Sunday, November 16, 2025

ဖင်လန်နိုင်ငံ ပညာရေးစနစ်

သင်ရိုးညွှန်းတမ်း
  • ၂၀၁၄ ခုနှစ်က စတင်ကာ သင်ရိုးညွှန်းတမ်းအသစ်ကို ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် မိဘများပူးပေါင်းပြီး ရေးဆွဲခဲ့ကြသည်။ (စာ - ၂၁) ၂၀၁၆ ခုနှစ်ကတည်းက ပညာရေးပြုပြင်ပြောင်းလဲမှုအဖြစ် သင်ရိုးများကို စတင်ပြောင်းလဲခဲ့သည်။ (စာ - ၁၅၃)
  • ဆရာများသည် သင်ရိုးညွှန်းတမ်းအတိုင်း သင်ချင်လည်း ရသည်။ မသင်ချင်လည်း ရသည်။ မိမိတို့ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းဖြင့်လည်း သင်ကြားခွင့်ရှိပါသည်။ (စာ - ၁၄)
  • မည်သည့်အကြောင်းအရာများကို မည်သည့်အရွယ်အပိုင်းအခြား၊ မည်သည့်အတန်းများတွင် သင်ကြားရမည်ကို သူတို့အား ပြဋ္ဌာန်းထားပြီး ဖြစ်သည်။​ ထိုရည်မှန်းချက်အတိုင်း ကြိုက်သည့်နည်းဖြင့် သင်ကြားခွင့်လည်း ပေးထားပါသည်။​(စာ - ၁၄)
  • အစိုးရက သင်ရိုးညွှန်းတမ်းကို အခြေခံအဖြစ်သာ ပြဋ္ဌာန်းပေးထားသည်။ ကျောင်းရှိ ဆရာ၊ ဆရာမများက ကိုယ့်သဘောနဲ့ကိုယ် သင်ကြားကြရန် ဖြစ်သည်။ (စာ - ၄၈)
  • သင်ရိုးသစ်တွင် 'ဘာကို လေ့လာရမည်' ဆိုခြင်းထက် 'ဘယ်လိုလေ့လာရမည်' ဆိုသည်ကို ထည့်သွင်းထားခြင်းမှာ အထူးခြားဆုံး ဖြစ်သည်။ ကျောင်းစာအုပ်များတွင် ပါဝင်သည့် အကြောင်းအရာများကို သင်ကြားမည်ဆိုခြင်းထက် ကလေးများ အသိဉာဏ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်သည်ဆိုခြင်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းသည်။ (စာ - ၂၁)
  • ၂၀၁၆ ခုနှစ် ဩဂုတ်လကစတင်ပြီး ဖင်လန်ကျောင်းသားများသည် ကိုယ်ကြိုက်သည့် ဘာသာရပ်ကို ကိုယ်တိုင် ရွေးချယ်သင်ယူသည့်စနစ်များ စတင်ကျင့်သုံးလာကြောင်း တွေ့ရသည်။ (စာ - ၃၃)
  • ဘာသာရပ်များကို ပြဋ္ဌာန်းမထားဘဲ ကျောင်းသား သင်ချင်သည့် ဘာသာရပ်ကို သင်ပေးသည်။ ကျောင်းရောက်လာလျှင် ဖတ်စာအုပ်ဖွင့် ဘာသင်မည်ဆိုကာ ဆရာများက ပြောခြင်းထက်၊ ကျောင်းသားက သူဘာကို သင်ယူလိုသည်ဟု ပြောခြင်းဖြင့် စတင်လိုက်သည်။ (စာ - ၁၂၂)
  • ဂီတကို သင်ကြားခြင်းက ကျောင်းသားများ၏စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိသလို စူးစိုက်အားကိုလည်း ပိုကောင်းလာစေသည်။ ဂီတကို စိတ်ကို အကောင်းဆုံးပြုပြင်ပေးသည့် ပညာရပ်တစ်ခုအနေဖြင့် သင်ကြားနေကြခြင်း ဖြစ်သည်။ (စာ ၅၄)

