင်းသူများအတွက် အချိန်ကာလ တိုတောင်းစွာ၊ လွယ်ကူ၊ လျှင်မြန်စွာ တတ်စေနိုင်သော သင်ကြားမှု နည်းစနစ်များနှင့် သင်ကြားပြသင့်သော ဘာသာရပ်များကို တင်ပြ ဆွေးနွေး စေလိုပါသည်ဘုရား။

(၁-င) ဉာဏ်ရည် ဉာဏ်သွေး အသင့်အတင့်ရှိသူများအတွက် အချိန်ကာလ တိုတောင်းစွာ၊ လွယ်ကူ၊ လျှင်မြန်စွာ တတ်စေနိုင်သော သင်ကြားမှု နည်းစနစ်များနှင့် သင်ကြားပြသင့်သော ဘာသာရပ်များကို တင်ပြ ဆွေးနွေး စေလိုပါသည် ဘုရား။

(၁-စ) ဉာဏ်ရည် ဉာဏ်သွေး နိမ့်ကျသူများအတွက် အချိန်ကာလ တိုတောင်းစွာ၊ လွယ်ကူ၊ လျှင်မြန်စွာ တတ်စေနိုင်သော သင်ကြားမှု နည်းစနစ်များနှင့် သင်ကြားပြသင့်သော ဘာသာရပ်များကို တင်ပြ ဆွေးနွေး စေလိုပါသည် ဘုရား။



၂) ပရိယတ္တိ ပညာသင်ကြားရေးစနစ်၏ အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်များ
==========================

(၂-က) ပရိယတ္တိ ပညာသင်ကြားရေးစနစ်တွင် ပုဂ္ဂလိက ပညာရေးစနစ်ရှိ စာမေးပွဲများအတွက် ပြဋ္ဌာန်းချက်များ (ဥပမာ - သာမဏေကျော်)၊ နိုင်ငံတော်အစိုးရ၏ စာမေးပွဲများအတွက် ပြဋ္ဌာန်းချက်များ (ဥပမာ - ပထမပြန်)၊ စသော စနစ်များတွင် ပြဋ္ဌာန်းထားသော စာပေများ၏ အားသာချက်၊ အားနည်းချက်များ၊ ထိုပြဋ္ဌာန်းချက်၏ ထိရောက်မှုများကို
ဝေဖန်ဆွေးနွေးစေလိုပါသည် ဘုရား

(၂-ခ) လက်ရှိ ပညာရေးစနစ်၏ ပြဋ္ဌာန်းချက်များသည် ကောင်းမွန်ပြည့်စုံပါသည်။ အဓိကပြဿနာမှာ စာမေးပွဲ မေးခွန်းများသည် စာပေတတ်မြောက်ရေးကို ဦးစားပေး၍ စစ်ဆေးသော မေးခွန်းများ မဟုတ်သောကြောင့် စာသင်သားလောက တစ်ခုလုံးက စာမေးပွဲအောင်မြင်ရေးနောက်သို့ လိုက်ပါရင်း ပရိယတ္တိစာပေ နားလည်မှုအတိုင်းအတာများ အားနည်းလာခြင်းဖြစ်သည် ဟူသော ဝေဖန်မှုများအပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ်
ပြစေလိုပါသည်ဘုရား။

