Friday, October 25, 2024

မဟနအတွင်းရေးမှူးနှင့် စင်္ကာပူ

 မျက်ရည်များသမိုင်း (Nov, 2013)


အိုင်အိုစီ အကြီးအကဲက ရိုဟိန်ဂျာတွေကို မြင်ရပြီး မျက်ရည်မဆယ်နိုင် ဖြစ် ရသည်ဟု ဆို၏။ ဂါဇာကမ်းမြှောင်နှင့် လက်ရှိ ဆီရီးယား၊ အီဂျစ်တို့ဆီ ယင်း အကြီးအကဲကြီး မရောက်ဖူးသေးအံ့ ထင်သည်။ အစ္စလာမ်ကမ္ဘာမှာ အေးအေးချမ်းချမ်းရှိသည့် နေရာက အလွန်ပင် ရှားပါးလှပါသည်။ ငိုမိသည်ဆိုလည်း ငိုမိသည်ပေပေါ့။ သီဟနာဒနဲ့ သိပ်မဆိုင်လှ။

ဆိုင်သည့်ကိစ္စကို ခပ်နာနာတို့ချင်သည်။

မြန်မာပြည်မှာ ရှိနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် တန်ဆောင်းမုန်းလပြည့်ပွဲတော်ကို ငဲ့ကွက်ခြင်း ကင်းစွာ စင်္ကာပူမှာလုပ်သည့် (သီဟိုဠ်မှ လည်လည် ဝယ်ဝယ် ဆရာတော်တစ်ပါး ဦးဆာင်သည့်) ကထိန်သင်္ကန်း ဆက်ကပ် ပွဲ ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဘာကြောင့်များ "ခေါင်" က စပြီး ကြွလာကြပါသနည်း။ ဒီပွဲက သာသနာအတွက် ဘယ်လောက် အရေး ကြီးလို့ အုပ်စုကြီးလိုက် ကြွလာရပါသနည်း (ပြည်တွင်းမှာက ဘာသာရေး ကတောက်ကဆတွေနဲ့)။ ပြည်တွင်းမှာ ပင့်ဖိတ်သူ မရှိခြင်းကြောင့်လား (လုံးဝ မဖြစ်နိုင်)။ နိုင်ငံခြားဆိုသည်နှင့် သင်္ကန်းရုံပြီး စောင့်နေတော်မူကြခြင်း လား။ ကြွမည်ဆိုလည်း ကိုယ်စားလှယ်လောက်သာ ကြွလာလျှင် အဖွဲ့ အ စည်းသိက္ခာ တက်မလာပေဘူးလား။

လျှောက်ချင်ပါသည်။ စင်္ကာပူအခြေစိုက် သူ့အလုပ်နဲ့သူ၊ စာကြည့်၊ စာသင်၊ စာရေးကိစ္စတို့ဖြင့် မအားမလပ်ရှိနေသော သီရိလင်္ကာ ဆရာတော်ကြီးများပင် ဤမျှ ကော်မာရှယ်ဆန်သောပွဲကို မကြွကြပါ။ သံဃာ့မဟာနာယကအဖွဲ့ဟူသည် သံဃာ့အဖွဲ့အစည်းမှန်သော်လည်း ရုံးသေ ဘာ၊ အစိုးရပေါ်လစီသဘောများ ပါဝင်ပါသည်၊ ဒူးနေရာဒူး တော်နေရာတော် ရှိကို ရှိရပါမည်။ ဥပမာ၊ သမ္မတ သမ္မတချင်းဖိတ်၊ အတွင်းရေးမှူး အတွင်းရေး မှူးချင်းဖိတ် (စသည်) တို့ဖြစ်ပါသည်။ (ချွင်းချက်တော့ ရှိပါသည်)။ သာမန် ရဟန်းတစ်ပါးက ပင့်ဖိတ်မှုအများထဲမှ တစ်ခုကိုရွေးပြီး နှစ်သက် သလို ကြွနို င်သော်လည်း အဖွဲ့အစည်းထဲမှာဆိုလျှင်တော့ အဖွဲ့အစည်းကျင့်ဝတ် ရှိနေ လျင် သိက္ခာပိုရှိနိုင်ပါသည် (နိုင်ငံခြားကဆိုတိုင်း ပင့်တိုင်းတော့မကြွ ဟူလို)

ယခုမူ....... ။
ခိုင်လုံသော သတင်း (ကံမကောင်း အကြောင်းမလှစွာ) ရရှိခဲ့ရပါသည်။
ဆရာတော်တစ်ပါးက နံနက်စောစော ဟိုတ်တယ်မှ ထ၊ လမ်းလျှောက်။ အပြန်လမ်းကို မမှတ်မိ။ လျှောက်။ တောင်ရောက် မြောက်ရောက်။ နံနက်စောစော။
တက္ကစီသမားက မြန်မာဘုန်းကြီးမှန်း သိ။ မေးလို့လည်း ဘာမှ ပြန်မဖြေ တတ်။ သို့ဖြင့် မြန်မာကျောင်းကြီးရှေ့ စေတနာဖြင့် ပို့ပေးထားခဲ့။ ကျောင်း တံခါးကြီးက မဖွင့်သေး။ စီစီတီဗွီ။ နံနက်စောစော။

သို့ဖြင့် လျှောက်မိလျှောက်ရာ လျှောက်။ စီစီတီဗွီ။ ကင်းလှည့် စင်္ကာပူ ရဲ ကားနဲ့တွေ့။ ရဲစခန်းခေါ်သွား။ (သည်းခံပါလော၊ စကားမှားသွားသည်၊ ရဲစခန်းကို ပင့်သွား) ရဟန်းတုများအကြောင်း သတင်းစာမှာ ပါထားတာ မကြာသေး။ နံနက်စောစော။ စီစီတီဗွီ။
ရဟန်းတစ်ပါးကို ရဲကဖုန်းဆက်၊ အာမခံဖြင့်ထုတ်ဖို့ပြော၊ ရဟန်းကလည်း မသိဘဲ အာမ မခံရဲ။

သို့ဖြင့် သို့ဖြင့်
နောက်ဆုံး ထိုဆရာတော်များကို ပင့်ဖိတ်ထားသည့် အဖွဲ့က အာမခံဖြင့် လာထုတ် (ပင့်) သွားသတတ်။
ထိုသို့ ကြုံတွေ့လိုက်ရသော၊ ပြည်တွင်းက တန်ဆောင်တိုင်ပွဲတော်ကို မကြွရောက်နိုင်ခဲ့သော အဖွဲ့ကြီးထဲမှ တစ်ပါး အပါအဝင်ဖြစ်သော ၎င်း ဆရာတော်သည် နိုင်ငံတော်အဆင့် သံဃာ့မဟာနာယကအဖွဲ့၌ ထိပ်တန်း အတွင်းရေးမှူးရာထူးထက် မနိမ့်သောရာထူး ရှိသည်ဟုဆိုပါလျှင် သင် မျက်ရည်ကျပါမည်လား။ (ဦးခေမိန္ဒ၊ ခြောက်ထပ်ကြီး) သင့် မျက်ရည် ကျ မကျကလည်း သီဟနာဒနဲ့ မဆိုင်လှပါ။

သီဟနာဒ
--------------------------------

No comments:

Post a Comment