ဦးတည်ချက်များ (စာ - ၁၇၆)
  1. လူ့ဘောင်လောက၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပညာများဖြစ်ရေး
  2. ကျောင်းသားတိုင်းကို အခမဲ့ နေ့လယ်စာကျွေးမွေးနိုင်ရေး
  3. ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး
  4. စိတ်ပိုင်းဆိုင်ရာ မြင့်မားရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ရေး
  5. တစ်ဦးချင်းကို စောင့်ကြည့်လမ်းညွှန် သင်ကြားပေးနိုင်ရေးဆိုသည့် အချက်များအပေါ်တွင် ဦးတည်လုပ်ဆောင်ရေး

သင်ကြားရေးနည်းစနစ်များ
  • ကမ္ဘာ့နိုင်ငံများတွင် ဆရာဗဟိုပြုလိုက်၊ ကျောင်းသားဗဟိုပြုလိုက် ပတ်ချာလည်နေချိန်တွင် ဖင်လန်နိုင်ငံက သင်ယူသူ သင်ချင်သည့်အကြောင်းအရာကို ဗဟိုပြုသင်ကြားရေးနောက်ကို လိုက်နေကြသည်။ (စာ - ၆)
  • Preschool တန်းရောက်လျှင် စာဖတ်ခြင်းဓလေ့ကို ပျိုးထောင်ပေးကြသည်။ (စာ - ၁၀) 
  • ကျောင်းသားက ကိုယ်လိုချင်သည့်ပညာကို ကိုယ်တိုင်ရှာဖွေရမည့် ပညာရေး ဖြစ်သောကြောင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍက ပိုပြီးအရေးပါလာသည် ထင်ရသည်။ (စာ - ၁၂၆)
  • ၂၀၁၆ ခုနှစ်ကတည်းက ကုလသမဂ္ဂက ဖင်လန်ကို ကမ္ဘာ့စာအတတ်ဆုံးနှင့် စာအဖတ်ဆုံးအဖြစ် အသိအမှတ်ပြုထားသည်။ (စာ - ၁၂၅)
  • မူကြိုပညာရေးစနစ်သည် ကစားနည်းစနစ်ဖြင့် စာသင်ပေးသည်။ (စာ - ၉)
  • စာမေးပွဲ မရှိ၊ စစ်ဆေးခြင်း မရှိ၊ ယူနီဖောင်း ဝတ်ရန်မလို။​ (စာ - ၁၂) အိမ်စာမပေး (စာ - ၂၉)
  • ကျောင်းသားကို စာသင်ခန်းထဲ ပိတ်လှောင်ထားခြင်းထက် သဘာဝတွင် ပညာသင်၊ ပတ်ဝန်းကျင်တွင် ပညာသင်၊​ လုပ်ငန်းခွင်မှာ ပညာရှာဆိုသည့် အယူအဆ၊​ ပညာရေးစနစ် (စာ - ၇)
  • ကလေးများကို ကစားခိုင်းတယ်။ (စာသင်ချိန် သိပ်မထား။) 
  • သူတို့ကျောင်းတွင် တနေ့ နေရချိန်မှာ ဆရာရော ကျောင်းသာပါ ၄ နာရီသာ ဖြစ်သည်။ ကျောင်းတက်ချိန် မနက် (၈) နာရီ၊ ၉ နာရီတွင် စတင်ပြီး နေ့လယ် ၁ နာရီ ၂ နာရီဆိုလျှင် ကျောင်းဆင်းပေးလိုက်သည်။ (စာ - ၄၄)