(၂-ဂ) လက်ရှိပညာရေးစနစ်သည်ကောင်းမွန် ပြည်စုံသည်။ အထက် (၂-ခ) ဖေါ်ပြပါ
ဝေဖန်မှုဖြစ်သော ပထမပြန် စာမေးပွဲ မေးခွန်းများသည် စာပေနားလည်တတ်ကျွမ်းမှုကို စစ်ဆေးသော မေးခွန်းမျိုး မဟုတ်ဘဲ၊ စာပေ၏ ချောင်ချို ချောင်ကြားတွင် ကိန်းအောင်းနေသော ဗုဒ္ဓကျင့်စဉ်၊ အယူအဆများနှင့် မဆီ မဆိုင်သော အချက်အလက်များကို အသားပေးပြီးမေးခြင်းမှာလဲ မှန်ပါသည်။ သို့သော် ထိုသို့သော မေးခွန်းများ ပါဝင်သည့် ရာခိုင်နှုန်းမှာ များပြားမှုမရှိသဖြင့် တခြားသော မေးခွန်းများကို ရာခိုင်နှုန်းပြည့် ဖြေဆိုနိုင်ပါက သာမန် အောင်မှတ်ကိုတော့ ရနိုင်ပါသေးသည်။ အဓိက မူလပြဿနာသည် စာသင်သားများကို တတ်အောင် သင်ကြားပေးနိုင်သော စာသင်ကြားရေး အတတ်ပညာနှင့် နည်းပရိယာယ်ကို ကောင်းစွာ ကျွမ်းကျင်သည့် စာချဆရာတော်များ အလွန်တရာ ရှားပါးလာခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် မျက်မှောက်ခေတ်တွင် သံဃာတော်များသည် စာသင်တိုက်များ ထူထောင်လိုသော သဒ္ဓါတရားများ ပြင်းထန် လာကြပြီး စာသင် စာချမှု အတတ်ပညာ နည်းပရိယာယ်များကို ကျွမ်းကျင်မှုမရှိဘဲ စာသင်တိုက်များ ဖွင့်လှစ်၍ စာချသောအခါ လာရောက် သင်ကြားကြသောစာသင်သားများသည် စာချဆရာ၏ အရည် အသွေး အားနဲမှုကြောင့် တတ်သင့်သလောက် မတတ်မြောက်ခြင်းဖြစ်သည်။ စာသင်တိုက်များသည် မိမိတို့ စာသင်တိုက်တွင်း တပည့်မွေးသော စနစ်များကို ကျင့်သုံးသောကြောင့် တပည့်မျာအား မိမိတို့စာသင်တိုက်၌ မသင်ကြား ပေးနိုင်သော အထက်တန်းစာများကို တခြားတပါးသော စာသင်တိုက်များသို့ ကူးပြောင်းသင်ကြားမှုကို ခွင့်မပြု၍ စာသင်သားများ၏ အရည်အသွေးများ ကျဆင်းလာခြင်းဖြစ်သည်။ … အစရှိသော ဝေဖန်ချက်များအပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ် ပြစေလိုပါသည်ဘုရား။

(၂-ဃ) အကြီးတန်းနှင့် ဓမ္မာစရိယတန်းကြားတွင် ကွာဟမှု ရှိမရှိနှင့် ထိုကွာဟမှုအပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ် ပြစေလိုပါသည်ဘုရား။

(၂-င) ပါဠိ သဒ္ဒါ သည် ပြဿနာအားလုံး၏ မှုလဘူတဖြစ်သည်။ ပါဠိ သဒ္ဒါ သင်နည်းစနစ်ကို ကောင်းမွန်အောင် တီထွင်ကြံဆနိုင်လျှင်၊ မြန်မာနိုင်ငံ၏ လက်ရှိ ပရိယတ္တိပညာရေးတခုလုံး တိုးတက်ကေင်းမွန်သွားမည် ဟူသော ယူဆချက် အပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ် ပြစေလိုပါသည်ဘုရား

(၂-စ) စနစ်များအားလုံး ကောင်းမွန်ပါသည်။ ပြဿနာအားလုံး၏ မှုလဘူတသည် ယ္ခုခေတ် စာသင်သားများ၏ စာတတ်လိုသော သဒ္ဓါစိတ်များ အားနဲလာ၍ ဖြစ်သည်။ စာသင်သားများ၏ သဒ္ဓါထက်သန်လာစေရေးအတွက် စာချဆရာတော်များသည် စိတ်ဓါတ်မြှင့်တင်ရေးသြဝါဒများ အမြဲမပြတ် ဟောပြောရေးသည် အလွန် အရေးကြီးသည်၊ စာသင်သားများကို စာတတ်လိုသောစိတ်ဓါတ်များကို မြှင့်တင်နိုင်သော နည်းစနစ်ကောင်းများ တီထွင်နိုင်ပါက ပရိယတ္တိပညာရေးတခုလုံး တိုးတက်ကေင်းမွန်သွားမည် ဟူသော ယူဆချက် အပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ် ပြစေလိုပါသည်ဘုရား။

