Tuesday, November 12, 2024

ကျေးဇူး စကားလုံး၏ ရင်းမြစ်

 (ပူ တူတူး)

''ကျေးဇူး'' ကို (၁၁) ရာစု ရာဇကုမာရ်ကျောက်စာ မြန်မာပျူစာဘက်မှာ '' က္ဠေးဇြော'' လို့ရေးတယ်။
ရာဇကုမာရ်ကျောက်စာ မြန်မာစာမှာတော့ '' ‌က္လ ည္ဇော'' လို့ရေးတယ်။
က္ဠေးဇြော = က္လည္ဇော (ပုဂံခေတ်)
ရေးနည်းမတူပေမဲ့ အဓိပ္ပါယ် တူတယ်။ အသံလည်း တူပုံရတယ်။
ဒါပြီးတော့ နှစ်ပေါင်း ၁၇၀ အကြာ ပုဂံခေတ်နှောင်းပိုင်း သက္ကရာဇ် ၆၄၇( ခရစ် ၁၂၈၅ ခု)ရှင်ဒိသာပါမောက် ကျောက်စာမှာ ''က္လည်စူ'' လို့ရေးတယ်။
က္ဠေးဇြော = က္လည္ဇော > က္လည်စူ
ဒီနေရာမှာ ရာဇာကုမာရ်ကျောက် မြန်မာပျူစာမှာ သုံးခဲ့တဲ့ -
''သဝေညော၊ ဒေညေ၊ ဗြေညေ''
ဆိုတဲ့ လှပတဲ့စကားလုံးအတွဲလေးကို သတိရမိတယ်။
ဒီနေရာမှာ
''သဗ္ဗညုတဉာဏ'' ကနေ ''သဝေညော''
''ဒေသနာပညာ'' ကနေ ''ဒေညေ''
''အဘိဉာဏ'' ကနေ ''ဗြေညေ''
ဆိုပြီး လှလှ ပပ သုံးစွဲထားတာဖြစ်တယ်။ မြန်မာတွေဟာ ပျူခေတ်ကတည်းက ပါဠိဝေါဟာရတွေကို မိခင်ဘာသာစကားလို ပြောဆိုခဲ့ကြတယ်ဆိုတဲ့ သဘောလို့ ယူဆမိတယ်။
ပုဂံခေတ်ဦးမြန်မာကျောက်စာတွေမှာ ပါဠိစကားကို မြန်မာစကားအဖြစ် တွင်တွင်ကျယ်ကျယ်သုံးနေကြောင်း အထောက်အထား များစွာတွေ့ရတယ်။ ဒီလို သုံးတဲ့ပုံစံဟာ ပုဂံခေတ်ရောက်မှ ပါဠိစာတွေတတ်ပြီး ကောက်ကာငင်ကာထ သုံးတာမျိုးမဟုတ်ဘဲ ပုဂံခေတ်မတိုင်မီ နှစ်ထောင်ချီ ကတည်းက မြန်မာတို့ဟာ ပါဠိစကားကို မိခင်စကားလို သုံးနှင့်တာကြာပြီ ဖြစ်တဲ့သဘောကို တွေ့ရတယ်။
သဘောအားဖြင့် ပုဂံခေတ်ဦးမြန်မာစာထဲက အနည်းငယ် ထုတ်နုတ်ကြည့်ရင်
''ပူဇာ'' ကို ''ပုစဝ်'' ''ပူဝ်ေ''(ပူဇော်)
''ဟိရိ'' ကို ''သျက်''(ရှက်)
''မဟတ္တ'' ကို '' မ္လတ်''(မြတ်)
''အရဟန္တ'' ကို ''ရဟန်''(ရဟန်း)
''ခြင်္သေ့'' ကို ''ခြင်သိယ္အ်''(ခြင်္သေ့)
''နိရယ'' ကို ''ငာရယ်'' ''ငြာယ်'' (ငရဲ)
''ဃဋီ'' ကို ''နဍီ'' (နာရီ)
''ရူပ နာမ '' ကို '' ရုံနံ'' (ရုပ်နာမ်)
''ဥယျာန'' ကို ''ဦယန်'' (ဥယျာဉ်)
''ဘရိယာ'' ကို ''မိယာ'' (မယား)
''ပလ္လင်္က'' ကို '' ပန်လင်''(ပလ္လင်)
''ဂုဟာ'' ကို ''ကူ''(ဂူ)
''ကပ်ပ'' ကို '' ကံဖာ''(ကမ်ဘာ)
''ဉာဏပညာ'' ကို '' ညာဏ်ပြဇ္ညာ'
''ထူပက'' ကို '' အထောတ်''(အထွတ်)
ဒီလို လေးတွေ သုံးခဲ့ကြတယ်။
