ပထမပြန်စနစ် ဆန်းစစ်ကြည့်ခြင်း
(အရှင်ဇောတိကာလင်္ကာရ = ဖောင်းပြင်)
https://www.facebook.com/ujotikar.linkarra/posts/1760899550793322
မြန်မာနိုင်ငံပရိယတ္တိပညာရေးလောကတွင် 'ပထမပြန်စာမေးပွဲနှင့် အဋ္ဌကထာပြန်ဓမ္မာစရိယစာမေးပွဲ' ဟု ပင်မစာမေးပွဲကြီး နှစ်မျိုးရှိပါသည်။ ပထမပြန်စာမေးပွဲ၌ အခြေပြုမူကြိုတန်း၊ အခြေပြုမူလတန်း၊ အစိုးရပထမငယ်တန်း၊ အစိုးရပထမလတ်တန်း၊ အစိုးရပထမကြီးတန်း-ဟု အတန်း(၅)တန်း ခွဲခြားထား၏။ အတန်းတိုင်းရှိ သင်ရိုးညွှန်းတန်းများမှာ ပိဋကတ်အခြေခံသင်ရိုးညွှန်းတန်းများသာ ဖြစ်၍ ကွာခြားမှု သိပ်မရှိလှပါ။ ဝိနည်း၊ သဒ္ဒါ၊ သဂြိုဟ်၊ ညဝါ၊ ယမိုက်၊ ပဋ္ဌာန်း၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်း၊ ဇာတ်အဋ္ဌကထာနှင့် ဆိုင်ရာအခြံအရံကျမ်းများကို ပြဌာန်းထားသည်။
ဝိနည်းဆိုင်ရာတွင် ရှင်သာမဏေတို့ လိုက်နာရမည့်စည်းကမ်းချက်များကို ပြဆိုသော ရှင်ကျင့်ဝတ်၊ ရဟန်းတော်တို့ လိုက်နာစောင့်ထိန်းရမည့်စည်းကမ်းချက်များကို ပြဆိုသော ဘိက္ခုဝိနည်းနှင့် သိထားရမည့် ဘိက္ခုနီဝိနည်း-ဟူသော ဝိဘင်းပါဠိတော်နှင့် ကင်္ခါဝိတရဏီအဋ္ဌကထာတို့ကို ပြဋ္ဌာန်းထား၏။ ဝိနည်းဆိုင်ရာမှာ ရှင်ရဟန်းတို့အနေဖြင့် မဖြစ်မနေသိရှိလိုက်နာရမည့် စည်းကမ်းချက်များဖြစ်၍ မသင်မနေရ သင်ယူရမည့် ကျမ်းစာများဖြစ်၏။ အထူးဆိုဖွယ်မရှိပါ။
သဒ္ဒါဆိုင်ရာတွင် ကစ္စည်းသဒ္ဒါကြီးပါဠိနှင့်အနက်၊ ရူပသဒ္ဓိပါဠိနှင့်အနက်၊ နာမ်ဂိုဏ်းများ၊ အာချာတ်ဂိုဏ်းများ- စသည့် ပါဠိသဒ္ဒါကျမ်းစာတို့ကို ပြဋ္ဌာန်းထားပါသည်။ ပါဠိသဒ္ဒါကို သင်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ပါဠိသဒ္ဒါ၌ ကျွမ်းကျင်၍ ပါဠိဉာဏ်ရင့်သန်ပြီး ပါဠိတော်၊အဋ္ဌကထာ၊ဋီကာ၊အနုဋီကာ-ဟူသော ပိဋကတ်ပင်လယ်ကြီးကို လွယ်ကူစွာ ကူးမြောက်နိုင်စေရန်ဖြစ်၏။ ရည်ရွယ်ချက်ကား ကောင်းမွန်လှ၏။ သို့သော် သင်ကြားပုံစနစ်ကား ခေတ်နှင့်အံမဝင်တော့ချေ။ စာသင်သားများသည် သဒ္ဒါကြီးစာအုပ်တစ်ခုလုံးကို အလွတ်ထောင်ကျက်ကြရ၏။ ပါဠိရရုံနှင့်မပြီးသေး အနက်ကိုရော အလွတ်ကျက်ကြရ၏။ ရူပသဒ္ဓိကျမ်းစာတွင်လည်း