(၂-ဆ) အလတ်တန်းသာအောင်သော ဆရာတော်၏ စာသင်တိုက်တွင် အကြီးတန်းများအား တိုးချဲ့ သင်ကြားပေးမှု၊ အကြီးတန်းသာအောင်သော ဆရာတော်၏ စာသင်တိုက်တွင် ဓမ္မာစရိယများအား တိုးချဲ့ သင်ကြားမှု၊ စသော မနိုင်သော ပရိယတ္တိ တာဝန်များကို ချဲ့ထွင် ထမ်းဆောင်မှု ကိစ္စရပ်များ ရှိ မရှိနှင့် ထို ဖြစ်ရပ်များအပေါ် အရှင်ဘုရား တို့၏ အမြင်ကို ဝေဖန်သုံးသပ်ပြစေလိုပါသည်ဘုရား။ 

စာသင်တိုက်များ၏ စာချဆရာတော်များ၏ ပညာအရည်အချင်းပေါ်မူတည်၍ အငယ်တန်း အထိသာ သင်ခွင့်ပြုခြင်း၊ အလတ်တန်း အထိသာ သင်ခွင့်ပြုခြင်း၊ အကြီးတန်းအထိသာ သင်ခွင့်ပြုခြင်း၊ ဓမ္မာစရိယတန်းအထိ သင်ခွင့်ပြုခြင်းစသော စည်းကမ်းများ ပြဋ္ဌာန်းပါက သင့်တော်သည် ဟူသော ဝေဖန်ချက် များအပေါ်တွင် အရှင်ဘုရားတို့၏ အမြင်ကို ဝေဖန် သုံးသပ် ပြစေလိုပါသည်ဘုရား

(၂-ဇ) ပရိယတ္တိ စာပေသင်ကြားရေး အတတ်ပညာနှင့် နည်းပရိယာယ်ကို ကောင်းစွာ ကျွမ်းကျင်သည့် စာချ ဆရာတော်များ တိုးပွားလာရေးအတွက် အကြံပြုချက်များကို တင်ပြ ပေးစေလိုပါသည် အရှင်ဘုရား။

(၂-ဈ) ပရိယတ္တိ ပညာရေးစနစ်တွင် အင်္ဂလိပ်စာပေကို ထပ်မံ ပြဋ္ဌာန်း သင်ကြားပို့ချရေး အကြံပြုချက်များအပေါ်တွင် အင်္ဂလိပ်စာ သင်ကြားခြင်း၏ အကျိုး၊ အပြစ်များကို ဝေဖန် သုံးသပ်ပြစေလိုပါသည်ဘုရား

(၂-ည) ပရိယတ္တိ ပညာရေးစနစ်တွင် အခြေခံ သင်္ချာစာပေကို ထပ်မံ ပြဋ္ဌာန်း သင်ကြားပို့ချရေး အကြံပြုချက်များ အပေါ်တွင် အခြေခံသင်္ချာ သင်ကြားခြင်း၏ အကျိုး၊ အပြစ်များကို ဝေဖန် သုံးသပ်ပြစေလိုပါသည်ဘုရား

(၂-ဋ) ပရိယတ္တိ ပညာရေးစနစ်တွင် သာသနာတော်၏ သမိုင်းကို ထပ်မံ ပြဋ္ဌာန်း သင်ကြားပို့ချရေး အကြံပြုချက် များအပေါ်တွင် သာသနာတော်၏ သမိုင်းကို သင်ကြားခြင်း၏ အကျိုး၊ အပြစ်များကို ဝေဖန် သုံးသပ်ပြစေလို ပါသည်ဘုရား

