Thursday, August 14, 2025

ခေတ်သစ်ပရိယတ္တိပညာရေးစီမံကိန်း

 ၁။ ရည်ရွယ်ချက်များ/ မျှော်ရည်ချက်/ မျှော်မှန်းချက် (Visions)

  1. ထေရဝါဒဗုဒ္ဓသာသနာ၏ အနှစ်သာရနှင့် အစဥ်အလာများကို အခြေခံ၍ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲရန်
  2. ထိုသင်ရိုးညွှန်းတမ်းသစ်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ တစ်နိုင်ငံလုံး၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းမူသစ်အဖြစ် သတ်မှတ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် 
  • ပထမဆင့်အနေဖြင့် လက်ရှိ ပါဠိပထမပြန်စာမေးပွဲစနစ်ကို မထိခိုက်စေဘဲ ပညာရေးစနစ်သစ် စာမေးပွဲတစ်ခုအဖြစ် ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စီစဥ်ကျင်းပသွားရန် ဖြစ်သည်။ သင်ရိုးဟောင်းနှင့် သစ်ရိုးသစ် စာမေးပွဲနှစ်ခုလုံးကို တပြိုင်တည်း မကျင်းပဘဲ အချိန်ခြား၍ ကျင်းပနိုင်သည်။ ဥပမာအားဖြင့် သင်ရိုးဟောင်း ပါဠိပထမပြန်စာမေးပွဲကို တပေါင်းလတွင် ကျင်းပလျှင် သစ်ရိုးသစ် စာမေးပွဲကို နယုန်လတွင် ကျင်းပရန်ဖြစ်သည်။ 
  • ဒုတိယဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းအသစ်က လက်ရှိကျင်းပနေသော ပါဠိပထမပြန်ပညာရေးစနစ်ထက် ပို၍ကောင်းသည်ဟု အများက လက်ခံလာသောအချိန်၌ ပါဠိပထမပြန်ပညာရေးစနစ်ကို "ခေတ်သစ်ပရိယတ္တိပညာရေးစနစ်" ဖြင့် အပြီးသတ် အစားထိုး သွားရန်ဖြစ်သည်။

၂။ လုပ်ငန်းစဉ်များ (Missions)

  1. သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲခြင်းကို ၅၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ ဆောင်ရွက်ရန် (ဤအချိန်အထိ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် လုပ်ဆောင်ကြရန် ဖြစ်သည်။)
  2. သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ၅၀ ရာခိုင်နှုန်း ပြီးစီးချိန်၌ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရန်
  3. အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့ကို ချဥ်းကပ်၍ ရေးဆွဲပြီး သင်ရိုးညွှန်းတမ်းအသစ်ကို ခေတ်သစ်ပရိယတ္တိပညာရေးသင်ရိုးညွှန်းတမ်းသစ်အဖြစ် အသိအမှတ်ပြုနိုင်ရေး ညှိုနှိုင်းဆောက်ရွက်သွားရန် 
  4. ပထမဆင့်အနေဖြင့် လက်ရှိပါဠိပထမပြန်ပညာရေးစနစ်ကို မထိခိုက်စေဘဲ သင်ရိုးသစ်ဖြင့်ကျင်းပသော စာမေးပွဲကို ဆန္ဒရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဦးစီးဆောင်ရွက်ရန်
  5. ဒုတိယဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းမူသစ်က လက်ရှိကျင်းပနေသော ပါဠိပထမပြန်ပညာရေးစနစ်ထက် ပို၍ကောင်းသည်ဟု အများက လက်ခံလာသောအချိန်၌ ပါဠိပထမပြန်ပညာရေးစနစ်ကို "ခေတ်သစ်ပရိယတ္တိပညာရေးစနစ်" ဖြင့် အပြီးသတ် အစားထိုး ကျင်းပသွားရန် 
  6. ပညာရေးစနစ်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍  အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ လုပ်ဆောင်ရန်  