ထိုနည်း¤င်း။ အမှန်မှာ သုတ်ပြီး၊ရုပ်ပြီးတတ်၍ လိင်ဂိုဏ်းကာရန်ကျွမ်းကျင်ပြီး ကတ္တား၊ကံ၊ကြိယာခွဲတတ်လျှင်ပင် သဒ္ဒါရေး အခြေခံရ၏။ ပါဠိတော်၊အဋ္ဌကထာများ ကြည့်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးဖို့သာ လိုအပ်တော့၏။ ယခုမူ ဘာမျှနားမလည်ပဲ သဒ္ဒါစည်းမျဉ်းပါဠိ+အနက်တွေကို အလွတ်ကျက်မှတ်ခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။ လိင်လည်း မကွဲ။ ဂိုဏ်းလည်း မစဉ်တတ်။ ကတ္တားလည်း မသိ။ ကံလည်း မရှာတတ်။ ဘာကြိယာမှန်းလည်း နားမလည်။ ထိုသို့ဖြင့် သဒ္ဒါပါဠိများ အလွတ်ရွတ်ပြီး သဒ္ဒါရေးများကို သဘောမပေါက်ကြတော့။ ပါဠိတော်၊အဋ္ဌကထာများ ဖတ်ရှုပြီး ပိဋကတ်ပင်လယ်ကို ကူးခတ်ဖို့အရေးမှာ အလှမ်းဝေးလှသော အိပ်မက်မျှသာ ဖြစ်နေချေတော့၏။ သဒ္ဒါသင်ပြီး သဒ္ဒါနားမလည်ကြ။ ပါဠိသင်ပြီး ပါဠိမတတ်ကြတော့။ 'သဒတ်မတာ၊ စတ်မတာ၊ သဒ္ဒါမတတ်၊ စာမတတ်' ဟူသော ဆိုရိုးစကားဖြင့် အရေးမပါလှသော သဒ္ဒါရေးမှာသာ အချိန်ကုန်၍ အရေးကြီးသော ဘုရားဟော ပိဋကတ်များကို မသိရှိကြတော့ပေ။ ထို့ကြောင့် ရှင်ရဟန်းအများစုသည် သဒ္ဒါသင်ပြီး သဒ္ဒါမတတ်ကြသလို ဘုရားဟောပိဋကတ်စာပေများကိုလည်း အဓိပ္ပါယ်မှန်စွာ ဖတ်ရှုနိုင်စွမ်းမရှိကြသဖြင့် ပိဋကတ်ကျွမ်းကျင်သူ နည်းပါးလွန်းလှ၏။ ကတ္တား၊ကံကိုမျှပင် မှန်ကန်စွာ မခွဲနိုင်သော လက်ရှိပါဠိသဒ္ဒါသင်ရိုးသည် မှန်ကန်မှုရှိ/မရှိ၊ သင်ကြားပုံနည်းစနစ်သည်လည်း ကောင်းမွန်မှု ရှိ/မရှိ စိစစ်သုံးသပ်သင့်ကြပြီ။
အဘိဓမ္မာဆိုင်ရာတွင် 'လက်သန်းအဋ္ဌကထာ'ဟု ခေါ်သော အဘိဓမ္မတ္ထသင်္ဂဟပါဠိ+အနက်နှင့် ဋီကာကျော် ပါဠိ+အနက်တို့ကို ပြဋ္ဌာန်းထားသည်။ အဘိဓမ္မတ္ထသင်္ဂဟပါဠိမှာ မြတ်စွာဘုရားဟောတော်မူခဲ့သော အဘိဓမ္မာ (၇)ကျမ်း၏ အနှစ်ချုပ် သဂြိုဟ်(၉)ပိုင်းခေါ် အဋ္ဌကထာငယ်တစ်စောင် ဖြစ်၏။ အလွန်ကောင်းမွန်လှသော ကျမ်းစာဖြစ်သည်။ ဋီကာကျော်မူကား ဝါဒရေးရာများရှုပ်ထွေးလှသလို သာမန်စာသင်သားအများစု နားမလည် ကြသော ကျမ်းစာဖြစ်၏။ ဝါဒရေးရာများ ခက်ခဲလှသဖြင့် ပညာရှင်ဖြစ်လိုသူများအတွက်သာ သင့်တော်သော ကျမ်းစာ-ဟု ယူဆမိပါသည်။ အဘိဓမ္မာသဘောသွားကို နားလည်နိုင်ဖို့ သဂြိုဟ်သည် မသင်မဖြစ်သင်ယူရမည့် ကျမ်းစာဖြစ်သော်လည်း ယခုစာသင်သားအများစုသည် စိတ်အစဉ်၊ စေတသိက်အစဉ်၊ ရုပ်အစဉ်ဖြစ်ပုံများကို နားမလည်ကြ။ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်မှုများကို ရှင်းလင်းစွာသဘောမပေါက်ကြ။ ပဋ္ဌာန်းသဘော တရားတို့၏ ရှေ့နောက်ဆက်သွယ်ဟန်၊ ကျေးဇူးပြုဟန်များကို နားမလည်ကြ။ စာမေးပွဲရမှတ်ကိုသာ ဦးစားပေး နေရ၍ သဘောတရားရေးပိုင်းမှာ အားနည်းလာခြင်းဟု ယူဆပါသည်။ ပါဠိ+အနက်သာရပြီး သဘောအဓိပ္ပါယ် မကျွမ်းကျင်ကြသဖြင့် အကျိုးမများလှ။ အဘိဓမ္မာအခြေခံသင်ကြားပုံကိုလည်း စိစစ်သုံးသပ်သင့်ပါသည်။
ညဝါဘာသာနှင့် ယမိုက်၊ ပဋ္ဌာန်းဘာသာတို့မှာ စာသင်သားအများစုအတွက် အခက်ဆုံးဘာသာဟု ဆိုလျှင် မှားနိုင်မည်မထင်ပါ။ နှုတ်တက်ရွရွသာ အာဂုံရွတ်ဆိုခဲ့ရသည် ဘာတွေမှန်းလည်း နားမလည်ကြ။ ဉာဏ်မမီကြ သည်သာ များ၏။ အချို့ဆိုလျှင် နည်းစနစ်ပိုင်းကိုပင် သဘောမပေါက်ကြ။ အခက်ဆုံးဘာသာရပ်ထဲတွင် ထိပ်ဆုံးဖြစ်နေလိမ့်မည် ထင်ပါသည်။ အဘိဓမ္မာဆိုင်ရာသည် သိမ်မွေ့နက်နဲလှသဖြင့် တော်ရုံဉာဏ်ဖြင့် သဘောမပေါက်နိုင်ပါ။ အခြေခံအဆင့်တွင် မပြဋ္ဌာန်းပဲ ပညာရှင်အဆင့်/ဂုဏ်ထူးတန်းအဆင့်၌သာ ပြဋ္ဌာန်း သင့်သော ကျမ်းစာများ ဖြစ်၏။ အဘိဓမ္မာညဝါ ပြဋ္ဌာန်းစာများသည်လည်း စိစစ်သုံးသပ်သင့်သော ကျမ်းစာများ ဖြစ်ပါသည်။
အဘိဓာန်၊ အလင်္ကာ၊ ဆန်း၌ အဘိဓာန်နှင့်ပတ်သက်၍ကား ဝေဖန်သူများလွန်း၍ အထူးမဝေဖန် လိုတော့။ ဝေါဟာရအဘိဓာန်ကို အလွတ်ထောင်ကျက်သူများမှာ ဘုန်းကြီးများသာ ရှိ၏-ဟု မှတ်ကြလေကုန်။ အလင်္ကာနှင့်ဆန်းကျမ်းမူကား ပါဠိစာပေကျွမ်းကျင်ရေးအတွက် အရေးပါလှသော ကျမ်းစာများ ဖြစ်၏။ နည်းစနစ်ကောင်းမွန်စွာဖြင့် လေ့ကျင့်သင်ကြားသင့်သော ကျမ်းစာများ ဖြစ်၏။ ယခုကား စာမေးပွဲရမှတ်ကို ဦးစားပေးလွန်းပြီး ပါဠိ+အနက်ရရေးသာ အားစိုက်နေကြသဖြင့် အလင်္ကာနည်း၊ ဆန်းနည်းများ၌ ကျွမ်းကျင်မှု အားနည်းကြ၏။ အလင်္ကာ၊ဆန်းများ ကျွမ်းကျင်စေရေးအတွက် ပါဠိတော်၊ အဋ္ဌကထာကို သင်ယူစဉ် လက်တွေ့ လေ့ကျင့်ခြင်းကသာ ထိရောက်မှုရှိမည်ဟု ယူဆမိပါသည်။ အဘိဓာန်ကလွဲလျှင် ထိုဘာသာရပ်များမှာ အထူးဆိုဖွယ်မရှိ။ ကျွမ်းကျင်မှုနည်းပါးခြင်းအကြောင်းကိုသာ စိစစ်သုံးသပ်သင့်သည်။