(၂-ဌ) အထက်ပါ ဘာသာရပ်များကို ပထမပြန်စာမေးပွဲများတွင် အဆင့်ဆင့် ထည့်သွင်းဖေါ်ပြ၍ ထိုဘာသာ ရပ်များကို ပူးတွဲအောင်မြင်မှ စာမေးပွဲအောင်မြင်မည်ဟူသော ဝေဖန်တင်ပြမှုများနှင့် …..
အထက်ပါ ဘာသာရပ်များကို ပထမပြန်စာမေးပွဲတွင် ပူးတွဲပြဋ္ဌာန်းသော်လည်း ပထမပြန် စာမွေးပွဲ အောင်မြင်မှု မသက်ဆိုင်ဘဲ (မူရင်းစာမေးပွဲစနစ်ကို မထိခိုက်စေဘဲ) နိုင်ငံတော်မှ အလွတ်သဘော စာမေးပွဲများ စစ်ဆေးပေး၍ ပူးတွဲဘွဲ့တခုပေးသင့်သည်ဟူသော တင်ပြချက်များကို ဝေဖန် သုံးသပ်ပြစေလိုပါသည်ဘုရား။

(၂-ဍ) နိုင်ငံတော်၏ ပထမပြန် စာမေးပွဲများတွင် အခြေခံမူလတန်းစာမေးပွဲများကို ပယ်ဖျက်လိုက်ခြင်းသည် ပရိယတ္တိ စာသင်တိုက်များနှင့် အငယ်တန်းစာသင်သားများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်၊ စာသင်သားများ၏ ပညာ သင်ကြားရေး အချိန်ကာလကို ပိုမိုကြန့်ကြာစေသည် ဟူသော ဝေဖန်ချက်များနှင့် နိုင်ငံတော်မှ အခြေခံမူလတန်း ကိုပါယ်ဖျက်သော်လည်း ပရိယတ္တိ စာသင်တိုက်ကြီးများတွင် တသီးပုဂ္ဂလ အခြေခံမူလတန်းကို တိုးချဲ့သင်ကြားပေးသော ဓလေ့ရှိနေပြီး ဖြစ်သဖြင့် သိပ်ပြီး မထူးခြားမှု မရှိပါ၊ သို့သော် စာချဆရာတော် မလုံလောက်နှင့် လည်ပတ် နေရသော စာသင်တိုက်ငယ်ကလေးများအတွက်သာ ပြဿနာရှိပါသည် … ထို စာသင်တိုက်များမှာ တစ်နှစ်တာ အခြေခံမူလတန်းကို တိုးသင်မည်ဆိုပါက ပြဿနာ မရှိပါ.. အစရှိသော ယူဆချက် ၂ မျိုးတို့ အပေါ်တွင် အရှင်ဘုရားတို့၏ သဘောထား အမြင်များကို ဝေဖန် သုံးသပ်ပြစေလိုပါသည်ဘုရား။

(၂-ဎ) ပရိယတ္တိ ပညာသင်ကြားရေးစနစ်၏ အားသာချက်၊ အားနည်းချက်များကို ဝေဖန် ဆန်းစစ်ရန်အတွက် နိုင်ငံတော် စာမေးပွဲများ၊ ပုဂ္ဂလိက စာမေးပွဲများမှ မွေးထုတ်ပေးလိုက်သော ဓမ္မစရိယ ပညာတတ် သံဃာများထဲတွင် ဘယ်လောက် အတိုင်းအတာအထိ လူသားများအား သံသရာဝဋဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော ဗုဒ္ဓဘာသာ၏ အသိတရားများကို တိကျမှန်ကန်စွာ၊ နည်းစနစ်ကျနစွာ သင်ကြား ပေးနိုင်မှု၊ သာသနာပြု လုပ်ငန်း စွမ်းဆောင်မှုနှင့် လုပ်ဆောင်နေကြသော သာသနာပြုလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု မည်သည့် အတိုင်းအတာအထိ ရှိသည်ကို ဝေဖန် တင်ပြ ဆွေးနွေးစေလိုပါသည် ဘုရား။