  • သူတို့ဆရာတွေ ကလေးတွေနှင့်အတူ ကစားကြသည်။ ကလေးဆိုသည်မှာ ကစားမက်သည်။ အသစ်အဆန်းကို စိတ်ဝင်စားသည်ဆိုသည့် အခြေခံအချက်ပေါ်တွင် ပညာရေးကို လမ်းကြောင်းချကာ သင်သည်။ ကလေးတိုင်း လမ်းကျောင်းမှန်ကို လျှောက်နိုင်ရန် တည့်ပေးလိုက်ပါက သူတို့ဘာသာ လျှောက်သွားရင်းက ရင့်ကျက်သွားနိုင်မည်ဆိုသည်ကို ကောင်းစွာ သဘောပေါက်ထားသည်။ အရွယ်အလိုက် ရင့်ကျက်သွားစေရန် လမ်းဖွင့်ပေးထားခြင်းမှာ ဖင်လန်ပညာရေး၏ အားသာချက်များ ဖြစ်သည်။ (စာ - ၄၀)
  • ကလေးများကို ၄၅ မိနစ် စာသင်ပြီးတိုင်း ၁၅ မိနစ် အနားပေးပြီး လွတ်လပ်စွာ လှုပ်ရှားကစားခိုင်းထားသည်။ ထိုအလေ့အထမှာ ကလေးဆိုသည် ကလေးသဘာဝအတိုင်း ဖြစ်စေရမည်ဆိုသည့် သဘောတရားကို အထောက်အကူ ပြုရာရောက်သည်။ ကလေးဆိုသည်မှာ ဘာမှန်းမသိဘဲ ကြီးပြင်းလာရခြင်းထက် ကလေးဘဝကို ပြည့်ဝစွာ ခံစားစေပြီးမှ ရင့်သန်စေခြင်းသည် ဖင်လန်ပညာရေး၏ အဓိက ဦးတည်ချက် ဖြစ်သည်။ (စာ ၂၈)
  • ကျောင်းသားများကို စိတ်ဖိစီးမှု မရှိစေဖို့ အလေးထားတယ်။ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက် ချနိုင်ခြင်း၊ ဝေဖန်ပိုင်းခြားနိုင်ခြင်းတွေ လုပ်ဆောင်ဖို့ ဆရာက သင်ပေးတယ်။
  • ကျောင်းသားတိုင်း ဆရာပေးသည့် ခေါင်းစဥ်ကို လေ့လာရခြင်းထက်၊ ကိုယ်လေ့လာချင်သည့် ခေါင်းစဥ်ကို ဖော်ထုတ်ခိုင်းမည်ဆိုခြင်းကလည်း ထူးခြားသည်ဟု ဆိုရမည်။ ထို့ကြောင်းလည်း ဆရာများကို ကျောင်းသားများက မည်သို့သောအကြောင်းအရာများကို စိတ်ဝင်စားတတ်ပြီး၊ မည်သည့်အကြောင်းအရာကို လေ့လာချင်သည်ဆိုလျှင် မည်သို့ပြင်ဆင်ပေးရမည်ဆိုခြင်းကိုပါ စတင်လေ့ကျင့်ပေးနေပြီ ဖြစ်သည်။ (စာ - ၂၂)
  • ဖင်လန်ပညာရေးစနစ်က ဆရာသည် နည်းနည်းပြောပြီး ကျောင်းသားများကို များများလုပ်ခိုင်းသည့် စနစ်ဖြစ်သည်။ ဆရာတွေက သင်ကြားသည့်လုပ်ငန်းကို ပံ့ပိုးကူညီသူများသာ ဖြစ်သည်ဟု ခံယူထားသည်။ (စာ ၀ ၁၅၆)
  • သင်ရိုးသစ်တွင် သင်ယူမှုသည် အကဲဖြတ်ခြင်း ဖြစ်သည်။ ကလေးတွေ မည်သို့လေ့လာ သင်ယူနေကြသည်ဆိုခြင်းကို ကြည့်ရှု့လေ့လာပြီး အကဲဖြတ်မည့်သဘော ဖြစ်သည်။ ကလေးသည် တီထွင်မှုကို လုပ်ဆောင်တိုင်း သင်ယူနေခြင်း ဖြစ်သည်။ သူတို့ဘာတွေ သင်ယူနေသနည်း၊ သင်ယူချင်နေသနည်းဆိုခြင်းကို ဆရာက အကဲဖြတ်နေခြင်းမှာ ဖင်လန်နိုင်ငံသင်ရိုး၏ ထူးခြားချက်လည်း ဖြစ်သည်။ (စာ - ၂၂)