ဇာတ်အဋ္ဌကထာဘာသာကို ဘာသာပြန်ကျွမ်းကျင်စေရေးအတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်၏။ စာသင်သားများ အတွက်မူကား ထိုဘာသာသည် အလကားဘာသာ ဖြစ်နေပါသည်။ မည်သူမျှဂရုမစိုက်ကြ။ မည်သူမျှ အရေးမလုပ်ကြ။ ထို့ကြောင့် ထိရောက်မှုတစ်စုံတစ်ရာမျှ မရှိသောဘာသာဖြစ်၏။ မြန်မာစာပြဋ္ဌာန်းစဉ် မြန်မာစာဝါကျ၊ စကားပြေပိုင်းများ လေ့ကျင့်ခဲ့ကြ၏။ စာစီစာကုံးများရေးသားနိုင်ကြ၏။ ဘာသာပြန်သင်ရပြီး ဘာသာမပြန်တတ်သူများသာ ဖြစ်နေကြဆဲပင်။ ဖြစ်ပျက်နေမှုများကို အားလုံးသိပြီးဖြစ်၏။ ပါဠိမတတ်ရုံသာ မဟုတ်၊ မြန်မာစာတွင်လည်း အားနည်းလှ၍ မြန်မာ့စာပေလောကတွင် မြန်မာစာပေပညာရှင်ရဟန်းတော်များ နည်းပါးနေလေ၏။ ဘာသာပြန်ဘာသာ၏ ပါဠိမှ မြန်မာသို့၎င်း၊ မြန်မာမှ ပါဠိသို့၎င်း ဘာသာပြန်ဆိုခြင်း လုပ်ငန်းတွင် ထိရောက်မှု ရှိ/မရှိ အကျိုးရလာဒ်များကို စိစစ်သုံးသပ်သင့်ပါသည်။
ဘာသာရပ်များအားလုံးကို ခြုံငုံသုံးသပ်ရလျှင် ပထမပြန်စနစ်သည် ပိဋကတ်အခြေခံရနိုင်ရေးအတွက် ပါဠိကျွမ်းကျင်ရေးစနစ်-ဟု မြင်မိပါသည်။ ပါဠိကျွမ်းကျင်ရေးတွင်လည်း သဒ္ဒါကျွမ်းကျင်ရေးကိုသာ အဓိကထားသော စနစ်-ဟု မြင်မိပါသည်။ အဖြစ်မှန်ကား သဒ္ဒါသင်ပြီး သဒ္ဒါမကျွမ်းကျင်ကြသလို၊ ပါဠိသင်ပြီး ပါဠိပင် အဓိပ္ပါယ်မှန်အောင် မဖတ်တတ်ကြပါ။ ပိဋကတ်ပင်လယ်ကို ကူးခပ်နိုင်ရေးမှာကား ရွှေပြည်တော် မျှော်တိုင်းဝေးပင်တည်း။ ပထမကြီးသာ အောင်သွားသည် သီလတရားပင် မဟောတတ်ကြ။ ဘာသာပြန့်ပွါးရေး ဆောင်ရွက်ရန်ကား အိပ်မက်မျှသာတည်း။
ယခုခေတ်တွင် 'သဒ္ဒါတတ်မှ၊ စာတတ်သည်'ဟူသော စနစ်ဖြင့် အလုပ်လုပ်၍ ဖြစ်/မဖြစ်၊ ခေတ်နှင့် အံဝင်မှု ရှိ/မရှိ၊ အကျိုးဖြစ်ထွန်းမှု များ/မများ စိစစ်သုံးသပ်သင့်နေပြီဖြစ်ပါကြောင်း . . . . .
အရှင်ဇောတိကလင်္ကာရ (ဖောင်းပြင်)
၅-၈-၂ဝ၁၆
https://www.facebook.com/ujotikar.linkarra
-------------------------------------
No comments:
Post a Comment