(၂-ဏ) ပရိယတ္တိ ပညာသင်ကြားရေးစနစ်သည် အလွတ်ကျက် ပညာရေး သက်သက်သာဖြစ်သည်ဟူသောရှုထောင့်၊ လက်တွေ့ဘဝပြသနာများကို ဖြေရှင်းပေးနိုင်သော အသုံးချ ဗုဒ္ဒဘာသာ ပညာရေးစနစ်ဖြစ်သည် ဟူသော ရှုထောင့်၊ စသော ရှုထောင့်နှစ်မျိုးမှ ဝေဖန်သုံးသပ်၍ ယနေ့ ပရိယတ္တိ ပညာရေးစနစ် မှ မွေးထုတ်ပေးလိုက်သော သံဃာတော်များ၏ မိမိတို့ သင်ကြားရယူခဲ့ရသော ပရိယတ္တိပညာများကြောင့် မိမိတို့၏ လက်ရှိဘဝပြဿနာများကို ဗုဒ္ဓနည်းကျ ဖြေရှင်းနိုင်မှု ရှိ၊ မရှိ၊ အလွတ်ကျက် ဗုဒ္ဓဘာသာနှင့် အသုံးချ ဗုဒ္ဓအသိပညာပိုင်းဆိုင်ရာ ၂ရပ်ကို ဝေဖန်သုံးသပ် ပြစေလိုပါသည် ဘုရား

(၂-တ) ဓမ္မာစရိယအောင်မြင်ပြီးသော သံဃာများသည် ရာခိုင်နှုန်းပြည့် အားလုံး အင်တိုက်အားတိုက် နိုင်ငံတဝှမ်းသို့ နေရာအနှံ့ သာသနာပြုလုပ်ငန်းများ ထိရောက်စွာ လုပ်နိုင်စွမ်း ရှိကြပါသလားဆိုသော ကြောင်းအရာ၊ ယနေ့ ပညာသင်ကြားရေးမှ မွေးထုတ်ပေးလိုက်သော ဓမ္မာစရိယ အောင်မြင်ပြီးသော သံဃာများ အသုံးပြုသော သာသနာပြုနည်းစနစ်များနှင့် ထိရောက်မှု အတိုင်းအတာများကို ဝေဖန်ဆွေးနွေး၍ သာသနာပြုနည်းစနစ်များ ပရိယတ္တိ သင်ကြားရေးစနစ်တွင် ထည့်သွင်းသင်ကြားမှုများကို ဝေဖန်သုံးသပ် ပြစေလိုပါသည် ဘုရား။

(၂-ထ) ပညာသင်ကြားရေးမှ မွေးထုတ်ပေးလိုက်သော ဓမ္မာစရိယ အောင်မြင်ပြီးသော သံဃာများသည် လူနေမှုစနစ်များနှင့် ထိတွေ့၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်သောအခါ ထိရောက်စွာ ဟောကြားပြသနိုင်မှု ရှိမရှိနှင့်၊ ဟောပြောမှု ဓလေ့ထုံးစံနှင့် နည်းပညာများကို ပြုပြင်ပြောင်းလဲမှု သင့်၊ မသင့်၊ (ဥပမာ - တရားပွဲများတွင် တရားနာပရိတ်သတ်များထံမှ ကြုံတွေ့နေကြရသော ဘဝပြဿနာများအတွက် အမေးအဖြေ Q&A ကဏ္ဍများကို ထဲ့သွင်းမှုများ၊ တရားဟောပြောမည့် ခေါင်းစဉ်ကို ကြိုတင်ကြေငြာထားမှုများ၊ ဟောပြောမည့်အကြောင်းအရာများ၏ အနှစ်သာရ အချက်အလက်များကို ကြိုတင်ဝေငှထားမှုများ၊ ဟောကြားသောတရားတော်များ တပါးနှင့် တပါး ထပ်တလဲလဲ ဖြစ်မနေအောင်၊ စီမံမှုများ) စသည်များကို ဝေဖန်သုံးသပ် ပြစေလိုပါသည် ဘုရား။