  • လက်တွေ့ပညာရေး = အောက်စီဂျင်ထုတ်လုပ်ပုံကို စာအုပ်ထဲကအတိုင်း ဖတ်ခိုင်းပြီး အလွတ်ပြန်ရေးခိုင်းခြင်းကို ရှောင်ကြဥ်သည်။ အောက်ဆီဂျင်ထုတ်ဖော်ပုံကို သိချင်လျှင် ဓာတ်ခွဲခန်းထဲ ဝင်ကြရသည်။ (စာ ၂၈)
  • လေ့လာထားသည်များကို အတန်းထဲတွင် ပြန်ပြီး ရှင်းလင်းကြရသည်။ (စာ - ၃၃)
  • ကျောင်းစာကို ပျော်စရာကောင်းအောင် သင်ခြင်းနှင့် ကျောင်းသားများကို ပညာသင်ယူလိုစိတ် ရှိစေရန် စွဲဆောင်နိုင်ခြင်း (motivation) သည် ဖင်လန်ပညာရေး၏ အဓိကကျသော အချက်ဖြစ်သည်။ (စာ - ၄၅)
  • (ဆရာပြောတာ နားထောင်) ဆိုသည့် ပညာရေးထက် (မင်းတို့ပြောတာ ဆရာနားထောင်မယ်) ဟု ပညာရေးကို ထက်အောက်ပြောင်းပြန် ပြောင်းလဲလိုက်နိုင်ခြင်းမှာ ဖင်လန်ပညာရေး အောင်မြင်ရန်နှင့် တီထွင်အားကောင်းသည့် ကျောင်းသားကျောင်းသူများကို များစွာပေါ်ထွက်သည့်လမ်းကြောင်းပေါ် ရောက်လာစေခြင်း ဖြစ်သည်။ (စာ - ၄၇)
  • သင်ကြားသင်ယူမှုဖြစ်စဥ်တွင် Project သည် အရေးကြီးသည်။ ပရောဂျက်ကို အခြေခံပြီး လုပ်ကြသည်။ ပရောဂျက်ကို ဆရာတွေနှင့် တပည့်တွေပေါင်းလုပ်ကြသည်က များသဖြင့် ပရောဂျက်အခြေခံပညာရေးဖြစ်သည်။ သင်ရိုးညွှန်းတမ်းသည် ပရောဂျက်များကြားတွင် မှေးမှိန်ကွယ်ပျောက်သွားတတ်သည်။ (စာ - ၅၄)
  • သင်ယူမှုသည် ယခင်ကလည်း ကျောင်းလာ အတန်းထဲတွင် ထိုင်ဆိုသည့် အနေအထားတွင် မရှိတော့ပေ။ ကျောင်းသားအားလုံးသည် Worshop များထဲတွင် ရှိနေမည်။ Project တွေ လုပ်နေမည်။ စက်မှုလက်မှုလုပ်ငန်းခွင်များထဲတွင် ရှိနေပြီး တီထွင်ဖန်တီးနေကြပေလိမ့်မည်။  (စာ - ၁၂၀)

စာမေးပွဲစနစ်
  • ဖင်လန်တွင် အခြေခံပညာကျောင်းများ၌ စာမေးပွဲများ ကျင်းပခြင်း လုံးဝ မရှိပေ။ (စာ - ၁၄)
  • စာမေးပွဲ မရှိသလို အဆင့်သတ်မှတ်ချက်လည်း မရှိ၊ ပြိုင်ဆိုင်မှုလည်း မရှိ၊ ထူးချွန်စံပြကျောင်းသားဆိုသည်လည်း မရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။​(စာ - ၁၇)
  • အထက်တန်းအဆင့် နောက်ဆုံးနှစ်တွင် စစ်ဆေးသည့် National Matriculation Exam စာမေးပွဲတစ်ခုပဲ ရှိသည်။ တက္ကသိုလ်တက်ရာ၌ အဆင်ပြေစေရန်အတွက် ဖြစ်သည်။ (စာ - ၁၇၅)

ပညာရေးစနစ်
  • တက္ကသိုလ်တက်လျှင် အခမဲ့။ စာအုပ်၊​ ကားခ၊ ထမင်းတို့ကိုပင် အခမဲ့ကျွေးထား (စာ - ၁၄)