၃။ အခြေခံမူများ (Core Values & Principles)
  1. ထေရဝါဒ၏ အနှစ်သာရနှင့် အစဥ်အလာများကို ထိမ်းသိမ်းစောင့်ရှောက်ရန်
  2. ပဋိပတ်မကင်းသော ပရိယတ်ဖြစ်ရေးမူကို အခြေခံရန်
  3. စာတော်၍ အကျင့်ကောင်းသော သာသနာ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်

၄။ အသင်းဖွဲ့စည်းပုံ (Governance Structure / Constitution) 

  1. အလုပ်အမှုဆောင်အဖွဲ့ (အဓိကအားဖြင့် သင်ရိုးညွှန်းတမ်းဖြစ်မြောက်ရေး အကောင်အထည်ဖော်ရန်)
  2. သင်ရိုးစီမံအဖွဲ့ (သင်ရိုးညွှန်းတမ်းရေးဆွဲရေးအတွက် အဓိကတာဝန်ယူစီမံရန်)
  3. သင်ရိုးအထောက်အကူပြုအဖွဲ့ (အချက်အလက်များရှာဖွေရေးနှင့် အကြံပေးဆွေးနွေးရေး)
  4. စာမေးပွဲကြီးကြပ်ရေးနှင့် စာစစ်လုပ်ငန်းအဖွဲ့
  5. ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့

၅။ မူဝါဒ (policy)

  1. ထေရဝါဒ၏ အနှစ်သာရနှင့် အစဥ်အလာများကို ထိမ်းသိမ်းစောင့်ရှောက်ရန်
  2. ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတည်းဟူသော ပိဋကတ်သုံးပုံ ပါဠိတော်တို့ကို အဓိကအခြေခံ၍ သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြဌာန်းရန်
  3. သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သာသနာပြန့်ပွားရေးတို့အတွက် လိုအပ်သော မြန်မာစာ၊​အင်္ဂလိပ်စာ၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိက၊ သုတေသနစသော ဘာသာရပ်တို့ကိုပါ ထည့်သွင်းပြဌာန်းရန်
  4. ခေတ်သစ်ပရိယတ္တိပညာရေးစနစ်က သာသနာ့ဝန်ထမ်းများ လူထွက်ခဲ့လျှင်လည်း ဘဝအာမခံချက် ရရှိရေး မူဝါဒများချမှတ် ဆောင်ရွက်သွားရန်

၆။ ဦးတည်ချက်များ (objectives)

  1. ပိဋကတ်စာပေနှံ့စပ်၍ ပဋိယတ်နှင့် ပဋိပတ် ယှည်တွဲကျင့်သုံးနိုင်စေရန်
  2. IT နှင့် AI တို့ကို အသုံးချ၍ ပိဋကတ်စာပေနှင့် အခြားသော ဘာသာရပ်များကို လွယ်ကူလျှင်မြန်စွာ တတ်မြောက်စေရေး စီစဥ်ဆောင်ရွက်ရန်
  3. စာတော်၍ အကျင့်ကောင်းသော သာသနာ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်
  4. စာပေဖတ်ရှုနိုင်မှုစွမ်းရည် မြှင့်တင်နိုင်စေရန်
  5. တရားဟောပြောမှု၊ စာပေပို့ချမှုနှင့် စာပေရေးသားမှုစွမ်းရည်များ တိုးတက်လာစေရန်
  6. သာသနာ့ဝန်ထမ်းများ၏ ပြည်တွင်း၊ ပြည်ပသာသနာပြုစွမ်းရည်များ မြင့်မားလာစေရန်
  7. အစိုးရပညာရေးစနစ်များနှင့် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်သော ပညာရေးစနစ်ကို အကောက်အထည်ဖော်ရန် (ရဟန်းဘဝ၊ သီလရှင်ဘဝကို မပျော်ပိုက်၍ လူထွက်သွားသူများအတွက် လူ့ဘဝအတွက်ပါ အသုံးဝင်သော ပညာရေးစနစ်ဖြစ်ရေး စီစဥ်ဆောင်ရွက်ရန်)
  • အင်းဝခေတ်ကဲ့သို့ မြန်မာစာပေ တခေတ်ဆန်း၍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာစာပေနှင့် ပတ်သက်၍ စကားလုံးဇစ်မြစ်၊ အသုံးအနှုံး၊ စာပေအယူ၊ ကျောက်စာ၊ ခေါင်းလောင်းစာစသည်တို့ ကျွမ်းကျင်လာစေရေးအတွက် သင်ခန်းစာများကို စနစ်တကျ ပြဌာန်းနိုင်ရေး ဆောင်ရွက်ရန်
  • ဘုန်းကြီးမှန်လျှင် အင်္ဂလိပ်စာ ကျွမ်းကျင်ကြသည်ဟု အများက မြင်လာပြောလာကြသည်အထိ အင်္ဂလိပ်စာ တတ်ကျွမ်းစေရေးအတွက် သင်ခန်းစာများကို စနစ်တကျ ရေးဆွဲပြဌာန်းရန်