(၂-ဒ) ပညာသင်ကြားရေးစနစ်သည် နောင်လာနောက်သား သာမဏေများကို တိုးပွားလာအောင် မွေးမြူနိုင်ကြ ပါသလားဆိုသော အကြောင်းအရာကို ဝေဖန်သုံးသပ်
ပြစေလိုပါသည် ဘုရား။

(၂-ဓ) ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းသား သာမဏေများ အဆက်မပြတ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါသလားဆိုသော အကြောင်းအရာအပေါ် ဆရာတော်တို့၏ အမြင်သဘောထားနှင့် ပြုပြင်ပြောင်းလဲ စေလိုသော အကြောင်းအရာများကို ဝေဖန်သုံးသပ်
ပြစေလိုပါသည် ဘုရား။

၃) ပရိယတ္တိ စာသင်တိုက်များ လည်ပတ်ရေး အတွက် အခက်အခဲများ၊ အကြံပြူချက်များ
================================================

(၃-က) ပရိယတ္တိ စာသင်တိုက်များ၏ အုပ်ချုပ်ရေး ပိုင်းတွင် တွေ့ကြုံရသော ပြဿနာများနှင့် ပညာသင်ရေး အထောက်အကူပြုစေမည့် အကြံပြုချက် များကို ဝေဖန်သုံးသပ် တင်ပြစေလိုပါသည် ဘုရား။

(၃-ခ) ပရိယတ္တိ စာသင်တိုက်များ၏ အုပ်ချုပ်ရေးပိုင်း စာသင်တိုက် တခုနှင့် တခု တူညီမှု မရှိသောကြောင့် သင်ကြားရေးမှ စာချဆရာတော်များ စာသင်တိုက် တခုမှ တခုသို့ ကူးပြောင်းရာ အခက်အခဲရှိကြပါသလား ဘုရား

(၃-ဂ) စာသင်တိုက်များ၏ ဖွဲ့စည်းပုံ၊ သံဃိကကျောင်းအဖြစ် သတ်မှတ်မှုများ၊ အောင်မြင်ခဲ့သော ပညာရေးဘွဲ့များကို အခြေခံ၍ စာချနာယက ဆရာတော်များရွေးချယ်သောစနစ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သော ဆရာတော်များအား အုပ်ချုပ်ရေးနာယက စသည်ဖြင့် အပိုင်းကဏ္ဍများ ခွဲခြား၍ စာသင်တိုက်ကြီးများ၏ ဖွဲ့စည်းပုံကို နိုင်ငံတော် အနေဖြင့် သတ်မှတ်မှုများ ထားသင့်ပါသလားဘုရား

(၃-ခ) ပရိယတ္တိ စာသင်တိုက်များ၏ သင်ကြားရေးပိုင်းတွင် တွေ့ကြုံရသော ပြဿနာများ၊ သင်ကြားရေးပိုင်းဆိုင်ရာ နည်းစနစ်များနှင့် ပညာသင်ရေး အထောက်အကူပြုစေမည့် အကြံပြုချက်များကို ဝေဖန်သုံးသပ် တင်ပြစေလို ပါသည်ဘုရား။

(၃-ဂ) ပရိယတ္တိ စာသင်တိုက်များတွင် အရည်အသွေး ထက်မြက်သော စာချဆရာတော်များ လုံလောက်မှု ရှိ၊ မရှိ၊ စာချဆရာတော်များ စာသင်တိုက် တနေရာထဲတွင် ပုံအောနေခြင်း၊ စာချ ဆရာတော် ရှားပါးသော စာသင်တိုက်များတွင်လည်း အလွန်တရာရှားပါနေခြင်း၊ စသော အကြောင်းအရာများကို ဝေဖန်သုံးသပ်၍ အကြံပြုချက်များကို တင်ပြစေလို ပါသည်ဘုရား။

(၃-ဃ) ပရိယတ္တိ စာသင်တိုက်များတွင် အရည်အသွေး ထက်မြက်သော စာချဆရာတော်များ
ပေါ်ပေါက်ရေးအတွက် ဆရာဖြစ် မွမ်းမံသင်တန်းများအတွက် ဖြစ်နိုင်ချေများကို ဝေဖန်ဆွေးနွေး
စေလိုပါသည် ဘုရား။