  • ကျောင်းများတွင် နေ့လယ်စာ အခမဲ့ကျွေးသည်။ မူကြိုတန်းများတွင် ဘူဖေးစနစ် ကျင့်သုံး (စာ - ၉၄)
  • ဖင်လန်ကလေးတွေ Grade 1 အရွယ်ကစပြီး ကျောင်းကို အစိုးရက စီစဥ်ပေးထားသည့် ဘတ်စ်ကားတွေနှင့် လာသည်။ မည်သည့် မိဘကမှ လိုက်မပို့ပေး။ (စာ - ၅၁)
  • ကျောင်းသားများအား မည်သို့လေ့လာရမည်ဆိုခြင်းကို လမ်းပြထားတယ်။ မည်သို့ စာမေးပွဲစစ်မည်ဟု မပြော။ (စာ - ၁၉)
  • ပြိုင်ဆိုင်မှုသည် သာမည၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပဓာန။ သူတို့ပညာရေးစနစ်က ကျောင်းရောက်သည်နှင့် ပြိုင်ဆိုင်မှုထက် ပူးပေါင်းကာ အတူတကွ ဆောင်ရွက်ပြီး ပြဿနာနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံများအား သင်ကြားပေးသည်။ (စာ - ၂၆)
  • ကျောင်းစတက်ရမည့်အသက်က ၇ နှစ်ဟု သတ်မှတ်ထားသည်။ တစ်နေ့ စာသင်ချိန်ကလည်း နည်းနည်းလေး ရှိသည်။ ကျောင်းပိတ်ရက်ကလည်း များသည်။ အိမ်စာကို ပါသည်ဆိုရုံလောက် ပါသည်။ ပါလာလျှင်လည်း နောက်တစ်နေ့အတွက် ကြိုတင်စဥ်းစား တွေးခေါ်လာရသည်က များသည်။ စာမေးပွဲစနစ် လုံးဝ မရှိ။ ထို့ပြင် ကမ္ဘာတွင် ပညာရေးကျွမ်းကျင် ဆရာ၊ ဆရာမ အများဆုံးရှိနေသည့် နိုင်ငံလည်း ဖြစ်နေသည်။ (စာ ၃၃)
  • ဖင်လန်တွင် ပုဂ္ဂလိကကျောင်း မရှိ။ ပုဂ္ဂလိကပညာရေးစနစ် မထွန်းကားစေရန် အစိုးရကိုယ်တိုင်က ကျောင်းများကို ဝိုင်းကြီးချုပ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခိုင်းထားသည်။ (စာ - ၄၁)
  • ဝေဖန်ဆန်းစစ်နိုင်စွမ်း (critical thinking)၊ ပြဿနာ အခက်အခဲများကို ဖြေရှင်းနိုင်မှု (problem solving) (စာ - ၄၆) လွတ်လပ်စွာ ထုတ်ဖော်ခွင့် (freedom of expression) (စာ - ၄၇)၊ Phenomenon-based learning (စာ - ၁၀၈)
  • Soft Skills: Critical thinking, collaboration, Creativity (C သုံးလုံး) (စာ - ၁၁၆)
  • ပြိုင်ဆိုင်မှု ဦးစားမပေး ပညာရေး (not a competitive one) ဖြစ်အောင် လုပ်ယူ။ သူတို့ပညာရေးကို ပူးပေါင်းလုပ်ဆောင်လိုစိတ် (cooperative venture) ဖြစ်လာအောင် လုပ်ယူသည်။ (စာ - ၅၁)
  • ဖင်လန်ပညာရေးစနစ်ကို နည်းယူသည့် ဗိယက်နမ်။ ၂၀၁၉ ခုနှစ်မှာ စတင် (စာ - ၆၀)
  • ဖင်လန်ပညာသင်ကြားရေးစနစ်သည် သင်ယူသူဗဟိုပြုစနစ်  (Learner-centeredness) ဖြစ်သည်။