၇။ နည်းလမ်းများ (Strategies)

  1. ပထမဆင့်အနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း ၅၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ သင်ရိုးစီမံအဖွဲ့က ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးပညာရှင်တို့၏ အကူအညီဖြင့် အကောင်းဆုံး သင်ရိုးညွှန်းတမ်းမူသစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် ကြိုးစားဆောင်ရွက်ရန်
  2. ဒုတိယဆင့်အနေဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် သင်ရိုးစီမံအဖွဲ့တို့ ညှိနှိုင်းကာ သင်ရိုးညွှန်းတမ်းများ အပြီးသတ်ရေးဆွဲရေးနှင့် ပညာရေးစနစ်သစ် အကောင်အထည်ဖော်ရေး ကြိုးစားဆောင်ရွက်ရန်
  3. ပညာရေးစနစ်သစ် ခိုင်မာစွာ အမြစ်တွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍  အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ လုပ်ဆောင်ရန်  
  4. လိုအပ်သော အချက်အလက်တို့ကို စစ်တမ်းကောက်ယူခြင်း၊ ဆီမီနာများ၊ ဆွေးနွေးပွဲများကျင်းပခြင်းတို့ဖြင့် အရည်အသွေးပြည့်မီသော သင်ရိုးညွှန်းတမ်းမူသစ်တစ်ခုဖြစ်ရေး ကြိုးစားဆောင်ရွက်ရန်
  5. ပရိယတ္တိပညာရေးစနစ်သစ် ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် ဆရာဖြစ်သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်ရန်
  6. ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ကြမည့် စာသင်တိုက်များ၊ စာချဆရာတော်များ၊ စာသင်သားများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို သိရှိအောင် လေ့လာသုတေသနပြုကာ အခက်အခဲများကို ဖြေရှင်း၍ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန်

၈။ လုပ်ငန်းအကောင်အထည်ဖော်ခြင်း (action plans)
  1. သင်ရိုးညွှန်းတမ်းများ (၅၀) ရာခိုင်နှုန်း ရေးဆွဲပြီးပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ အလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်ကာ စာမေးပွဲများ စတင်ကျင်းပရန်
  2. စာအောင်ပုဂ္ဂိုလ်များကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်နိုင်ရေး အလေးထား ဆောင်ရွက်ရန်
  3. သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ကျင်းပသော စာမေးပွဲများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရေးအတွက် စည်းရုံးခြင်း၊ ပညာပေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ရန်

၉။ လေ့လာစောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း 
(Monitoring & Evaluation)

  1. စာမေးပွဲနှင့် သင်ရိုးညွှန်းတမ်းတို့၏ အားနည်းချက်၊ အားသာချက်တို့ကို လေ့လာသုံးသပ်ရေး၊ စာသင်တိုက်၊ စာချဆရာတော်နှင့် စာသင်သားတို့၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရေးစသည်တို့အတွက် ရေးရာကော်မတီများ ဖွဲ့စည်း၍ အလုပ်အမှုဆောင်အဖွဲ့သို့ အစီရင်ခံစာများ ရေးသားတင်ပြစေခြင်း
  2. ပညာရေးစနစ်သစ် ခိုင်မာစွာ အမြစ်တွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုတေသနပြု၍  အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေကာ  သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ရန်  

No comments:

Post a Comment