(၃-င) ပရိယတ္တိ စာသင်တိုက်များ၏ ပစ္စည်းလေးပါးရှာဖွေရေး ပိုင်းတွင် တွေ့ကြုံရသော ပြဿနာများနှင့် ပညာသင်ရေး အထောက်အကူပြုစေမည့် အကြံပြုချက် များကို ဝေဖန်သုံးသပ် တင်ပြစေလိုပါသည် ဘုရား။

(၃-စ) ပရိယတ္တိ စာသင်တိုက်များ၏ လူမှုရေးလုပ်ငန်းများတွင် တွေ့ကြုံရသော ပြဿနာများနှင့် ပညာသင်ရေး အထောက်အကူပြုစေမည့် အကြံပြုချက် များကို ဝေဖန်သုံးသပ် တင်ပြစေလိုပါသည် ဘုရား။

(၃-ဆ) ပရိယတ္တိ စာသင်တိုက်များ၏ လေ့ကျင့်မှုပိုင်းတွင် တွေ့ကြုံရသော ပြဿနာများနှင့် ပညာသင်ရေး အထောက်အကူပြုစေမည့် အကြံပြုချက် များကို ဝေဖန်သုံးသပ် တင်ပြစေလိုပါသည် ဘုရား။

၄) ပရိယတ္တိ စာပေ ထိန်းသိမ်းရေးနှင့် ပရိယတ္တိ စာပေ၏ အနှစ်သာရများကို လူနေမှုစနစ်များသို့
ပေါင်းကူးပေးရေး၊ အလွတ်ကျက်မှုများမှ လက်တွေ့ အသုံးချ ဗုဒ္ဓဘာသာ အဖြစ် ဖန်တီးရယူမှု နည်းပညာများကို ရှာဖွေဖေါ်ထုတ် ထိန်းသိမ်းရေး
===========================

(၄-က) ပရိယတ္တိစာသင်တိုက်များနှင့် လူနေမှုစနစ် တို့ ကြားတွင် ဆက်နွယ်မှု၊ ဆက်ဆံပေါင်းကူးမှုသည် နည်းပါးလှသဖြင့် ကွာဟချက်သည် ကြီးမားလှပါသည်။
လူနေမှုစနစ်တွင် လိုအပ်နေသော ဗုဒ္ဓအသိပညာပေးမှုများသည် ဓမ္မကထိကများ (စာတတ်ဆရာတော်များ၊ တောထွက် ဆရာတော်များ) နှင့် ဝိပဿနာကျောင်းများမှသာဖြစ်ပြီး ပရိယတ္တိ စာသင်တိုက်ကြီးများမှ ပညာတတ်ပုဂ္ဂိုလ်များသည် ပရိယတ္တိစာပေထိန်းသိမ်းမှုကို အင်အားစိုက်ထုတ်နေရသောကြောင့် လူနေမှုစနစ်တွင်း လိုအပ်နေသော ဗုဒ္ဓဘာသာ အသိတရားပညာပေးမှုများ နည်းပါးလှပါသည်။

ဓမ္မကထိကများနှင့် လူနေမှုစနစ်အတွင်းရှိ (ဘာသာရေးမဟုတ်သော) လူမှုရေးလုပ်ငန်းများကြားတွင် ဝန်ဆောင်မှု ကြီး ထွားလာနေခြင်း၊ ပရိယတ္တိစာသင်တိုက်များနှင့် လူနေမှုစနစ်တွင်းလိုအပ်နေသော ဗုဒ္ဓအသိပညာပေးမှုလုပ်ငန်း ဆက်နွယ်မှု နည်းပါးနေခြင်း၊ စသည်များကြောင့် Demand and Supply ညီမျှမှုမရှိဘဲ ယနေ့မျက်မှောက်ခေတ် လူနေမှုစနစ်အတွင်း၌ ဗုဒ္ဓဘာသာ အသိတရား ဆင်းရဲမွဲတေမှုများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည် ဟူသော ယူဆချက်ကို ဝေဖန် သုံးသပ်ဆွေးနွေးကြစေလိုပါသည် ဘုရား။