  • ဘာသာရပ်များကို ပြဋ္ဌာန်းမထားဘဲ ကျောင်းသား သင်ချင်သည့် ဘာသာရပ်ကို သင်ပေးသည်။ ကျောင်းရောက်လာလျှင် ဖတ်စာအုပ်ဖွင့် ဘာသင်မည်ဆိုကာ ဆရာများက ပြောခြင်းထက်၊ ကျောင်းသားက သူဘာကို သင်ယူလိုသည်ဟု ပြောခြင်းဖြင့် စတင်လိုက်သည်။ (စာ - ၁၂၂)

ဖင်လန်စာသင်ခန်း
  • အသံများ ဆူညံစွာ မထွက်နိုင်သည့် အခန်းများကို ဖော်ဆောင်လျက်ရှိသည်။ "အခန်းတွေထဲက ကုလားထိုင်တွေက အားလုံး အပျော့စားတွေချည်းပဲ၊ ဆိုဖာကူရှင်တွေ၊ လှုပ်ကုလားထိုင်တွေ ချပေးထားတယ်။ ထိုင်စရာတွေကို ရွှေ့ပြောင်းနိုင်တယ်။ ဘာအသံမှ ထွက်မလာနိုင်ဘူး။ သီးခြားဆွေးနွေးချင်ရင် ခန်းဆီးလေးတွေကို ကိုယ့်ဘာသာကိုယ် ဆွဲဖြန့်လိုက်ရုံပဲ" ဟု သူက ဆိုသည်။ (စာ - ၅၈)

ကျောင်းဆရာများ 
  • ဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်လိုသူများအား သာမန်အရည်အချင်းလောက်နှင့် လက်မခံပေ။ အနည်းဆုံး မာစတာဒီဂရီလောက်ရှိမှ လုပ်ကိုင်ခွင့် ပြုထားသည် (၁၉၇၉ ခုနှစ်မှစ၍ - စာ ၁၁၃)။ ကျောင်းဆရာအလုပ်ကို ဆရာဝန်နှင့် ရှေ့နေ့များနည်းတူ တစ်တန်းတည်းထားကာ ဦးစားပေးလေ့ရှိသည်။ (စာ - ၁၃)
  • ဆရာတွေ အရည်အချင်းရှိတယ်။ အနည်းဆုံး မာစတာဒီဂရီ ရှိရမယ်။ သေချာလေ့လာသုံးသပ်ပြီး ခန့်တယ်။ ကျောင်းသားအရေအတွက် နည်းနည်းနဲ့ ဆရာက ကျောင်းကို သိအောင်လုပ်ထားတယ်။ တစ်ဦးချင်း အရည်အသွေးနဲ့ လေ့လာမှုပုံစံတွေကို ဆရာက သိရှိအောင် လုပ်စေတယ်။
  • ဖင်လန်ပညာရေး အောင်မြင်မှုသည် (Educated, Skilled, Motivated) ဖြစ်သည့် ဆရာတွေ ပေါများနေခြင်းမှာ အဓိကအချက်ဟု ဆိုနိုင်သည်။
  • ဗြိတိန်မှာ စောင့်ကြည့်အဖွဲ့က ဆရာများ၊ ကျောင်းများကို စောင့်ကြည့်။ ဖင်လန်မှာ မရှိ။ (စာ - ၁၄)
  • ကျောင်းသားအရေအတွက် နည်းနည်းနဲ့ ဆရာက ကျောင်းကို သိအောင်လုပ်ထားတယ်။ တစ်ဦးချင်း အရည်အသွေးနဲ့ လေ့လာမှုပုံစံတွေကို ဆရာက သိရှိအောင် လုပ်စေတယ်။ (စာ - ၁၉)
  • ဖင်လန်နိုင်ငံတွင် ဆရာတစ်ဦးဖြစ်လာရန်အတွက် သာမန်ဘွဲ့လောက်နှင့် မရ။ မာစတာဘွဲ့တစ်ခုလောက် အနည်းဆုံးရလာသူများကိုသာ ခန့်လေ့ရှိသည်။ ဆရာများကို အမြဲသင်တန်းပေးပြီး လေ့လာသင်ယူနေစေခြင်းမှာ ဖင်လန်ပညာရေးကို အောင်မြင်စေသည့် အကြောင်းတရားများ ဖြစ်သည်။ အထူးသဖြင့် စာအုပ်ထဲက ပါသည့်စာများကို သင်တတ်သူကို သူတို့က ဆရာဟု မယူဆ။ သင်ကြားနည်းများကို အမြဲဆန်းသစ်စေရန် ဖော်ဆောင်ပြနေသူကို ဆရာဟု သတ်မှတ်ကြသည်။ (စာ - ၂၇)