ဂုဟာ(ပါဠိ)= ဂူ
ဂုဟာ > ဂုဟ် > ကူ > ဂူ
ဂုဟာ ရဲ့ ပါဠိဇစ်မြစ်ပုဒ် အသံ (√ဂုဟ်) ကို မြန်မာပျူစာရေးနည်းနဲ့ ရာဇကုမာရ်ကျောက်စာမှာ ''ဂေါ့'' လို့ရေးတယ်။ 'မြန်မာစာဘက်မှာတော့ ''ကူ'' လို့ရေးတယ်။
ဒီနေရာမှာ မြန်မာပျူစာရေးနည်း အရ ''ဂေါ့'' သည် '' ဂူ'' လို့အသံထွက်မယ် ထင်တယ်။ ဒီလိုဘဲ ဒီနေ့ ''ပုဂံ'' ကို ပုဂံခေတ်က '' ပုကံ'' လို့ ရေးခဲ့ပုံထောက်ရင် '' ကူ'' အသံထွက်ဟာ ဒီနေ့အသံထွက်လိုဘဲ '' ဂူ'' ဖြစ်လိမ့်မလားလို့ မှန်းဆကြည့်တယ်။
ဒါကိုကြည့်ရင် ပျူခေတ် ပုဂံခေတ် မြန်မာတွေဟာ ဘုရား ဂူကျောင်း စတဲ့ ပါဠိ ''ဂုဟာ'' ကို ပါဠိ‌ရေးနည်းအတိုင်းမရေးဘဲ မြန်မာစကားအနေနဲ့ ''ဂေါ့'' ''ကူ'' လို့ သုံးနေပြီဆိုတာ တွေ့ရတယ်။
ဒီလိုဘဲ ပုဂံခေတ်က ပါဠိဝေါဟာရကို မြန်မာစကားပြုထားတဲ့ အသုံးဟာ ပျူခေတ်ကတည်းက သုံးခဲ့တာဆိုတဲ့ အထောက်အထားကို ပုဂံခေတ်ဦးမြန်မာစာ နှင့် ပထမထောင်စုနှစ်က ပျူစာတို့မှာ အထင်အရှားတွေ့ရတယ်။
ဒီလိုဘဲ
ကတညုတာ(ပါဠိ)=
(က) ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်သော သူ၏အဖြစ်။
(ခ) ပြုအပ်ပြီးသော ကောင်းမှု ကုသိုလ်တို့၏ကျေးဇူးကို အဖန်ဖန် အောက်မေ့ခြင်း။
ရှေ့က ဆိုခဲ့တဲ့
''သဗ္ဗညုတဉာဏ'' ကနေ ''သဝေညော''
''ဒေသနာပညာ'' ကနေ ''ဒေညေ''
''အဘိဉာဏ'' ကနေ ''ဗြေညေ'' လို့ မြန်မာပျူစာအသုံးကို ထောက်ရင်
''ကတညုတာ'' ကနေ '' က္လည္ဇော'' ဖြစ်လာတာကို သတိပြုမိနိုင်ပါတယ်။
ကတညုတာ ကို
မြန်မာပျူစာမှာ '' က္ဠေးဇြော ''
ပုဂံခေတ်ဦးမြန်မာစာမှာ ''က္လည္ဇော''
ပုဂံခေတ်နှောင်းမြန်မာစာမှာ ''က္လည်စူ''
ဒီနေ့ခေတ်မှာတော့ ''ကျေးဇူး'' လို့ သုံးလာကြတယ်။
ပျူခေတ်ကတည်းက မြန်မာတွေ ပါဠိစာတတ်ခဲ့ကြတဲ့ အကြောင်းကို သုံးသပ်ကြည့်တော့ ဒါဟာ ပျူခေတ် မြန်မာဘုန်းတော်ကြီးသင်ပညာရေးကြောင့် ဆိုတာ အဓိကအကြောင်းလို့ တွေ့ပါတယ်။ ပျူခေတ်ကတည်းက မြန်မာ့ပညာရေးဟာ မြန်မာဘုန်းတော်ကြီးသင် ပညာရေးစနစ်လို့ ဆိုရမယ်။ ပျူခေတ်ကတည်းက မြန်မာတွေ ပါဠိစာတတ်ရခြင်း အဓိက အကြောင်းတခုဟာ မြန်မာဘုန်းတော်ကြီးတွေရဲ့ကျေးဇူးကြောင့် ဖြစ်တယ်လို့ အခိုင်အမာယုံရပါတယ်။


  • ကချင်လို = ကျေးကျူး
  • ပအိုဝ်းလို = ကေစူ

No comments:

Post a Comment