(၄-ခ) ဓမ္မကထိကများသည် တရားဟောရာတွင် ပရိယတ္တိသာသနာတော်ကို ချီးမြှောက်ဟောပြောမှုများ၊ ပရိယတ္တိစာသင်တိုက်ကြီးများကို ပစ္စည်လေးပါးလှူဒါန်းရန် တိုက်တွန်းလှုှုံဆော် ဟောပြောမှုများ ရှိ၊ မရှိ၊ ထိုဟောပြောမှုများ၏ အကျိုးသက်ရောက်မှုများ၊ ပရိယတ္တိစာသင်တိုက်ကြီးများ၏ ပစ္စည်းလေးပါး လုံလောက်မှု ရှိ၊ မရှိ၊ စသော အကြောင်းအရာများကို ဝေဖန် တင်ပြဆွေးနွေး စေလိုပါသည်ဘုရား။

(၄-ဂ) တခြားဆွေးနွေးလိုသော အခက်များကို တင်ပြဆွေးနွေး စေလိုပါသည်ဘုရား။


၅) အနာဂါတ် သာသနာရေးရာများကို အကြံပြုဆွေးနွေးချက်များ
=====================================
(၅-က) ယနေ့ပညာရေးစနစ်သည် အနာဂါတ်တွင် ဗုဒ္ဓဘာသာဝင် ဦးရေ ပိုမိုတိုးတက်ပွားများလာစေမည်ဟု ယုံကြည်မှု ရှိပါသလားဘုရား၊

(၅-ခ) အနာဂါတ်တွင် ဘာသာခြားများ ဗုဒ္ဓဘာသာကို ဝါးမျို သွားနိုင်ပါသလား ဘုရား၊ ထို အချက်ကို ဘယ်လို ပြုပြင် မွန်းမံ ပြင်ဆင် နိုင်ပါသလဲ ဘုရား။

အရှင်ဘုရားတို့ တပည့်တော်၏ လျှောက်ထားလွှာကို ဖတ်ရှုပြီးပါက ထင်မြင်ချက်များကို အခန်းကဏ္ဍအသီးသီးရှိ နံပါတ်စဉ်များနှင့် ဝေဖန်ချက်များကို ရေးသားဖေါ်ပြပြီး အောက်ပါ လိပ်စာ အတိုင်း ပေးပို့ ချီးမြှင့် ပေးသနားတော်မူကြပါရန် တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။

အရှင်ဘုရားများ၏ ထင်မြင်ချက်များနှင့်အတူ အရှင်ဘုရားတို့၏ ဘွဲ့တံဆိပ်တော်များ၊ စာသင်တိုက် အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကိုလည်း ပူးတွဲဖေါ်ပြပေးရန်လည်း ရိုသေစွာ လျှောက်ထားအပ်ပါသည် ဆရာတော် အရှင် သူတော်မြတ်တို့ ဘုရား ။

ပို့သရန် လိပ်စာများ

၁) နာယကချုပ်ဆရာတော် ဘဒ္ဒန ္တကေသရာဘိဝံသ
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန ္တလေးမြို့

၂) ဒေါက်တာအရှင်နန္ဒက
နန္ဒကရာမကျောင်း၊ ရွှေစေတီဘုရာလမ်း၊ ကုန်းတလပေါင်း စံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်။ ရန်ကုန်မြို့၊ ဖုန်း- ၀၉-၅၁၈၇၁၂၂

၃) ဒေါက်တာ အရှင်ပညိဿရာဘိဝံသ ဓမ္မဒူတတောရတိုက်၊ (၁၀) မိုင်ကုန်း၊ ပဲခူးမြို့၊
ဖုန်း -၀၉-၅၁၀၄၆၆၉
၄) Dhamma Download ဓမ္မဒေါင်းလုပ် မိသားစု
Email: dhammadownload.admin@gmail.com
Phone: ၆၅-၉၇၃၆၅၀၃၄

No comments:

Post a Comment