  • ဖင်လန်မှ ဆရာတွေကို သင်တန်းပြီးမှ လက်ခံတာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဆရာတွေကို ပရော်ဖက်ရှင်နယ်ပုံစံ မပေါက်ရင် ခန့်ကို မခန့်တာ" ဟု NCEE (National Center on Edcation and the Economy) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့ကြောင့် ဖင်လန်ဆရာများကို ကြည့်လိုက်လျှင် Master အဆင့်တွေက အနိမ့်ဆုံး ဖြစ်နေကြသည်။ (စာ - ၇၄)
  • ကလေးများ အတက်တန်းသွားလျှင်လည်း ဆရာပါ ထိုအတန်းသို့ လိုက်သွားရသည်။ ကလေးများအကြောင်းကို ပိုမိုသိရှိ၍ သူတို့၏ ပညာရေးကို အထောက်အကူပြုရန် ဖြစ်သည်။ (စာ - ၁၁၄)
  • ဒစ်ဂျစ်တယ်ခေတ်တွင် ဆရာဆိုသည်မှာ တပည့်များနှင့် ပူးပေါင်းပြီး သိလိုသည်ကို လမ်းညွှန်သူဘဝသို့ ပြောင်းနေပြီးကို သိထားရန် လိုပါသည်။ ဆရာသည် ကျောင်းသားများကို Activating နှင့် Guiding  လုပ်ရန်သာ ဖြစ်သည်။ ကျောင်းသားတွေက သင်ယူနေချိန်တွင် (active agent) များ ဖြစ်ရမည်ဟု သူတို့က သတ်မှတ်ထားသည်။ (စာ - ၁၁၉)
  • ဖင်လန်နိုင်ငံ အတန်းတိုင်တွင် ကျောင်းသားတိုင်း၏ အဆင့် (grading) ကို သူတို့ဆရာတွေက သတ်မှတ်သည်။ တစ်ဦးချင်း၏ လုပ်ဆောင်နိုင်စွမ်းများကို စောင့်ကြည့်အကဲဖြတ်ပြီး သတ်မှတ်ထားခြင်း ဖြစ်သည်။​ ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသားတစ်ဦး၏ တိုးတက်မှုဖြစ်စဥ်မှတ်တမ်းကို ဆရာအား စောင့်ကြည့်ခိုင်းထားသည်။​ ကျောင်းများတွင် အကဲဖြတ်မှတ်တမ်းများကို ပေးထားသည်။ (စာ - ၁၇၅)
  • ကျောင်းကို စတက်ကတည်းက ကလေးတစ်ယောက်ကို ဆရာတစ်ယောက်တည်းက ၆ နှစ်တိုင် ဆက်တိုက်သင်ကြားပေးခြင်းကို ခံရမည် ဖြစ်သည်။ ဆရာသည် ၆ နှစ်တိုင် ကလေးကို ကိုင်တွယ်နေရသဖြင့် ဆရာဆိုသည်မှာ သူတို့အတွက် မိဘတစ်ဦးလောက်နီးပါး ဖြစ်နေပြီး ချစ်ခင်တွယ်တာနေကြသည်။ (စာ - ၁၇၉)


ဖင်လန်ပညာရေး၏ ထူးခြားချက်များ (စာ ၃၇)
  1. စာသင်ကြားသည့်အလုပ်ကို အလွန်လေးစား တန်ဖိုးထားပြီး လစာကလည်း မြင့်မားစွာ ပေးကာ ဆရာများကို ချီးမြှောက်ထားသည်။
  2. ကျောင်းစစ်ဆေးရေးမရှိ၊ ဆရာများကို အကဲဖြတ်စစ်ဆေးခြင်းဆိုသည်အဖွဲ့လည်း မရှိ။
  3. ကျောင်းတွင် စနစ်များသည် ဗဟိုက ချုပ်ကိုင်သောစနစ်ဖြစ်ပြီး ကျောင်းအများစုမှာ အစိုးရအထောက်အပံ့ဖြင့် ရပ်တည်နေကြရသည်။ 
  4. ကျောင်းတက်ချိန် တိုတောင်းသည်။ နွေကျောင်းပိတ်ရက်ကိုလည်း ၁၀ ပတ်ခန့် ပေးထားသည်။
  5. ကလေးများကို ဆရာကိုယ်တိုင် အကဲဖြတ်သည်။ စာမေးပွဲစနစ်မရှိ။ တက္ကသိုလ်ဆက်တက်ချင်မှ စာမေးပွဲရှိသည်။ (အသက် ၁၅ နှစ်ခန့်ကျမှသာ)
  6. ကျောင်းတစ်ကျောင်း၏ ကျောင်းသားအများဆုံး လက်ခံနှုန်းမှာ ၁၉၅ ယောက်သာ ဖြစ်သည်။ စာသင်ခန်းတစ်ခန်းတွင်လည်း ၁၉ ယောက်သာ ထားသည်။
  7. ပညာရေးစနစ် အောင်မြင်ရခြင်းမှာ စာရေး၊ စာဖတ်ကို အလွန်တန်ဖိုးထားခြင်း၊ လူဦးရေကလည်း မနည်း မများ ဖြစ်နေခြင်းတို့နှင့်လည်း သက်ဆိုင်သည်။ 
  8. ပညာရေးတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသော်လည်း ကမ္ဘာ့ PISA စာမေးပွဲစနစ်တွင် အခြားနိုင်ငံများလောက် မြင့်မားခြင်းမရှိ။ (အဆင့် ၁၂, ၂၀၁၅ ခုနှစ် - စာ ၉၂)  (PISA အဆင့် ပထမ - စာ - ၅၀)
  9. အခြားနိုင်ငံများကဲ့သို့ပင် ပညာရေးတွင် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့နိုင်မှု အခက်အခဲများကို ရင်ဆိုင်နေရခြင်း၊ နိုင်ငံခြားမှ ပြောင်းရွှေ့လာရောက်နေထိုင်သူများ အလွန်များပြားနေခြင်းများနှင့် ရင်ဆိုင်နေရသည်။
  10. KG သင်မည့် ဆရာများ အနည်းဆုံး ဘွဲ့တစ်ခုရ၍ ဆရာဖြစ်သင်တန်း သုံးနှစ်တက်ရသည်။ (စာ - ၁၃၄) KG ဆရာကောင်းတစ်ဦးသည် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းရမည်၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိရမည်ဆိုသည့် အချက်နှစ်ချက်ကို ဦးစားပေးပြီး ပိုင်းဖြတ်ကြောင်း တွေ့ရသည်။ ထို့ပြင် မည်မျှ တီထွင်ဖန်တီးနိုင်စွမ်းရှိသနည်းဆိုသည့် အချက်ဖြင့်လည်း ပိုင်းဖြတ်သည်။ ပိုပြီး အရေးကြီးသည့်အချက်မှာ ကလေးပြောသမျှ မည်မျှ နားထောင်ပေးနိုင်စွမ်း ရှိသနည်းဆိုသည့် အချက် ဖြစ်သည်။ ကလေးကို စိတ်ရှည်စွာဖြင့် နားလည်မှုပေးပြီး ဆက်ဆံပြောဆိုနိုင်သူကိုသာ ဦးစားပေးပြီး KG ဆရာ ခန့်လေ့ရှိသည်။ (စာ - ၁၃၅)

No comments:

Post a Comment